DVB Logo
Home
မြန်မာသတင်း
စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၉၃၀ နီးပါးရှိဟု အေအေပီပီ ပြော
DVB
·
June 11, 2022
စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၉၃၀ နီးပါးရှိဟု အေအေပီပီ ပြော
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်းအပြစ်မဲ့ ကျဆုံးပြည်သူ ၁,၉၂၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၀၆၁ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇွန် ၁၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၀၀၄ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက အယောက် ၁,၁၂၀ ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၃ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၄ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၁ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၀၃၆ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် မေလကုန်အထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၆၁၇ ထက်မနည်း ရှိခဲ့တယ်လို့လည်း အေအေပီပီက ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ဘိုတဲကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်က ပြီးခဲ့တဲ့ ဇွန် ၈ ရက်က ဝင်ရောက်စီးနင်းခဲ့ပြီး အသက် ၁၈ နှစ်အရွယ် ကိုဇေယျာခိုင်ကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်းသိရှိရပါတယ်။ ကျေးရွာအတွင်းကို ဝင်ရောက်စီးနင်းနေချိန်အတွင်း ကိုဇေယျာခိုင်မှာ တိမ်းရှောင်နေခဲ့ပြီး သေနတ်သံတွေငြိမ်သွားတာကြောင့် ဗိုက်ဆာလို့ အိမ်ပြန်သွားရာမှ အဆက်အသွယ်ပြတ်သွားခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ ပျူစောထီးတွေက ဇွန် ၉ ရက်က ဝင်ရောက်စီးနင်းခဲ့ပြီး အဆိုပါကျေးရွာမှာ နေထိုင်တဲ့ အသက် ၇၀ အရွယ် ဒေါ်အေးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013