Home
ဆောင်းပါး
ဆိတ်ကွယ်ရာ နတ္ထိ
DVB
·
April 25, 2022
Article

၁။

၁၉၈၆ ခုနှစ်လောက်ကပါ။

ဇေယျဝတီမြို့မှာ နေထိုင်စဥ်က သကြားစက်ဝင်းကြီးထိပ် ရထားလမ်းနဲ့ ကားလမ်းဆုံမှာ “ပန်းဝေဝေ” အမည်နဲ့ စာအုပ်အငှားဆိုင်လေးတဆိုင် ဖွင့်ခဲ့ဖူးတယ်။

တနေ့မှာ စစ်ကားတစီး ဆိုင်ရှေ့ လာရပ်တယ်။ လက်နက်အပြည့်အစုံနဲ့ စစ်သားတချို့ ကားပေါ်က ဆင်းပြီး ရထားလမ်းတဖက် ရထားဝန်ထမ်း နေအိမ်အပျက်ကလေးမှာ လာနေကြပါတယ်။ တပ်ခွဲ တခွဲစာ မရှိတရှိပါ။ ယာယီစခန်းလာချတာလို့လည်း ယူဆရပါတယ်။

ခဏနေတော့ အသက် ၂၀ ကျော် စစ်ဗိုလ်လေးတယောက်က ရဲဘော်တယောက်နဲ့အတူ ရောက်လာပြီး ထမင်းချက်ဖို့ ဒန်အိုးလာငှားပါတယ်။ ကျနော်က ကိုယ့်မှာ အဆင်သင့်မရှိလို့ နီးစပ်ရာက ငှားပေးလိုက်ပါတယ်။ မွန်းလွဲ ၃ နာရီထိုးတော့မယ်၊ သူတို့ ထမင်းမစားကြရသေးဘူးလို့လည်း ပြောပါတယ်။ အဲဒီစစ်ဗိုလ်လေးဟာ ရထားလမ်းဘေး တပတ်လောက် နေသွားတဲ့အချိန် ကျနော့်စာအုပ်ဆိုင်လေးဆီ ခဏတဖြုတ် လာထိုင်တတ်ပါတယ်။ ကာတွန်းစာအုပ်တွေလည်း ငှားဖူးတယ်။ စကားတော့ သိပ်မပြောဘူး။

သူတို့ရောက်လာပြီး နှစ်ရက်မြောက်နေ့မှာ ကားတစီး ဆိုင်ရှေ့လာရပ်ပြီး အရပ်ဝတ်နဲ့ လူ ၄ ယောက် ကားပေါ်ကဆင်း နှစ်ယောက်က အပြင်မှာနေ ကျန်နှစ်ယောက်က စာအုပ်ဆိုင်ထဲ ဝင်လာပါတယ်။

သူတို့ဟာ တာဝန်နဲ့လာတာဖြစ်ကြောင်း စာအုပ်ဆိုင်ကို ခဏစစ်ဆေးချင်ကြောင်း ထောက်လှမ်းရေးကတ် ထုတ်ပြပြီး ပြောလို့ ကျနော်လည်း ခွင့်ပြုရပါတယ်။ ဆိုင်ထဲမှာ ထွေထွေထူးထူး စစ်စရာ စာအုပ်စင်တွေကလွဲ ဘာမှမရှိပါဘူး။ ကျနော်က ဆိုင်နဲ့ ဆယ်မိနစ်လောက် လျှောက်ရင်ရောက်တဲ့ ဖဆရပ်ကွက်ထဲမှာ နေတာပါ။ မနက်ခင်း ဆိုင်လာဖွင့်၊ ည ၈ နာရီ ဆိုင်ပိတ်ပြီး အိမ်ပြန်တာပါ။ 

ထောက်လှမ်းရေးဗိုလ်ကြီးဖြစ်သူက စာအုပ် ခပ်ကြီးကြီးတချို့ စာရွက်တွေ လှပ်ကြည့်တာမျိုးအထိ လုပ်ပါတယ်။ ကျနော့်ကို အိမ်ထောင် ရှိ၊ မရှိကအစ မေးပါတယ်။ ပြီးတော့မှ ဘာမှစိတ်မပူဖို့၊ လူကြီးတယောက်လာစရာရှိလို့ လာစစ်တာဖြစ်ကြောင်းနဲ့ ဆိုင်ကို ဖွင့်မြဲအတိုင်း နေ့စဥ်ပုံမှန်ဖွင့်ဖို့ ပြောပြီး ပြန်ကြပါတယ်။ 

သူတို့ ပြန်သွားပြီး ခဏနေတော့ စစ်ကားတစီး ရောက်လာပြန်ပါတယ်။ ကားပေါ်က စစ်သား လေးယောက်က တုတ်တံထိပ်မှာ အဝိုင်းတခုစီပါတဲ့ မိုင်းရှာကြိယာတွေနဲ့ ရထားသံလမ်းတလျှောက် နေရာအနှံ့ မိုင်းရှာကြရပါတယ်။ အချိန်အကြာကြီး အပြန်ပြန်အလှန်လှန် ရှာပြီးမှ ပြန်ကြရတာပါ။

နောက်နေ့မနက်ခင်း ၈ နာရီလောက်မှာ မြို့နယ်ပါတီယူနစ်ဥက္ကဋ္ဌနဲ့ မြို့နယ်ပြည်သူ့ကောင်စီ ဥက္ကဋ္ဌတို့ ကားကိုယ်စီနဲ့ ရောက်လာပြန်ပါတယ်။ သူတို့က ကားတွေကို လမ်းထိပ်မှာရပ်ပြီး လမ်းဆုံကို ခြေကျင် လျှောက်လာကြတာပါ။ ကျနော့်စာအုပ်ဆိုင်ထဲမှာ ခဏထိုင်ခွင့်တောင်းပြီး ထိုင်ကြပါတယ်။ ကျနော်က သူတို့နှစ်ယောက်စလုံးနဲ့ ဆက်ဆံဖူးတာရှိတော့ လူကြီးတယောက်ယောက် လာမယ် ဆိုတာတော့ ကြားတယ်၊ ဘယ်သူများလဲလို့ မဝံ့မရဲ မေးပါတယ်။ သူတို့က ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်း လာမှာဖြစ်ကြောင်း ပြောပါတယ်။

လမ်းထဲမှာ လူသွားလူလာ မရှိသလောက် ဖြစ်နေတာ သတိထားမိတော့ ဒီလမ်းကို သကြားစက်ကြီးအထိ ယာယီပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း သိလိုက်ရပါတယ်။ တချိန်တည်းမှာပဲ ကျနော် ဆက်စပ်ပြီး သဘောပေါက်သွားရတာက ရန်ကုန် မန္တလေး ကားလမ်းနဲ့ သကြားစက်အထိ လာတဲ့ လမ်းဟောင်းကို မနေ့ကတနေ့လုံး ညအထိ တညလုံး ကတ္တရာလမ်းသစ် ခင်းပစ်လိုက်တာ ဒါကြောင့်ကိုးလို့ အတွေးပေါက်သွားရပါတယ်။ (သကြားစက်ဝင်းထိပ် ရောက်တဲ့အထိ ချိုင့်တွေ ခွက်တွေနဲ့ လမ်းပျက်လုမတတ် ဖြစ်နေတာ အခုလို ကတ္တရာလမ်းသစ်ကြီး နေ့ချင်းညချင်းပြီးအောင် ခင်းလိုက်တော့ ဆိုက်ကားဆရာတွေကတော့ တော်တော်ပျော်ကြရပါတယ်။

မနက်ခင်း ၉ နာရီကျတော့ သကြားစက်ဝင်းကြီးဘက် လမ်းဆုံကို စစ်တပ်အရာရှိကြီးစီး ကားလေး တချို့နဲ့ စစ်ကားတွေ ရောက်လာပါတယ်။ စစ်အရာရှိကြီးတချို့နဲ့ သူတို့သားမယားတွေလို့ ထင်ရတဲ့ အမျိုးသမီးကြီးတချို့လည်း အတူပါလာကြပါတယ်။ ရထားလမ်းနဲ့ ကားလမ်းဆုံထိပ်မှာ အုပ်လိုက် လာရပ်ကြပါတယ်။ တချိန်တည်းမှာပဲ ဒီဘက် ကျနော်တို့အခြမ်း လမ်းဆုံမှာ ဆက်သွယ်ရေးတိုင်တွေ ရှုပ်ယှက်ခတ်ပြီး အနီတွေ၊ အပြာတွေ တံဆိပ်အမျိုးမျိုးတပ်ထားတဲ့ ကား ၄ စီး ရောက်လာပြန်ပါတယ်။ ရှေ့ဆုံးကားလေးပေါ်က အရပ်မြင့်မြင့် စစ်အရာရှိကြီးတဦး ဆင်းလာပါတယ်။ ယူနီဖောင်း သစ်လွင်လှပတဲ့ စစ်သားတွေလည်း ကားတွေပေါ်က ဆင်းကြပါတယ်။ ချက်ချင်းဆိုသလိုပဲ ကျနော် သိလိုက်တာကတော့ ကားပေါ်က ဆင်းလာတဲ့ အရာရှိကြီးဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းရဲ့ စစ်ဘက်လက်ထောက်ချုပ် ဗိုလ်မှူးချုပ် မျက်မှန်တင်ဦး ဆိုတာပါပဲ။

ဗိုလ်ချုပ်တင်ဦးက လမ်းဒီဘက်ထိပ် လာရပ်တဲ့အခါ ဟိုဘက်ထိပ်မှာက အရာရှိတချို့ အုပ်စုလိုက် လာရပ်ကြပါတယ်။ အပြန်အလှန် ပြုံးပြကြ၊ လက်ပြနှုတ်ဆက်ကြပါတယ်။ ဗိုလ်မှူးချုပ် မျက်မှန်တင်ဦးက “ဘယ်လိုလည်း အဆင်ပြေကြရဲ့လား” လို့ လက်ပြရင်း လှမ်းနှုတ်ဆက်တော့ ဟိုဘက် လူအုပ်ထိပ်က လူတယောက်က “ဟုတ်ကဲ့ အဆင်ပြေပါတယ်ဗျ”လို့ ပြန်ဖြေတာ ကြားရပါတယ်။ (နောင်မှ သိရသည်မှာ ဟိုဘက်အခြမ်းကနေပြီး ထောက်လှမ်းရေးမျက်မှန်တင်ဦးနဲ့ လှမ်းစကားပြောသူဟာ အဲဒီတုန်းက စက်မှု-၁ ဝန်ကြီး ဗိုလ်ချုပ်တင့်ဆွေလို့ ဆိုပါတယ်။)

လမ်းဆုံမှာ မျက်မှန်တင်ဦးတို့ကားတွေ ပြန်လှည့်သွားကြပေမယ့် ဗိုလ်ချုပ်တင့်ဆွေတို့အဖွဲ့က လမ်းဆုံမှာပဲ ရှိနေပါသေးတယ်။ ချက်ချင်းဆိုသလို စစ်ကားအသစ် ၄ စီး ရောက်လာပြီး အူဇီသေနတ်ကိုယ်စီနဲ့ စစ်သား သုံး လေးဆယ်လောက် ရထားလမ်းတဝိုက် ဖြန့်ကြက် နေရာယူကြပါတယ်။ ယူနီဖောင်းတွေကလည်း အသစ်တွေချည်းပါပဲ။ ထူးခြားတာက အသက် လေးဆယ်ကျော်လောက်ချည်းရှိတဲ့ စစ်သားတွေချည်းပါပဲ။ ဦးနေဝင်းရဲ့ အထူးကိုယ်ရံတော်တပ်ဖွဲ့လို့ပဲ ယူဆရပါတယ်။

မိနစ်နှစ်ဆယ်လောက်ရှိတော့ လမ်းဆုံမှာရှိတဲ့ စစ်သားတွေ၊ လူတွေ လှုပ်လှုပ်ရှားရှား နည်းနည်းဖြစ်ပြီး အသင့်အနေအထား ရပ်နေကြပါတယ်။ အနီရောင်ဆေးသုတ်ထားတဲ့ အထူးရထားလေးတစင်း လမ်းဆုံမှာ လာရပ်ပါတယ်။ 

ရထားပေါ်က ဦးနေဝင်း ဆင်းတာ သကြားစက်ကြီးဆီ ကားတွေနဲ့ သွားတာ ပြန်လာပြီး ရထားပေါ်တက်တာ ကျနော်တို့ဘက်အခြမ်းက ရထားကွယ်နေလို့ မမြင်ကြရပါဘူး။ ပါတီယူနစ်ဥက္ကဋ္ဌနဲ့ ကောင်စီဥက္ကဋ္ဌကတော့ တချိန်လုံး ကုန်းကြည့်ပြီး ဟိုဘက်က ခြေထောက်တွေကို ဘယ်သူဘယ်ဝါရဲ့ ခြေထောက် ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။ 

၂။

ဦးနေဝင်း သကြားစက် လာရောက်စစ်ဆေးပြီး ပြန်တဲ့အခါ လမ်းဆုံမှာ လာတပ်စွဲထားတဲ့ စစ်ဗိုလ်လေးတို့ တပ်ခွဲလည်း ပြန်ဖို့လုပ်ကြပါတယ်။

စစ်ဗိုလ်လုပ်သူက စာအုပ်ဆိုင်ထဲ ဝင်ပြီး ကျနော့်ကို နှုတ်ဆက်ပါတယ်။ ကျနော့်အနားကပ်ပြီး ခပ်တိုးတိုး ပြောပြသွားတဲ့ သူ့စကားက ကျနော့်ကို အံ့သြမှင်တက်ဖြစ်စေလိုက်ပါတယ်။ “အခုမှပဲ ကျနော်တို့လည်း သက်ပြင်းချနိုင်တော့တယ် အစ်ကိုကြီးရေ၊ အားလုံး အေးအေးဆေးဆေး ပြီးသွားလို့။ တခုခုများဖြစ်ရင် မလွယ်ဘူးဗျာ။ ကျနော်တို့က ဟန်နဲ့သာ နေနေကြရတာ၊ ကျနော်တို့ကို ဘယ်သူ့မှ ကျည်ဆန်တတောင့်ပေးထားတာ မဟုတ်ဘူးဗျ” ဟု ပြောပြောဆိုဆို နှုတ်ဆက်သွားခဲ့ပါတယ်။

ညကျတော့ စက်ရုံဝင်းထဲက စေတနာအထက်တန်းညကျောင်းကို ကျနော်သွားပါတယ်။ အဲဒီကျောင်းမှာ ကျနော်က စာသင်ပါတယ်။ ကျောင်းရဲ့ ရုံးခန်းထဲမှာ ကျောင်းသားမိဘ သုံး လေးယောက် ရှိနေပါတယ်။ သကြားစက် လက်ထောက်စက်ရုံမှူးနဲ့ ဇေယျဝတီရဲစခန်း စခန်းမှူးတို့ ရောက်နေတာပါ။ သူတို့က ကျောင်းသားမိဘတွေ ဖြစ်ကြပြီး မကြာခဏဆိုသလို ညကျောင်းကို လာလည်တတ်ကြ၊ စကားထိုင်ပြောတတ်ကြပါတယ်။ အခုလည်း ဦနေဝင်း လာသွားတဲ့ကိစ္စ စကားစမြည်ပြောဖို့ လာလည်ကြတာပါ။ အဲဒီမှာ စခန်းမှူးလုပ်သူရဲ့ ပြောစကားကို ကြားရပြီး ကျနော့်မှာ အံ့သွားရပြန်ပါတယ်။

“ကျနော်လည်း ဥက္ကဋ္ဌကြီး ပြန်သွားမှပဲ သက်ပြင်းချနိုင်ပါတယ် ဆရာရယ်… သူမလာခင် မနက် အစောကြီးကတည်းက စခန်းတခုလုံးရဲ့ လက်နက်ခဲယမ်းအကုန် စာရင်းအရ စစ်တပ်က လာသိမ်းသွားတာ ပြန်သွားမှပဲ ပြန်ရတော့တာ၊ တခုခုများဖြစ်ရင် အကုန်ထွက်ပြေးရုံကလွဲ ဘာမှ မတတ်နိုင်ဘူးဆရာရေ…” တဲ့။

ဪ… အာဏာရှင်ကြီး ဦးနေဝင်းရဲ့ဘဝဟာ မလွယ်ပါလားလို့ စဥ်းစားမိခဲ့ပါတယ်။ နောက်ဆုံးတော့လည်း ဘဝကို ဘယ်လို သိမ်ငယ်မှေးမှိန်စွာ နိဂုံးချုပ်ခဲ့ရသလဲ... အားလုံးအသိပါပဲ။

၃။

ဘာမှ မဟုတ်ပါဘူး။ 

အခုလည်း လူပေါင်းမြောက်မြားစွာကို သတ်ဖြတ်၊ လူတွေကို ဖမ်းဆီး ထောင်ချ၊ သူတပါး အိုးအိမ်တွေ မီးရှို့ဖျက်ဆီး လုပ်နေတဲ့ ဗိုလ်ချုပ်မှူးကြီးဆိုတဲ့ မင်းအောင်လှိုင်ရဲ့ ဘဝကရော....။

သူ ဒီလိုအလုပ်တွေလုပ်ပြီး သူ့ရဲ့ အခွင့်အာဏာစည်းစိမ်တွေကို ကာကွယ်ဖို့ ကြိုးစားနေတာဟာ ဖြစ်နိုင်ပါရဲ့လား။ အောင်မြင်နိုင်ပါ့မလား။ 

တလောကပဲ ရိုးရာသင်္ကြန်ပွဲကို သူ့စစ်သား စစ်ဗိုလ်တွေချည်းပဲ ဝန်းရံပြီးမှ ဆင်နွှဲရတဲ့သတင်း၊ သူ့လုံခြုံရေးအထူးစီမံချက်တွေချပြီးမှ သင်္ကြန်ပွဲနွှဲရရှာတဲ့သတင်း ကြားရတော့ သူ့ကို သနားမိတယ်။

တကယ်တော့ ဘယ်အာဏာရှင်မဆို သူတို့ရဲ့အခွင့်အာဏာနဲ့ စည်းစိမ်တွေ မဆုံးရှုံးအောင် ဘာနဲ့မှ ကာလို့မရပါဘူး။ လုံခြုံမြဲမြံအောင်လုပ်လို့ ရရိုးထုံးစံလည်း မရှိပါဘူး။ တချိန်ချိန်မှာတော့ သူ့ရဲ့ အခွင့်အာဏာစည်းစိမ်တွေဟာ အနှေးနဲ့ အမြန် လက်လွှတ်ဆုံးရှုံးရမှာကတော့ မြေကြီးလက်ခတ် မလွဲပါပဲ။

စောင့်ကြည့်ကြသေးတာပေါ့လေ။ ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024