
တအာင်း(ပလောင်)အမျိုးသား ပါတီ မိုင်းကိုင်မြို့နယ် ဥက္ကဋ္ဌ မိုင်းနုမ်ဟန်အပါအဝင် ဇနီးနဲ့ ၇ လအရွယ် သမီးငယ်တို့ ဖမ်းဆီးသတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး တရားမျှတမှုအတွက် ဆက်လက်တောင်းဆိုသွားမယ်လို့ တအာင်းလူမှုအဖွဲ့အစည်းတွေက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
တအာင်း(ပလောင်)အမျိုးသား ပါတီ မိုင်းကိုင်မြို့နယ် ဥက္ကဋ္ဌ မိုင်းနုမ်ဟန်အပါအဝင် ဇနီးနဲ့ ၇ လအရွယ် သမီး ငယ်တို့ရဲ့ဟာ သူ့ရဲဇာတိ ရွာမတ်ချီနုန်ရွာကနေ မိုင်းကိုင်မြို့ကို ပြန်လာစဉ် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့က ပျောက်ဆုံးခဲ့တာဖြစ်ပြီး မတ်လ ၁၀ နေ့မှာ သတ်ဖြတ်ခံရတဲ့ သူတို့ရဲ့ ရုပ်အလောင်းတွေကို တုံလောကျေးရွာအုပ်စု ပန်ပွဲကျေးရွာနီးမှာ ပြန်လည်တွေ့ရှိခဲ့တာပါ။
သူတို့ရဲ့ ရုပ်လောင်းတွေမှာ သေနတ်ဒဏ်ရာနဲ့ လူသားမဆန်စွာ သတ်ဖြတ်ခံရတာလို့ တအာင်း CSO အဖွဲက ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ရေးအဖွဲ့ ပြောခွင့်ရသူ မိုင်းညီခမ်းက ပြောပါတယ်။
“ဇန်နဝါရီ ၁၀ ရက်နေ့က RCSS တွေ စိုးမိုးတဲ့နယ်မြေဖြစ်တဲ့ တုံလောကျေးရွာမှာ အဖမ်းခံရတာပါ။ အဲဒီအဖမ်းဆီး မတိုင်ခင်မှာလည်း သူက သူ့မိခင်နာရေးကို ပြန်ရင်းနဲ့ RCSS အဖွဲ့က စုံစမ်းမေးမြန်းတာရှိတယ်။ ၁ နာရီကျော်ကြာလောက် ဖုန်းတွေစစ်ဆေးတယ်။ သူ့မိခင်ရဲ့ နာရေးအပြီးမှာ သူက မိုင်းကိုင်မြို့နယ်အပြန် တုံလောရွာအရောက်မှာ အဖမ်းခံရပါတယ်။ အဖမ်းခံရပြီးတဲ့နောက်မှာ ရွာသားတွေက တုံလောကျေးရွာကိုလည်း သွားမေးမြန်းပါတယ်။ အဖမ်းခံရတဲ့အချိန်မှာ ဇနီးပါတယ်၊ ၇ လသား သမီးပါတယ်၊ ကား ၁ စီးလည်းပါတယ်။ အဲတော့ သွားမေးတဲ့အခါမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက မရှာပါနဲ့၊ မင်းတို့ ရှာလို့ရှိရင် တဖက်က RCSS အဖဲ့အစည်းက တခုခုဖြစ်ရင် ငါတို့ တာဝန်မယူဘူးဆိုတဲ့ အနေအထားမျိုးတွေ ကြုံတွေ့ရတာပေါ့နော်။ အဲတော့ သူတို့လည်း ဆက်မရှာရဲတော့ဘူး။ အဲတော့ သူက ဇန်နဝါရီလ ၁၀ ရက်မှာ အဖမ်းခံခဲ့ရတယ်။ သူ့ရဲ့ ရုပ်အလောင်းကို တွေ့တာကတော့ မတ်လ ၉ ရက်နေ့ပေါ့။ သူ့ရဲ့အမျိုးသမီးအပါ ရုပ်လောင်းကို ပြန်တွေ့တယ်။ တွေ့တဲ့ခါမှာလည်းပဲ အဖမ်းဆီးခံရတဲ့ တုံလောကျေးရွာနဲ့ တော်တော်ဝေးတဲ့နေရာ၊ ဟိုးချောင်ကလောင်ထဲမှာ၊ ကား နဲ့သွားရင်တော့ မိနစ် ၅၀ လေက်ရှိမယ်။ ဒါပေမယ့် မြုပ်ထားတဲ့နေရာအထိတော့ ကားက မရောက်ဘူးဗျာ။ ရောက်က တောင်ခြေအထိရောက်မယ်။ သူ့ကို ပစ်ထည့်ထားတဲ့ကျင်းကတော့ ဟိုးတောင်ထိပ်မှာ ကျင်းရှိတယ်။ အဲမှာ သူ့အမျိုးသမီးက ကလေးကို ကျောပိုးရင်းနဲ့ ကျင်းထဲမှ ပက်လက်အနေအထားရှိတယ်။ ကလေးကလည်း ကျောပိုးလျက်နဲ့သေသွားတယ်။ မိုင်းနုမ်ဟန်က အပေါ်ကနေတခါ ပစ်ချလိုက်တယ်။ ကျင်းအောက်ထဲအထိ မရောက်ပဘဲ ကျင်းရဲ့အပေါက်ဝမှာ သူက တင်နေတယ်ပေါ့။ အဲလိုတွေ့ခဲ့ရတယ်။”
အဆိုပါဒေသဟာ RCSS ထိန်းချုပ်နယ်မြေ ဖြစ်ပြီး အသတ်မခံရခင် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်လည်း RCSS အဖွဲ့ရဲ့ ခြိမ်းခြောက်မှုအမျိုးမျိုးခံခဲ့ရတယ်လို့ ဆိုပါတယ်။
“အဲဒီအချိန်အထိကို အဲဒီရွာမှာ RCSS ရှိတယ်။ အဲဒီမတိုင်ခင်မှာ သူက မဲဆွယ်စည်းရုံးရေး ကာလမှာလည်း RCSS ရဲ့ ခြိမ်းခြောက်မှုတွေ အများကြီးသူခံရတယ်။ ဒါတွေက သက်သေသာဓကတွေ အများကြီးရှိတယ်။ သူက ကော်မရှင် မြို့နယ်ရွေးကော်ကော်မရှင်ကို သူစာတင်ထားတဲ့ ဟာတွေလည်းရှိပါတယ်။ အဲတော့ ဇန်နဝါရီ ၁၀ ရက်နေ့အထိက RCSS ရှိတယ်။ တဖက်က တအာင်းအမျိုးသားပါတီ (TNP) ဗဟိုကနေပြီးမှ RCSS ကိုစာပို့တယ်။ မိုင်းနုမ်ဟန်ကို ဖမ်းထားတဲ့ အကြောင်းတွေ ဘာညာပေါ့။ ပြန်လွှတ်ပေးဖို့ဆိုတဲ့ဟာ၊ အဲတော့ သူတို့ RCSS က ပြန်ပြီးအကြောင်းပြန်တာက သူတို့ မဖမ်းထားဘူး၊ အဲအချိန်မှာ မဟာမိတ် တပ်ပေါင်းစုပဲ ရှိတယ်ဆိုပြီး သူတို့ အကြောင်းပြန်ထားတယ်။ ဒါပေမယ့် လက်တွေ့မြေပြင်မှာကတော့ အဲဒီဒေသမှာ အခုအထိနေနေတဲ့ SSPP တပ်ရင်းမှူးကို မေးတဲ့အခါမှာ ကျနော်တို့က တုံလော့ကျေးရွာကို ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ရောက်တယ်။ ၂၄ ရက်နေ့ရဲ့ အရင်ကတော့ RCSS တဖွဲ့တည်းရှိတယ်ဆိုတာကို သူတို့က အခိုင်အမာ ပြောဆိုတယ်။ ဆိုတဲ့အခါကျတော့ဒါက ငြင်းချက်ထုတ်စရာလည်းမရှိပါဘူး။ ဒါက RCSS ဖမ်းသွားတယ်ဆိုတာ အတတ်ပြောလို့ရပါတယ်။”
RCSS ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီရဲ့ ဦးဆောင်ကော်မတီဝင် စိုင်းလျန်းကတော့ RCSS အနေနဲ့ ဖမ်းဆီးခဲ့တာမဟုတ်ကြောင်း စာပြန်ခဲ့ပြီးသားဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော်တို့အဲဒီဒေသ ကုန်းပေါင်းရွာ၊ ပန်ကေတုကျေးရွာအုပ်စုထဲမှာရှိတယ်။ အဲဒီနေရာမှာ တပ်ပေါင်းစုတွေက နေပြီးတော့ အောက်တိုဘာ ၄ ရက်နေ့မှာ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တယ်။ အဲဒီကုန်းပေါင်းရွာမှာ တိုက်ပွဲဖြစ်တုန်းကဆိုလို့ရှိရင် တပ်ပေါင်းစုကနေပြီးတော့ ကုန်းပေါင်းရွာထဲကို လက်နက်တွေနဲ့ပစ်လို့ လူ ၆ ဦး ဒဏ်ရာရပြီး ဆေးရုံတက်ပါတယ်။ အဲဒီ ၄ ဦးထဲမှာမှ ၁ ဦးက ဆုံးသွားပါတယ်။ အဲဒါ ကုန်းပေါင်းရွာသားပါ။ ပြောရရင်တော့ အောက်တိုဘာလလောက်ကတည်းက အဖွဲ့တွေ တော်တော်များများ ရောကနေပြီးသားလည်း ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ တဖက်ကနေပြီးမှ ထိုးစစ်ဆင်လာတော့ ဒီအခင်းအကျင်းဖြစ်တဲ့ ဇန်ဝါရီလမှာ ကျနော်တို့ တပ်ဖွဲ့တွေက လုံးဝ ရှိမနေတော့ဘူး။ ”
၇ လသမီးအပါအဝင် ရက်စက်စွာ သတ်ဖြတ်ခံရတဲ့ ရုတ်လောင်းတွေကို တအာင်းလူမှုအဖွဲ့အစည်းတွေက ပြန်လည်ကောက်ယူးပြီး မတ်လ ၁၃ ရက်နေ့မှာ သင်္ဂြိုဟ်ခဲ့ကြပါတယ်။
သင်္ဂြိုဟ်ပွဲမှာ မိုင်းနုမ်ဟန်ကို တောင်ပိုင်းရှိ တအာင်းတို့ အာဇာနည်သူရဲကောင်းအဖြစ်သတ်မှတ်ကြဖို့ ဘုံသဘောတူညီပြီး အာဇာနည်ဗိမ္မာန်ကို ခမ်းနားအောင် လုပ်ဆောင်သွားကြဖို့ ရှိကြောင်းလည်း မိုင်းညီခမ်းက ပြောပါတယ်။
သေဆုံးသွားခဲ့တဲ့ မိုင်းနုမ်ဟန် (၃၉ နှစ်)၊ ဇနီးဖြစ်သူ လွေးအေးခ (၂၆ နှစ်)၊ သမီးဖြစ်သူ လွေးစိန်ပ္လါင် (၇ လ)တို့အတွက် တအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကော်မတီနဲ့ တအာင်းအမျိုးသမီးအဖွဲ့အစည်းတို့ကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ထုတ်ပြန်ခဲ့ကြပါတယ်။
ကလေး၊ အမျိုးသမီးပေါအဝင် အသတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး သေချာစုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ပြီး တရားမျှတမှုရရှိရေးတွက်လည်း ဆက်လက်တိုင်ကြားမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း မိုင်းညီခမ်းက ပြောပါတယ်။
ဓါတ်ပုံ - Mai A Naing