
တခါတရံ မဂ္ဂဇင်းတချို့တွင် ကဗျာရွတ်ပွဲများအကြောင်းကို ဖတ်ရသည်။ ထိုအခါ ကဗျာရွတ်ဆိုသည့် အလေ့အကျင့် အနည်းအကျဉ်းရှိလာခဲ့သူ မိမိအဖို့ အလိုလို တက်ကြွရွင်လန်းနေမိသည်။ မဂ္ဂဇင်းထဲတွင်ပါသည့် ကဗျာရွတ်ပွဲများကို စိတ်ကူးနှင့် မြင်ကြည့်သည်။ စိတ်နားနှင့် ထောင်ကြည့်သည်။ ကဗျာရွတ်ဆိုနေကြသူများ၏ ကိုယ်ဟန်အမူအရာများကို စိတ်ကူးဖွဲ့ကြည့်သည်။ ရွတ်ဆိုကြသည့် ကဗျာများထဲ၌ မိမိ ကျက်မှတ်မိပြီး ကဗျာ ပါဝင်ပါက ကိုယ်တိုင် ကဗျာဝင်ရွတ်နေသလို စိတ်လှုပ်ရှားရသည်။ ကဗျာ တပိုင်းတစကို ပါးစပ်က အလိုလို ရွတ်ဆိုမိလျက်သား ဖြစ်ရသည်။ ကဗျာရွတ်ပွဲတွင် ပါဝင်ရွတ်ဆိုသူများ၏ ရင်ခုန်မှုအရှိန်အဟုန်များမှာ မီးတောက်တစ်ခုက တခြားမီးတောက်တစ်ခုဆီ ယိမ်းထိုး ကူးယှက်သွားသလို မိမိထံထိ ယှက်ပူးဝင်လိုက်ကြခြင်းဖြစ်ဟန်တူလေသည်။
အမှန်စင်စစ် ကဗျာရွတ်ဆိုခြင်း အလုပ်ကို မိမိကိုယ်တိုင်က အသိရှိရှိနှင့်စတင် ဆောင်ရွက်လိုက် နိုင်ခဲ့ခြင်းတော့ မဟုတ်ချေ။ ၁၉၉၃ ခု၊ မာနယ်ပလော၌ ကျင်းပသည့် စာဆိုတော်နေ့ အခမ်းအနားတွင် ရှုဒေါင့်ဂျာနယ်အယ်ဒီတာဟောင်း (ဦး)ဝင်းခက်က “မနက်ဖြန်ကျရင် ဒီကဗျာကို ရွတ်ပေးစမ်းပါကွာ”ဟု ဆိုခြင်းဖြင့် မိမိမှာ ကဗျာရေးသူအဖြစ်မှ ကဗျာရွတ်သူအဖြစ်သို့ ဖျတ်ခနဲ ကူးပြောင်းရောက်ရှိသွားခဲ့ရ၏။
ရွတ်ဆိုရမည့်ကဗျာက ဆရာမောင်သော်က၏ “မီးခြစ်တစ်ဆံ”ကဗျာ ဖြစ်သည်။ စကားပြောခွက်ရှေ့ကို ရောက်သည်အထိ မည်သည့်အသံအနေအထားနှင့် ရွတ်ဆိုရမည် ဆိုသည်ကို ရွေးချယ် မဆုံးဖြတ်နိုင်သေး။ ကံအားလျော်စွာ ကဗျာအကြောင်းအရာကို ရုတ်တရက် တွေးမိကာ လက်သီးကိုဆုပ် အသံကိုမြှင့်ပြီး အော်ဟစ်လိုက်မိသည်။
“အနှစ်နှစ်ဆယ်တဲ့လားဟေ့...”ဆိုပြီး အော်ဟစ်လိုက်သည့် မိမိအသံမှာ ကရင်လူငယ်အစည်းအရုံး ခန်းမဆောင်အတွင်း ပဲ့တင်ထပ်မျှ ဟိန်းသွား၏။ ရုတ်တရက်ဆိုသလို ခန္ဓာကိုယ်တစ်ခုလုံး သွေးများ ပူလောင်ဆူပွက်လာပြီး ကျန်ကဗျာပိုဒ်များကို အလိုလို ရွတ်ဆိုမိလျက်သား ဖြစ်သွား၏။ မိမိ၏ ခံစားမှုအရှိန်အဟုန်များ လေထဲတွင် ခုန်ပေါက်ပြေးလွှားနေစဉ် လက်ခုပ်သံများ ထွက်ပေါ်လာခဲ့၏။ ဆက်လက်ရွတ်ဆိုရန် ကဗျာစာသား မရှိတော့သည့်တိုင်၊ ကဗျာရွတ်ဆိုသံ ရပ်ဆိုင်းသွားသည့်တိုင် ဖြန့်ထွက်ဝေးကွာသွားနေသည့် စိတ်အလျင်များကို မိမိမှာ ပြန်လည်ရုပ်သိမ်းလို့ မရနိုင်သေး။ မိမိ၏ စိတ်အလျင်မှာ ရှေ့တွင်ထိုင်နေသည့် လူအုပ်၏ နှလုံးသားကို ဒိုးယိုပေါက် ထွင်းဖောက်သွားခဲ့၏။ မိမိ၏စိတ်အလျင်များကို ပြန်လည်ရုပ်သိမ်း ထိန်းချုပ်လာနိုင်သောအခါမူ မျက်လုံးအိမ်များထဲ၌ မျက်ရည်များနှင့် မှုန်ဝါးနေလေတော့သည်။
၁၉၉၄ ခုနှစ်တွင် ပြည်ပအသံလွှင့်ဌာနတစ်ခု၌ အပတ်စဉ် ပုံမှန်အစီအစဉ်တစ်ခုကို အသံလွှင့်ခွင့်ရ၏။ ထိုအခါ တပတ်လျှင် တစ်ကြိမ် ကဗျာရွတ်ဆိုရသည့်သဘော ဖြစ်လာ၏။ ၁၉၉၃ ခုနှစ် “မီးခြစ်တစ်ဆံ” ကဗျာကို ရွတ်ဆိုစဉ်က ကဗျာအကြောင်းအရာကိုတွေးမိပြီး အများစိတ်ဝင်စားအောင် ရွတ်ဆိုနိုင်ခဲ့သည့် အတွေ့အကြုံအရ၊ အသံလွှင့်ဖို့ ရွေးချယ်ထားသည့် ကဗျာများကို အဓိပ္ပာယ်နားလည်သည်ထက် နားလည်ရန် အကြိမ်ကြိမ် အထပ်ထပ်ဖတ်၏။ အဓိပ္ပာယ် နားလည်လျှင် အဓိပ္ပာယ်ကို ရိပ်စားမိလျင် ကဗျာဖတ်သည့်အခါ ပိုမိုအဆင်ပြေသည်ကို သတိပြုမိလာ၏။ ကဗျာဖတ်သည့်အခါ စိတ်နှင့်ဖတ်သည်ထက် အသံထွက်ဖတ်ခြင်းဖြင့် ကဗျာရွတ်ဆိုရာတွင် အလုပ်တဝက်ပြီးသလို ဖြစ်ရ၏။
အသံလွှင့်ရန် ကဗျာများကို ရွေးချယ်ရာ၌ ပထမပိုင်းတွင် ကာရန်ပါသည့် ကဗျာများကို ဖတ်လျှင် ရွတ်ဆိုရ ပိုမိုအဆင်ပြေသည်ဟု ထင်၏။ ထို့ကြောင့် ကာရန်ပါသည့် ကဗျာများကိုသာ ဦးစားပေးပြီး ရှာဖွေရွတ်ဆို၏။ သို့သော် ရွေးချယ်ထားသည့် အသံလွှင့်အစီအစဉ်ခေါင်းစဉ်က နိုင်ငံရေး နောက်ခံဖြင့် ပေးထားသဖြင့် နိုင်ငံရေး နောက်ခံရှိပြီး ကာရန်နှင့်ရေးဖွဲ့ထားသည့် ကဗျာများမှာ ရှာရဖွေရခက်ခဲလာခဲ့၏။
ထိုစဉ်က မိမိမှာ ထိုင်း-မြန်မာ နယ်စပ် မာနယ်ပလောတွင် နေထိုင်သူ ဖြစ်သဖြင့်လည်း ပြည်တွင်းမှ ကဗျာပါသည့် စာအုပ်များကို ဆက်သွယ်ရယူရန်မှာ အခက်အခဲရှိ၏။ အခြေအနေက တောင်းဆိုသဖြင့် ကာရန်မပါဘဲ ရေးဖွဲ့သည့်ကဗျာများ၊ လွတ်လပ်ကာရန်စနစ်ဖြင့် ရေးဖွဲ့သည် ကဗျာများဘက်သို့ အလိုလို ဦးလှည့်ခဲ့ရ၏။ ထိုအခါ ကာရန်မဲ့ကဗျာများမှာ ကာရန်နှင့်ရေးစပ်သည့် ကဗျာများထက် ပိုမိုအားစိုက်ရွတ်ဆိုရန် လိုအပ်ကြောင်း ထူးထူးခြားခြား သတိပြုမိလာရလေသည်။
ကာရန်မပါသည့် ကဗျာများ ကိုရွတ်ဆိုသည့်အခါ အသံ အနိမ့် အမြင့်နှင့် အသံစီးဆင်းပုံ၏ ဝိသေသကို ထိတွေ့ခွင့်ရ၏။ အသံ အနိမ့် အမြင့်နှင့် အကွာအဝေး မတြာများမှာ ပုံမှန် ပုံသေ မရှိသဖြင့် ကဗျာရွတ်ဆိုနေစဉ် အသက်ရှူနူန်းမှာလည်း ပုံမှန်ပုံသေထားပြီး အသက်ရှူလို့ မရနိုင်တော့။
ကာရန်နှင့် ရေးဖွဲ့သည့်ကဗျာများမှာမူ ကာရန်အမျိုးအစားအပေါ် မူတည်ပြီး အသက်ရှူမှု အပြင်း အပေါ့ ကွာခြားသည်မှလွဲ၍ အသက်ရှူချိန်။ ရှူနှုန်း တစ်ခုနှင့်တစ်ခု သိပ်ပြီးကွာဟမှု မရှိလှ။ မသိသာလှ။ ကာရန်ပါသည့်ကဗျာများမှာ နရီကို ချိန်တွယ်ထားသလောက် ဖြစ်၏။ ထို့ကြောင့် ကာရန်ပါသည့် ကဗျာကို ရွတ်ဆိုလျှင် သီချင်းတစ်ပုဒ်ကို လူတိုင်းလိုက်ပြီး စည်းဝါးတီးသလို အထိုက်အလျောက် လွယ်ကူ၏။
ကာရန်မဲ့ကဗျာများ၏ အသံတည်ဆောက်ပုံမှာမူ ပုံမှန်၊ ပုံသေမဟုတ်သဖြင့် ရွတ်ဆိုရာ၌ တမူ ထူးခြား သစ်လွင်နေလေသည်။
ကဗျာ ရွတ်ဆိုခြင်းပဲ ဖြစ်ပါစေ၊ ကဗျာ ဖတ်သည်ပဲ ဖြစ်ပါစေ၊ ကဗျာကို သီချင်းဆိုသလို ရွတ်ဆိုခြင်းနှင့် ဇာတ်ဟန်ဇာတ်သံနှင့် ရွတ်ဆိုခြင်းများကိုမူ ကျနော် မနှစ်သက်မိပါ။
အသံလွှင့်ဌာနမှတဆင့် ကဗျာရွတ်ခွင့်ရလာသောအခါ ဗြိတိသျှကဗျာဆရာကြီး ‘ဒီလန်တောမတ်စ်’ ကို သတိရတတ်၏။ သူက အသံလွှင့်ဌာနမှတဆင့် ကဗျာတွေ အများကြီးရွတ်ဆိုသွားခဲ့သူ ဖြစ်သည်။ ထို့ပြင် အမေရိကန်ကဗျာဆရာများ ဖြစ်ကြသည့် ‘ရောဘတ်ဖရော့ခ်’ နှင့် ‘မာယာအင်ဂျီလို’ တို့ကိုလည်း စိတ်ထဲစွဲနေ၏။ သူတို့နှစ်ဦးက အမေရိကန်သမ္မတနှစ်ဦး၏ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲများတွင် တက်ရောက် ကဗျာရွတ်ဆိုဖို့ ဖိတ်ကြားခံခဲ့ကြရသူများ ဖြစ်၏။ သူတို့တတွေ ဘယ်လို ကဗျာရွတ်သည်ကို မတွေ့မမြင်ဖူးသော်လည်း ကဗျာရွတ်ဆိုသူများ ဖြစ်သည်ဟူသည့် အသိတစ်ခုတည်းနှင့်ပင် မိမိမှာ ရင်ခုန်လို့မဆုံးချင်တော့။
လူမျိုးနှင့်ချီပြီး ကဗျာရွတ်ဆိုခြင်းနှင့် ကဗျာရွတ်ဆိုခြင်းကို နားထောင်သည့် အလေ့အကျင့်ရှိသူများမှာ ရုရှားလူမျိုးများ ဖြစ်သည်ဟု ကြားဖူး၏။
ကဗျာဆရာ ‘မာယာကော်စကီး’ နှင့် ‘ယက်ဖ်တူရှင်ကို’တို့၏ ကဗျာရွတ်ပွဲများကို ရုရှားလူမျိုး ထောင်သောင်းချီပြီး တက်ရောက်နားထောင်တတ်ကြ၏။
ကဗျာဆရာ ‘မာယာကော်စကီး’ လူပုံအလယ်တွင် ကဗျာရွတ်နေပုံ သတင်းဓာတ်ပုံထဲတွင် တွေ့ဖူး၏။ သူတို့ ကဗျာရွတ်သံများကိုမူ မကြားဖူးသေး။
၁၉၉၈ ခုနှစ်လယ်ပိုင်းက နော်ဝေနိုင်ငံမှ ထိုင်းနိုင်ငံသို့အပြန် ရုရှားနိုင်ငံ၊ မော်စကိုလေဆိပ်တွင် လေယာဉ်ပြောင်းစီးရန် ၅ နာရီမျှ ထိုင်စောင့်ခဲ့စဉ်က လေဆိပ်ထဲတွင်ရှိသည့် တိပ်ခွေနှင့် စီဒီခွေအရောင်းဆိုင်များတွင် ‘မာယာကော်စကီး’နှင့် ‘ယက်ဖ်တူရှင်ကို’ ကဗျာရွတ်ထားသည့် အသံသွင်း တိပ်ခွေများကို တွေ့လိုတွေ့ငြား လိုက်ရှာခဲ့၊ မေးခဲ့ဖူး၏။ ရှာလို့ မေးလို့ မရခဲ့။
မိမိနိုင်ငံတွင်လည်း ကဗျာရွတ်ပွဲများ ကြိုးကြားကြိုးကြား ကျင်းပသည်ကို ကြားနေခဲ့ရ၏။ သို့သော် ကဗျာဆရာများနှင့် ကဗျာချစ်သူ အနည်းငယ်မျှသာ စုဝေးကြပြီး တစ်ယောက်တစ်လှည့် ကဗျာရွတ်ဆိုကြခြင်းသာ ဖြစ်သည်။ အများပြည်သူ တက်ရောက်နားထောင်နိုင်သည့် အခွင့်အလမ်းနှင့် အလေ့အထကိုမူ ယခုအထိ မဖန်တီးနိုင်သေး။
ကဗျာရွတ်ဆိုခြင်းအလုပ်ကို ခုံမင်မိန်းမူးလာသဖြင့် ကဗျာရွတ်ပွဲများဖြစ်ပေါ်ရန်၊ လူပုံအလယ်တွင် ကဗျာရွတ်ခွင့်ရရန် ဖန်တီးချင်လာခဲ့၏။ ထို့ကြောင့် ကမ္ဘာ့ကဗျာနေ့အပါအဝင်၊ တခြား စာပေနှင့် နိုင်ငံရေးဆိုင်ရာ အခမ်းအနားများတွင် ကဗျာတက်ရောက်ရွတ်ဆိုခွင့်ရရန် အခမ်းအနား ဦးစီးကျင်းပသူများထံ ချဉ်းကပ် တောင်းဆိုမိ၏။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှ စတင်ကာ ကဗျာရွတ်ပွဲ၊ ကဗျာရွတ်ဆိုခြင်းအစီအစဉ် ပါရှိသည့် အခမ်းအနားများတွင် ကဗျာရွတ်ဆိုခွင့် ရလာခဲ့၏။ တချို့အခမ်းအနားများတွင်မူ မိမိကိုယ်တိုင်က မချဉ်းကပ်ဘဲ ကဗျာတက်ရောက် ရွတ်ဆိုပေးပါရန် ဖိတ်ကြားခြင်း ကိုလက်ခံရရှိလာခဲ့၏။ ယခုအခါ အသံလွှင့်ဌာန အပါအဝင် အခမ်းအနားပေါင်းစုံတွင် တက်ရောက်ရွတ်ဆိုခဲ့သည့် ကဗျာပုဒ်ရေ ၄၆၀ ကျော်ရှိခဲ့ပြီ။ ကဗျာရွတ်ဆိုခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးမှာ တွေးမိတိုင်း ပီတိဖြစ်ဖွယ်ကောင်းလှ၏။
ကဗျာရွတ်ဆိုခြင်းနှင့် ပတ်သက်ပြီး ရုရှား ကဗျာဆရာကျော် “ယက်ဖ်တူရှင်ကို” ပြောဖူးသည့် စကားမှာ မှတ်သားဖွယ်ဖြစ်၏။ သူက “ကဗျာရွတ်တာ နားထောင်ပြီးသူတိုင်း နားထောင်သူအဖြစ်မှ ကဗျာဖတ်သူအဖြစ်သို့ မလွဲမသွေရောက်ရှိ လာလိမ့်မယ်” ဟူ၍ ပြောဖူးလေသည်။
၂၀၀၆ ခု အောက်တိုဘာ လဆန်းပိုင်းတွင် RFA မှတဆင့် “လက်တစ်ဖက်ကို မြဲနေအောင်ကိုင်ထား” ကဗျာကို ကျနော် ရွတ်ဆိုခဲ့၏။ နှစ်ရက်ခန့်ကြာသောအခါ တယ်လီဖုန်းမြည်သံ ကြားလို့ ကောက်ကိုင်လိုက်စဉ် “လက်တစ်ဖက်က တယ်လီဖုန်းကို မြဲနေအောင်ကိုင်ထား”ဟု တစ်ဖက်မှ ကြားလိုက်ရ၏။ တအံ့တသြဖြစ်နေစဉ် “အောင်ခင် လေဗျာ” ဟူသောအသံကိုပါ ကြားရ၏။ ကျနော့်မှာ မဖော်ပြနိုင်လောက်အောင် ဝမ်းသာရသည်။ ၇ နှစ်တာမျှ အဆက်အသွယ်ပြတ်နေခဲ့သည့် ‘ဒေါက်တာအောင်ခင်’၏ အသံကို တယ်လီဖုန်းထဲမှ ကြားလိုက်ရ၍ဖြစ်၏။ သူက RFA မှာ မိမိ ရွတ်ဆိုခဲ့သည့် ခေတ်ပေါ်ကဗျာ ‘လက်တဖက်က မြဲနေအောင်က ကိုင်ထား’ ကဗျာကို ရည်ညွှန်း ပြောလိုက်ခြင်းဖြစ်၏။ တဆက်တည်းဆိုသလိုပင် ‘ဒေါက်တာအောင်ခင်’လို ကဗျာနှင့် ဝေးနေသူအဖြစ် မိမိဘက်မှ ယူဆထားသူတစ်ဦးထံမှ ‘အဲဒီကဗျာက ကာရန်မပါဘူးဗျ၊ ခင်ဗျားမို့လို့ နားထောင်ကောင်းတာနဲ့တူတယ်၊ တခြားလူဆိုရင် ပျက်သွားမှာ’ ဟု အားပေးစကား ကြားလိုက်ရ၏။ ယခုအအခါ ‘ဒေါက်တာအောင်ခင်’သည် ကဗျာနှင့်နီးလာနေပြီလောဟု ပီတိဖြစ်မိသည်။
ကဗျာရွတ်သည့်အခါ၊ ကဗျာရွတ်သံကို နားထောင်သည့်အခါ ရွတ်ဆိုရင်း၊ နားထောင်ရင်း၊ ကဗျာရွတ်သူနှင့် ကဗျာနားထောင်သူ နှစ်ဦးစလုံး စရဏကို ထိန်းကာ လေ့ကျင့်သလို ဖြစ်သွားရ၏။ ပရဟိတ္တကို ထိတွေ့ရ၏။ ဗျာပါဒကို စားသုံးမိသွား၏။ ဝိမုတ္တိကို တခဏမျှရ၏။ ငြိမ်းချမ်းရေး၏ အခြေခံယဉ်ကျေးမှုရေး အုတ်မြစ်တစ်ခု ချလိုက်သလို ဖြစ်ရ၏။
နိုင်ဂျီးရီးယား စာရေးဆရာ ကဗျာဆရာ သတင်းစာဆရာ ‘ကင်ဆာရိုဝီဝါ´ က အိုဂိုနီလူမျိုးစုများ အတွက် ဆောင်ပုဒ်တစ်ခု ဖန်တီးပေးခဲ့သည်။ သူ့ဆောင်ပုဒ်က ကကြ ကကြ သေနတ်သံတွေ တိတ်သွားတဲ့အထိ ကကြ´ ဟူ၍ ဖြစ်သည်။ မိမိအနေနှင့်လည်း ကဗျာချစ်သူများအတွက် ဆောင်ပုဒ်တစ်ခု တင်ပြချင်နေသည်။ ယင်း ဆောင်ပုဒ်မှာ ‘ရွတ်ဆိုကြ ရွတ်ဆိုကြ သေနတ်သံတွေ တိတ်သွားတဲ့အထိ ကဗျာတွေ ရွတ်ဆိုကြ’ ဟူ၍ ဖြစ်ပါသည်။
ယခုအခါ စစ်ဝါဒကျဆုံးရေး တော်လှန်တိုက်ပွဲဝင်နေကြရခြင်း၏ အန္တိမပန်းတိုင်မှာ စစ်မှန်သော ငြိမ်းချမ်းရေးပင် ဖြစ်၏။ ထို့ကြောင့် မကြာတော့သော ကာလတခုအရောက်တွင် ငြိမ်းချမ်းရေး၏ လက်နက်တစ်ခုဖြစ်သော ကဗျာရွတ်ဆိုခြင်းအမှုကို တနိုင်ငံလုံးအနှံ့ လိုက်လံရွတ်ဆိုခွင့် ရလာလိမ်မည်ဟု ယုံကြည်နေမိ၏။ ထို့ပြင် မုဆိုးရာသီ ကုန်ဆုံးပြီး လေးသံ မြားသံများ ထာဝရရပ်စဲကာ တကမ္ဘာလုံးအနှံ့ ကဗျာရွတ်ပွဲများ ကျင်းပနိုင်လျှင် ပို၍ကောင်းပေစွဟူ၍လည်း တောင့်တမိတော့၏။ ။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)