DVB Logo
Home
မြန်မာသတင်း
ပြည်မြို့တွင် အရွယ်မရောက်သေးသည့်လူငယ်များကို စစ်ကောင်စီက တပ်သားသစ်အဖြစ် အဓမ္မ စုဆောင်းနေ
DVB
·
March 30, 2022
ပြည်မြို့တွင် အရွယ်မရောက်သေးသည့်လူငယ်များကို စစ်ကောင်စီက တပ်သားသစ်အဖြစ် အဓမ္မ စုဆောင်းနေ
Donate to DVB

ပဲခူးတိုင်း၊ ပြည်မြို့ရှိ မြို့ပြင်ရပ်ကွက်တချို့က အသက်မပြည့်သေးတဲ့ လူငယ်တွေကို အလုပ်အကိုင်ပေးမယ်ဆိုပြီး စစ်ကောင်စီတပ်ထဲ ထည့်တာ၊ မှောင်ရိပ်ခိုမှုနဲ့ ဖမ်းပြီး တပ်ထဲထည့်တာ၊ စစ်တပ်ထဲရောက်ပြီး ရက်ပိုင်းအတွင်း ရှေ့တန်းကို စေလွှတ်တာတွေ လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြည်မြို့ ဒေသခံတဦးက “ဟိုအရင်ရက်က အလုပ်ပေးမယ် ဆိုပြီး ခေါ်သွားကြတာ။ ရပ်ကွက်ထဲက  လူငယ် ၇ ယောက်၊ အခုမှ ၁၂ ရက်ပဲ ရှိသေးတယ်၊ အခု အဲဒီအထဲက တယောက်ရဲ့အိမ်ကို ဆန်တအိတ် ငွေ ၅၀၀,၀၀၀ လာပို့တယ်၊ အိမ်စီးကားလေးနဲ့၊ သေသွားပြီလို့လည်း ပြောတယ်။ ဘာမှမေးလို့ မရဘူး၊ မိသားစုလိုက် ငိုနေကြတာ၊ အမေလုပ်သူက သွားမေးမယ်ဆိုပြီး လုပ်တော့ အဖေလုပ်သူက ကလေးကို ခေါ်သွားပြီး ၂ ရက်လောက်မှာပဲ ငါလိုက်သွားမေးတော့ ငါ့ ကိုဟောက်လွှတ်တယ်၊ လာမမေးနဲ့၊ ကျုပ်တို့ခေါ်တာ မဟုတ်ဘူး၊ ပြန်တော့၊ မပြန်ရင် ခင်ဗျားကိုပါ စွဲစိလိုက်မယ်ဆိုပြီး ဟောက်လွှတ်တာလေ၊ အခုသွားမေးရင်လည်း ကိုယ်တွေကိုပါ ထပ်ဖမ်းထားတာတွေ လုပ်နေရင် ပိုရှုပ်ကုန်လိမ့်မယ်ဆိုပြီး သူ့အမျိုးသမီးကို နှစ်သိမ့်နေတာတွေနဲ့ အမျိုးတွေက ဝိုင်းပြီး အမေလုပ်သူကို ချော့မော့နေရတယ်” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ လူငယ်ဟာ  နဝင်းရပ်ကွက်မှာ နေထိုင်တဲ့ ၉ တန်းကျောင်းသားဖြစ်ပြီး လက်ရှိ ဖုန်းအရောင်းဆိုင်မှာ အလုပ်လုပ်နေသူတယောက် ဖြစ်ပါတယ်။  စစ်တပ်က ခေါ်သွားပြီးနောက် ဘာကြောင့် သေဆုံးသွားတယ် ဆိုတာကိုတော့ တိတိကျကျမသိရသေးသလို သက်ဆိုင်ရာ စစ်တပ်ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။ 

သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ မိသားစုဝင်တဦးက “ကျန်တဲ့လူငယ်တွေကိုလည်း အလုပ်ရမယ်ဆိုပြီး အိမ်တွေမှာ ရပ်ကွက် ရာအိမ်မှူးတွေက အတင်းလာခေါ်တာ၊ သူတို့မှာ ဖုန်းတွေ အားလုံး ပါသွားကြတယ်၊ ဒါပေမဲ့ တယောက်မှ ဖုန်းတွေဆက်မရတော့ မိသားစုတွေက အရမ်းလန့်နေကြတယ်၊ သူတို့ကလေးတွေ ရှိမှ ရှိပါဦးမလားဆိုပြီး၊ မိဘတွေက ရပ်ကွက်လူကြီးကို သွားမေးဖို့ လုပ်ကြပေမဲ့ လူကြီးက အိမ်ကိုပိတ်ပြီး ဘယ်ကိုရှောင်နေလဲ မသိဘူး၊ အိမ်ကို တံခါးပိတ်ထားတယ်” လို့ ပြောပါတယ်။

ရပ်ကွက်လူကြီးကတော့ လူငယ်တဦးကို အလုပ်မရှိဘူးဆို လာခဲ့ဆိုပြီး ခေါ်သွားကြောင်းနဲ့ နောက်တဦးကိုတော့ မှောင်ရိပ်ခိုမှုနဲ့ ဖမ်းပြီးထည့်လိုက်တယ်လို့ အောင်ဆန်းရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။

“ပါသွားတဲ့အထဲက လူငယ်တဦးကိုလည်း ရပ်ကွက်လူကြီးကပဲ အိမ်ကိုလာပြီး မင်းမှာ လောလောဆယ် အလုပ်မရှိဘူးမလား၊ လာခဲ့ဆိုပြီး အတင်းခေါ်သွားတာ၊ နောက်တယောက်က အလုပ်ကနေ အိမ်အပြန် နောက်ကျတာကို မှောင်ရိပ်ခိုမှုနဲ့ ဖမ်းပြီး ထည့်လိုက်တာ၊ နောက်တယောက်ကတော့ သူတို့အထဲမှာ အသက်အကြီးဆုံးလို့ ပြောလို့ရတယ်၊ သူတော့ မိန်းမနဲ့ ကလေးရှိတယ်၊ ဘွဲ့လည်းရပြီးသား၊ သူလည်း ဆက်သွယ်လို့မရဘူး၊ ဘယ်ကိုပို့လိုက်လဲ မသိရဘူး၊ နောက် ကျန်တဲ့လူတွေကတော့ ရပ်ကွက်လူကြီးတွေ အတင်းခေါ်ပြီး ထည့်လိုက်တဲ့သူတွေ ဖြစ်ပါတယ်၊ အောင်ဆန်းရပ်ကွက် တခုတည်းကပဲ လူငယ် ၇ ယောက် စစ်ကောင်စီတပ်ထဲ ထည့်တာ ခံလိုက်ရတယ်။”

အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်ထဲကို တပ်သားသစ် ဝင်ရောက်သူ မရှိသလောက် ဖြစ်နေတဲ့အတွက် ရာအိမ်မှူးတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေ တဆင့် တရပ်ကွက်ကို ၁၀ ယောက်ကနေ အယောက် ၂၀ ထိ တပ်သားသစ် ရှာပေးရမယ်ဆိုပြီး စစ်သားစုဆောင်းတာတွေကို ရပ်ကွက်တွေထဲမှာ ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာလည်း ပန်းတောင်းမြို့နယ်၊ ကံမမြို့နယ်၊ မင်းတုန်းမြို့နယ်တွေမှာ ပြည်သူ့စစ်အတွက်ဆိုပြီး ရွာတရွာကို လူ ၂၀ စီ စစ်သင်တန်းပေးတာတွေ၊ တပ်ထဲကို ထည့်တာတွေ လုပ်နေတာကြောင့် ဒေသခံ ကျေးရွာသား လူငယ်တွေ အိမ်တွေမှာ မနေရဲကြဘဲ တိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီတပ်ထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးစစ်သားပေါင်း ၁၀၂၉ ဦး စစ်မှုထမ်းခဲ့တယ်လို့  စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက မတ်လ ၁၈ ရက်က နေပြည်တော်မှာကျင်းပတဲ့ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီအစည်းအဝေးမှာ ဝန်ခံ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013