DVB Logo
Home
Lead Story
စစ်အာဏာရှင်ခေတ် ပြည်သူများ၏ ဆင်းရဲတွင်းနွံ
DVB
·
June 6, 2022
စစ်အာဏာရှင်ခေတ် ပြည်သူများ၏ ဆင်းရဲတွင်းနွံ
Donate to DVB

စစ်အာဏာသိမ်းပြီးနောက် ဒုက္ခမျိုးစုံ ခံစားနေရသော မြန်မာပြည်တွင် အခြေခံလူတန်းစားတို့၏ ကြွေးမြီကိစ္စသည်လည်း တစ်ခု အပါအဝင် ဖြစ်သည်။ သွားရေးလာရေး မလုံခြုံမှု၊ ညရေးညတာ စိုးရိမ်ထိတ်လန့်ရမှု၊ ကုန်စျေးနှုန်း၊ စက်သုံးဆီစျေးနှုန်း ကြီးမြင့်မှုတို့နည်းတူ တနေ့ထက်တနေ့ ကျပ်တည်းလာသော ပြည်သူများအတွက် အကြွေးကိစ္စသည်လည်း မဖိတ်ခေါ်ဘဲနဲ့ ရောက်လာသည့် ဆင်းရဲဒုက္ခတစ်မျိုး ဖြစ်သည်။ တနည်း၊ စစ်အာဏာသိမ်းမှုမှ ရိုက်ခတ်လာသော သွယ်ဝိုက်သည့် ထိခိုက်မှုများလည်း ဖြစ်ကြပေသည်။

 ဆင်းရဲတဲ့တိုင်းပြည်

မြန်မာပြည်သည် မြေပေါ်၊ မြေအောက် သယံဇာတ  ပေါကြွယ်ဝသည်ဟု ဆိုကြသည်။ မည်သို့ဆိုစေ ယင်းသယံဇာတများကိုကား ပြည်သူအများစုကြီးက မည်သည့်အခါကမျှ ခံစားခွင့်မရခဲ့ပေ။ တိုင်းပြည်ကို ဖျက်ဆီးခဲ့‌သည့် လက်တစ်ဆုပ်စာ စစ်အာဏာရှင်များနှင့် ၎င်းတို့၏ အပေါင်းအပါများကသာ လက်ဝါးကြီးအုပ်ကာ ခေတ်အဆက်ဆက် ချမ်းသာလာကြသည်။ ပြည်သူအများစုမှာတော့  သယံဇာတကြွယ်ဝသည် ဆို‌သည့် တိုင်းပြည်အတွင်း နေထိုင်ရင်း ဖောင်စီးရင်း ရေငတ်နေကြရသူများလည်း ဖြစ်ကြသည်။ ထိုအထဲတွင် တနေ့လုပ်မှ တနေ့စားရသည့် အောက်ခြေလူတန်းစားထုမှာ အဆိုးဆုံးပင် ဖြစ်သည်။

 အသေးစားငွေချေးလုပ်ငန်းများ

ထိုအခြေခံလူတန်းစားထုကြီးမှာ မိမိဝမ်းရေးအတွက် လုပ်ကိုင်ရာတွင် မည်မျှပင် ပင်ပန်းခက်ခဲသည် ဆိုစေ၊ မိမိ လုပ်နိုင်ကိုင်နိုင်တုန်းရှိပါက တနေ့စာ တနေ့ရှာရသည်မှာ ကိစ္စမရှိ။ သို့သော် လူတစ်ခု၊ ပူမှုရယ်တဲ့ ဆယ်ကုဋေ ဆိုသည့်အတိုင်း ကျန်းမာရေး၊ သားသမီး ပညာရေးနဲ့ တခြားကိစ္စတို့ ရှိလာလျှင် သူတို့မှာ ဘေးကြပ်နံကြပ် တွေ့ရတော့သည်။ ငွေကြေး လိုအပ်လာသည်။ သူတို့မှာ သူဌေးတွေလိုလည်း စုမိဆောင်းမိ ငွေမရှိ။ မိမိ၏ မရှိမဲ့ရှိမဲ့ပစ္စည်းများကို ပေါင်နှံရောင်းချကာ ငွေလိုအပ်ချက်အတွက် ဖြည့်ဆည်းကြရသည်။ ဘာပစ္စည်းမှ မရှိရင်တော့ ငွေချေးကြရတော့သည်။ ထုံးစံအတိုင်း ရပ်ကွက်ထဲက ငွေတိုးချေးစားသူမျာထံမှ ချေးယူကြရသည်။ ငွေချေးကြသည် ဆိုရာတွင် ငွေအရင်းချည်သက်သက် မဟုတ်။ အတိုးနှုန်းက ရှိသေးသည်။ အတိုးနှုန်းကလည်း ၁၀ ရာခိုင်နှုန်း အနိမ့်ဆုံးဖြစ်သည်။ တချို့ဆိုလျှင် အတိုးနှုန်းက အဆမတန် များပြားသည်မို့ အဲဒီ အတိုးနှုန်း ပြန်ဆပ်ရတာနဲ့ပင် အကြွေးသံသရာ လည်နေကြပေသည် ။

ထိုသို့ အတိုးနှုန်းကြီးသည့် ပြဿနာကို ရင်ဆိုင်နေရသော အခြေခံလူတန်းစားများအတွက် ၂၀၁၅-၂၀၁၆ တွင် အားထားစရာတစ်ခု ပေါ်လာသည်။ ယင်းမှာ အခြားမဟုတ်။ အသေးစား ငွေချေးလုပ်ငန်းများ ဖြစ်သည်။ အတိုးနှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်းသာ ပေးရသည့်အတွက် ရပ်ထဲ ရွာထဲက ငွေတိုးနှုန်းများနှင့်စာလျှင် အတော်ကြီးသက်သာသည်။ အတိုးနှုန်း ကြီးမြင့်သည့်ဒဏ်ကို ရင်ဆိုင်နေရသော အခြေခံလူတန်းစားအကြား စိတ်ဝင်စားမှု မြင့်တက်လာခဲ့သည်။ သို့နှင့်အမျှ ထိုလုပ်ငန်းများသည် မြို့ကြီးများတွင်မက မြို့နယ်များအထိပင် ကျယ်ပြန့်လာခဲ့သည်။ ထိုချေးငွေများဖြင့် မိမိတို့၏ ကျပ်တည်းမှုများ၊ ငွေကြေးလိုအပ်ချက်များကို ဖြေရှင်းကြရသည်။ မည်သို့ဆိုစေ အရင်ကထက်စာလျှင်တော့ တော်သေးသည်ဟု ဆိုရပါမည်။

ကိုဗစ်ကာလ

သို့တိုင် ၂၀၂၀တွင် မထင်မှတ်ဘဲ ကိုဗစ်ကပ်ဘေး ဖြစ်လာခဲ့သည်။ စီးပွာရေးထိခိုက်မှုတို့က မြန်မာတွင်ရော ကမ္ဘာတလွှား၌ပါ ဖြစ်ပွားလာခဲ့သည်။ ထိုသို့ စီးပွားရေးထိခိုက်မှုကို ပထမဆုံး ခံစားရသည်မှာ အခြေခံလူတန်းစားတို့ပဲ ဖြစ်သည်။ ဤသို့ တခါမှ မကြုံဖူးသော ကိုဗစ်ကပ်ရောဂါကြောင့် အခြေခံလူတန်းစားများအတွက် အလုပ်အကိုင်တွေ ရပ်နားရပြီး စားဝတ်နေရေးမှာလည်း အခက်အခဲဖြစ်လာသည်။ ကိုဗစ်က လူပေါင်းများစွာ၏ အသက်ကို ဖျက်ဆီးပစ်ခဲ့သလို အောက်ခြေလူတန်းစားတို့၏ ထမင်းအိုးကိုလည်း လှုပ်ယမ်းသွားစေတော့သည်။

သို့သော် ဒီကပ်ရောဂါအတွင်း တော်သေးသည်ဟု ဆိုရမည်မှာ ထိုစဉ်က ပြည်သူ့အစိုးရသည် ကိုဗစ်ကာလအတွင်း အခက်အခဲကြုံရသည့် ပြည်သူများကို ဆန်၊ ဆီ၊ ဆားနှင့် ငွေကြေးများ အလျဉ်းသင့်သလို ထောက်ပံ့ခဲ့သည်။ ထို့အပြင် မည်သည့်ဝင်‌ငွေမျှ မရှိတော့သော အခြေခံလူတန်းစားများအတွက် အသေးစားငွေချေးကုမ္ပဏီများကိုလည်း ကိုဗစ်ကာလ၌ ချေးငွေကောက်ယူခြင်းများ ခေတ္တရပ်နားရန်၊ ညှိနှိုင်းဆောင်ရွက်ကြရန် ညွှန်ကြားမှုများ ပြုလုပ်ခဲ့သည်။ ခေတ်ကာလကြီး ကျပ်တည်းသည်မှာ မှန်သော်လည်း ရပ်တည်လို့တော့ ရသေးသည်။ ကုန်ဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်းတို့ကိုလည်း ပြည်သူ့အစိုးရမှ အတတ်နိုင်ဆုံး ထိန်းထားနိုင်ခဲ့သည်။ ပြည်သူ့အစိုးရအနေဖြင့် ယင်းသို့ အသက်ဘေးအန္တရာယ်ကို ကြီးကြီးမားမား ဖျက်ဆီးပစ်သော ကိုဗစ်ရောဂါကို ကာကွယ်နိုင်ရန် အရှိန်မြှင့်လုပ်ဆောင်ဖို့ ကြိုးစားရင်း၊ တဖက်ကလည်း နိမ့်ကျသွားသည့် စီးပွားရေးကို​ ပြန်လည်အရှိန်မြှင့်တင်ဖို့ ပြင်ဆင်လျက်ရှိ တုန်းမှာပင် တိုင်းပြည်ကို အလုံးစုံပျက်စီးစေမည့် စစ်အာဏာသိမ်းမှု ပေါ်ပေါက်လာပါတော့သည်။ ထိုအချိန်မှစ၍ မြန်မာပြည်ရှိ အောက်ခြေလူတန်းစားထုကြီး၏ နက်သထက်နက်သည့် အကြွေးနွံထဲသို့ ဆင်းသက်ရမည့် နေ့ရက်များသည်လည်း တဖြည်းဖြည်း ရောက်ရှိလို့ လာပါတော့သည်။

စစ်အာဏာသိမ်းကာလ

လျှပ်စစ်ရထားလမ်း ဖောက်လုပ်မည်၊ တိုင်းပြည်စီးပွားရေးကို နှစ်ဆတိုးအောင် လုပ်မည်၊ တိုင်းပြည်ကြီး ငြိမ်းချမ်းနေပြီ စသဖြင့် ပေါက်ပန်းလေးဆယ် အရူးချေးပန်းနှင့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုနေစဥ်မှာပင် ပြည်သူတရပ်လုံးမှာတော့ တနေ့ထက်တနေ့ စီးပွားရေး ကျပ်တည်းမှုတို့  ပို၍ခံစားလာရသည်။ မြို့ပြရှိ အခြေခံလူတန်းစားများအတွက် အလုပ်အကိုင် ရှားပါးလာသလို ရောင်းရေးဝယ်တာ လုပ်ရသည်မှာလည်း ယခင်ကလို လုံခြုံမှုမရှိတော့။ တနေရာကနေ တနေရာကို ဈေးရောင်းထွက်ဖို့ကိုပင် လမ်းကြောင်းအခြေအနေ ကြည့်နေရသည်။ ကိုဗစ်ကာလတုန်းကထက် အဆမတန် ဆိုးရွားလို့လာပါသည်။ ဒါ့အပြင် တရိပ်ရိပ်နှင့်တက်လာသော ကုန်စျေးနှုန်း၊ စက်သုံးဆီဈေးနှုန်းက ထိုကျပ်တည်းမှုများကို မီးလောင်ရာ လေပင့်စေတော့သည်။ ဒါ့အပြင် စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းခွင်များတွင်လည်း အလုပ်သမားများ၏ အခွင့်အရေးတို့ ချိုးဖောက်ခံရကာ အလုပ်ရှင်ကြီးများ၏ မတရားသ​​ဖြင့် ခေါင်းပုံဖြတ်ခြင်း ခံနေရသည့် သတင်းများမှာလည်း နေ့စဉ်နေ့တိုင်း ကြားနေရသည်။ ပြည်သူ့အစိုးရလက်ထက် ကိုဗစ်ကာလက စီးပွားရေးကျပ်တည်းမှုတို့ အထိုက်အလျောက်ရှိခဲ့သော  တောင်သူများမှာ အခုအခါမှာတော့ မကြုံဖူးအောင်ပင် ဆင်းရဲဒုက္ခတို့ ခံစားနေကြရသည်။  ဒီနှစ်လို မိုးကောင်းနိုင်သည့်နှစ်‌ ရောက်ခါမှ စိုက်ပျိုးရေးလုပ်ငန်း‌တွေ မလုပ်ကိုင်နိုင်ကြတော့ပေ။ အကြမ်းဖက်စစ်မိစ္ဆာများ၏ ရွာလုံးကျွတ် မီးရှို့သတ်ဖြတ်နေမှုများကြောင့် မိမိတို့ဝမ်းစာအတွက် စိုက်ပျိုးနိုင်ဖို့ဝေးစွ။ အသက်နဲ့ကိုယ် အိုးစားမကွဲအောင်ပင် အနိုင်နိုင် ကြိုးစားနေရသည်။

သည်လို တောရောမြို့ပါ ကျပ်တည်းဆင်းရဲမှုတို့ ကြီးစိုးနေသော အခြေအနေမျိုးတွင်  အချို့သော အသေးစားငွေချေးကုမ္ပဏီအချို့က နူရာဝဲစွဲ လဲရာသူခိုး​ထောင်း ဆိုသလို ပြည်သူများထံမှ ချေးငွေကို ပြန်ဆပ်ဖို့ အတင်းအဓမ္မ တောင်းဆိုနေကြသည်။ မပေးနိုင်သေးလို့ ပြောရင်လည်း လက်မခံကြ။ တချို့ကုမ္ပဏီများဆိုလျှင် တရားစွဲဆို တောင်းခံကြတာမျိုးပင် ရှိသည်ဟု ကြားသိရသည်။ တချို့ကလည်း မရှိ ရှိတာ ပေါင်နှံရောင်းချပြီး ဆပ်ကြရသည်။ ပေါင်စရာ၊ ရောင်းစရာ မရှိသူတွေကတော့ မည်သို့မျှ မတတ်နိုင်။ ပေးသမျှ အပြစ်ဒဏ် ခံယူကြရသည်။  သယံဇာတ ပေါကြွယ်ဝသည် ဆိုသည့် မြန်မာပြည်ကြီး၏ ရင်နာစရာ အဖြစ်အပျက်များပင်။

ဆိုရလျှင်   မြန်မာပြည်ရှိ အောက်ခြေလူတန်းစားတွေအတွက် လက်ရှိ စစ်အာဏာရှင်ခေတ်သည် စိတ်ရောကိုယ်ပါ ဒုက္ခအရောက်ဆုံးကာလတစ်ခု ဖြစ်ပေတော့သည်။

တင်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013