Home
ဆောင်းပါး
အာဆီယံမူ ၅ ရပ် ဖျက်မလား၊ ပြင်မလား
DVB
·
May 3, 2022

မလှုပ်တလှုပ်လေးနဲ့ အလုပ်လုပ်တယ်ဆိုရုံ မြန်မာ့အရေး အာဆီယံမူ ၅ ရပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့မှာ ၁ နှစ်ပြည့်ခဲ့ပါပြီ။ ၁ နှစ်တာကာလအတွင်း အာဆီယံမူ ၅ ရပ်ဟာ ဘာတွေ အလုပ်ဖြစ်ခဲ့သလဲလို့ မေးခွန်းထုတ်ကြည့်ပါက အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေဟာ အာဆီယံကိုရော နိုင်ငံတကာကိုပါ လူမထင်ဘူးဆိုတဲ့ အပေါက်မျိုး ချိုးပြခံရတာ သိသာထင်ရှားခဲ့တာပဲ ရှိမယ်လို့ ထင်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၁ ဧပြီ ၂၄ ရက် နောက်ပိုင်း ရက်ရက်စက်စက် သတ်ဖြတ်ပစ်တာတွေ ပိုများလာတယ်။ ဒီနေ့ဖမ်းသွားပြီး မနက်ဖြန် သေပြီဆိုရုံတင်မက အလောင်းတောင် ပြန်မရတာမျိုးတွေလည်း ပိုများလာတယ်။ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေလည်း များလာ၊ အရပ်သားတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်တာတွေကိုလည်း တွေ့လာရသလို ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးမှုဟာလည်း ၂၀၂၁ ခုနှစ် မေလမှာ အိမ် ၃ လုံးသာ ရှိခဲ့ရာကနေ ၂၀၂၂ ဖေဖော်ဝါရီမှာ  ၂၈၈၂ လုံး မီးရှို့ဖျက်ဆီးခဲ့တဲ့အထိ ပက်စက်ခဲ့ပါတယ်။

ပြောရရင် အာဆီယံမူ ၅ ရပ်ရဲ့ အဓိကအချက်တွေဖြစ်တဲ့ အကြမ်းဖက်မှု ချက်ချင်းရပ်ဖို့နဲ့ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲဖြစ်ဖို့ဆိုတာကို မင်းအောင်လှိုင်က နှုတ်အရရော လက်တွေ့ သက်သေပြချက်တွေနဲ့ ပယ်ချပြီးဖြစ်သလို လက်ရှိမျက်မြင်အရ အနာဂတ်မှာလည်း မျှော်လင့်ချက် သုညသာ ရှိမယ်လို့ ဆိုနိုင်ပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်လက်ထက်မှာ စစ်ခေါင်းဆောင်တွေကို အာဆီယံစားပွဲဝိုင်းပေါ် ပြန်ရောက်ဖို့ ဗြောင်ကျကျ ကြိုးစားလာတာ၊ မြန်မာ့အရေး အာဆီယံ အထူးသံတမန်က သူ့ရဲ့ လုပ်ပိုင်ခွင့်ထဲကနေပြီး စစ်အုပ်စုတဖွဲ့တည်းနဲ့သာ တဖက်သတ် ဆက်ဆံရေး ထူထောင်လာတာ။ စစ်အုပ်စုကို စိတ်ရှည်သည်းခံစွာနဲ့ တဆင့်ချင်း သွားရမယ်ဆိုတဲ့ အမြင်မျိုး တင်သွင်းလာတာ။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက တာဝန်ယူပြီးတဲ့နောက် အဲဒီလို မြင်ရတွေ့ရတာတွေဟာ စစ်အုပ်စု သက်ဆိုးရှည်ရေးအတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ လုပ်ပိုင်ခွင့်ထဲကနေ ပံ့ပိုးပေးနေတာလားလို့ အင်မတန် သံသယကြီးရပါတယ်။

ချုပ်ပြီးပြောရမယ်ဆိုရင် နိုင်ငံတကာကပါ ထောက်ခံအတည်ပြုထားတဲ့ အာဆီယံမူ ၅ ရပ်ဟာ ၁ နှစ် သက်တမ်းကျော်ကာလအထိ ဘာတခုမှ အလုပ်မဖြစ်ရုံတင်မက စစ်အုပ်စု သက်ဆိုးရှည်ရေးအတွက် အချိန်ဆွဲပေးသလိုတောင် ဖြစ်နေတာ ငြင်းမရပါဘူး။ ပြီးတော့ တစ်နှစ်တာကာလအတွင်း စစ်ခေါင်းဆောင်တွေ အာဆီယံအစည်းအဝေး တက်ခွင့်မရတာကလွဲရင် နဖူးပေါ် လက်တင်ပြီး စဉ်းစားခန်းဝင်ရလောက်တဲ့အထိတောင် သောကတွေ မရခဲ့ပါဘူး။

အဲဒီလို ဟိုလိုလို ဒီလိုလိုနဲ့ ပြီးခဲ့တဲ့အနေအထားမှာ အာဆီယံမူ ၅ ရပ် တနှစ်ပြည့် ၂၀၂၂ ခုနှစ် ဧပြီ ၂၄ ရက်နေ့အရောက် ကိုယ့်ဘာသာ အဆင်ပြေသလို ငြိမ့်နေတဲ့ အာဆီယံအဖွဲ့ကြီးကို APHR (လူ့အခွင့်အရေးအတွက် အာဆီယံအမတ်များအဖွဲ့)က အိတ်ဖွင့်ပေးစာနဲ့ ရူးချင်ယောင်ဆောင်မနေဖို့ လှမ်းလှုပ်လိုက်တယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို တနှစ်ပြည့်တဲ့အထိ မင်းအောင်လှိုင်က တစ်ချက်မှ အကောင်အထည်မဖော်တဲ့အတွက် မြန်မာစစ်ခေါင်းဆောင်နဲ့ စစ်တပ်အပေါ် စစ်ရာဇဝတ်မှု၊ လူသားအဖြစ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေနဲ့ ပိတ်ဆို့အရေးယူဖို့ အချိန်တန်ပြီလို့ APHR ရဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားတယ်။ ပြီးတော့ အာဆီယံအသင်းအနေနဲ့ ဆောင်ရွက်ရမယ့်အချက် ၅ ချက်။

ပထမအချက်က အာဆီယံအနေနဲ့ မြန်မာ့အရေးအထူးကိုယ်စားလှယ် ခန့်အပ်ရေးနဲ့ ခန့်အပ်မှု လုပ်ငန်းစဉ်ကို ထဲထဲဝင်ဝင် ပြန်လည်သုံးသပ်ဖို့၊ ဘာလို့လဲဆိုတော့ အထူးကိုယ်စားလှယ် တနှစ် တယောက် ပြောင်းနေတဲ့အတွက် မူဝါဒဆိုင်ရာ အခက်အခဲတွေ ရှိတယ်လို့ဆိုတယ်။

ဒုတိယအနေနဲ့ ပြီးခဲ့တဲ့နှစ်က အာဆီယံသဘောတူညီချက် ရရှိခဲ့ချိန်မှာ အချိန်ကာလ သတ်မှတ်ချက်နဲ့ မြန်ဆန်ချောမွေ့ရေးမှာ အားနည်းခဲ့တယ်လို့ ဆိုပါတယ်။ တကယ်လို့သာ အားကောင်းမောင်းသန်ဖြစ်ခဲ့ရင်၊ စစ်အုပ်စုအနေနဲ့ သူတို့ရဲ့ ရာဇဝတ်မှုမြောက် လုပ်ရပ်တွေအတွက်၊ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်။ အဲဒီထဲမှာ အာဆီယံအဖွဲ့ဝင်အဖြစ်က ဖယ်ရှားတာ စတဲ့ ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်လို့ ဆိုပါတယ်။

တတိယအချက်က အာဆီယံအနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ လုံခြုံရေးကောင်စီတို့နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ဖို့။ စတုတ္ထအချက်က အာဆီယံအသင်းရဲ့ လူသားချင်းစာနာမှု အထောက်အကူပြုအဖွဲ့အနေနဲ့ မြန်မာပြည်က ဒေသဆိုင်ရာလူမှုရေးအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့တွေ ကုလလက်အောက်ခံအဖွဲ့တွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ပြီး ဒုက္ခရောက်နေတဲ့သူတွေကို ကူညီဖို့။ ပဉ္စမအချက်အနေနဲ့ တရားဝင် ရွေးကောက်ထားတဲ့ အစိုးရနဲ့ပဲ ဆက်ဆံပြီး စစ်အုပ်စုကို လုံး ဝအသိအမှတ်မပြုဖို့ တိုက်တွန်းထားပြီး အာဆီယံအသင်းဟာ NUG အစိုးရ၊ EAOs တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တရားဝင်လူသိရှင်ကြား တွေ့ဆုံဖို့လည်း APHR အဖွဲ့က တိုက်တွန်းခဲ့တယ်။

နောက်ဆက်တွဲအနေနဲ့ အာဆီယံ ခေါင်းဆောင်တွေ အားလုံးကို ဦးတည် ပန်ကြားထားတဲ့ APHR ရဲ့ အိတ်ဖွင့်ပေးစာ ထွက်လာအပြီးမှာ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒွလ္လာက APHR နဲ့ တွေ့ဆုံပြီး အခုအကြံပြုထားတာတွေကို ဆက်ပြီး ဆွေးနွေးမယ်လို့ တုံ့ပြန်ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီက ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမတိုင်ခင် သူ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ခေါင်းဆောင်တို့နဲ့ အလွတ်သဘော တွေ့ဆုံခဲ့တယ်လို့လည်း ထုတ်ဖော် ပြောကြားခဲ့တယ်။

ပြောရရင် အာဆီယံမူ ၅ ရပ် တနှစ်တာ ဖြတ်သန်းခဲ့မှု အတွေ့အကြုံအရ အခုအတိုင်း အာဆီယံမူ ၅ ရပ်ကို ဆက်သွားဖို့မရတော့ဘူးဆိုတာ အာဆီယံခေါင်းဆောင်တွေ လက်ခံပြီးပြီလို့ ထင်ရတယ်။ ဆိုတော့ အာဆီယံမူ ၅ ရပ်ကို လုံးဝစွန့်မလား။ လုံးဝစွန့်ပြီဆို လမ်းကြောင်းသစ်တစ်ခုရဖို့ ညှိရနှိုင်းရ ခေါင်းချင်းရိုက်ရနဲ့ အခုလို အမေရိကန်၊ တရုတ် အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံတဲ့ သဘောတူညီမှုတစ်ခု ဖြစ်လာဖို့ရာ အချိန်တစ်ခုယူတောင် မသေချာလှတာမို့ လုံးဝစွန့်ဖို့ရာ မလွယ်လှဘူး။

ဒါ့ကြောင့် စွန့်တာထက် မူ ၅ ရပ်ကို လိုအပ်နေတဲ့ ကိရိယာတန်ဆာပလာတွေ ထပ်မံတပ်ဆင်ကာ လက်ရှိဖြစ်စဉ်နဲ့ ကိုက်ညီတဲ့ အသစ်ဖြစ်အောင် မွမ်းမံတာမျိုးကို လုပ်လာနိုင်မလားလို့ မျှော်လင့်မိပါတယ်။ လိုအပ်တဲ့ ကိရိယာတန်ဆာပလာ ဆိုတာက မူ ၅ ရပ်ကို အချိန်ကာလ သတ်မှတ်ချက်တစ်ခု ထားပြီး ဖော်ဆောင်စေတာ၊ မဖော်ဆောင်ခဲ့ရင် ဘယ်လိုပုံစံမျိုး ထိရောက်တဲ့ အရေးယူမှုလုပ်မယ်လို့ ပြဋ္ဌာန်းထားတာနဲ့ APHR ရဲ့ အိတ်ဖွင့်ပေးစာပါ အကြံပြုချက်တွေကို မဖြစ်မနေ ထည့်သွင်းစဉ်းစားဖို့ လိုပါမယ်။

မကြာမီ ကျင်းပတော့မယ့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပိုမိုပြင်းထန်တဲ့ ဖိအားမျိုးတွေနဲ့ တွန်းတိုက်တာမျိုး ဖြစ်လာနိုင်သလို အဲဒီ အစည်းအဝေးအပြီးမှာ မူ ၅ ရပ်ကို မွမ်းမံတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

နိုင်ငံတကာဖိအားဆိုတာ နွေဦးတော်လှန်ရေးအတွက် အရေးပါလှပါတယ်။ နိုင်ငံတကာဖိအားထက် ပိုအရေးပါတာကတော့ နွေဦးတော်လှန်ရေး တစ်နှစ်ကျော်ကာလထိတိုင် နိုင်ကိုနိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ခိုင်မာစွာနဲ့ တွန်းလှန်နေကြတဲ့ မြန်မာပြည်သူတွေနဲ့ ဒီမိုကရေစီအရေးတော်ပုံ တပ်သားတွေရဲ့ လက်တွေ့ကျတဲ့ တော်လှန်နေမှုပါပဲ။ လက်တွေ့ကျတဲ့ တော်လှန်မှုနဲ့ ထွက်ပေါ်နေတဲ့ ရလဒ်ကောင်းတွေကြောင့်သာ နိုင်ငံတကာရဲ့ဖိအားတွေ နောက်က လိုက်လာတာပါ။

မင်းအောင်လှိုင်ကတော့ ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြွေးကြော်ပြီး မိုက်မိုက်ကန်းကန်းကို စိန်ခေါ်နေပါတယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024