နွေဦးမှာ မထင်မှတ်ဘဲ ရုတ်တရက် ချက်ချင်းကြီး ကမန်းကတန်းကို ထထွက်ခဲ့ရတဲ့ ခရီးဟာ မိုင်တွေ အတော့်ကို များလာခဲ့ပါပြီ။
ရောက်တဲ့အရပ်မှာ ပျော်အောင်နေ၊ တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်းကာ ရတာလေးနဲ့ ဝအောင် စားခဲ့တာ နှစ်ပေါက်ခဲ့ပါပကော။
အဝေးမြို့ပေါ်က ‘အိပ်ခန်း’ လေးကိုတော့ တစ်ခါတစ်ခါ လွမ်းမိသား။ လွမ်းမိသော်ငြား ကြိုးစားပြီးတော့ မေ့ရတာပေါ့လေ။
သောကတွေကို မေ့အောင်ကြိုးစားနေရချိန်မှာ အာဝဇ္ဇန်းရွှင်ရွှင်နဲ့ ဇာတ်လမ်းလေးတွေ၊ ပုံပြင်လေးတွေ မကြာခဏ ပြောပြောပြတတ်တဲ့ မိတ်ဆွေသစ် အဘစောမူးသာနဲ့ တွေ့တဲ့ရက်ဆို ‘အပူတွေ’ ခေတ္တခဏ လျော့ပါးပြီး ‘ရင်ချောင်’တတ်တာတော့ အမှန်ပါပဲ။
တစ်ရက်တော့ လမ်းမှာ သူနဲ့ဆုံချိန် လက်ထဲမှာ ချိုင့်ကြီးနဲ့။ ဘယ်က ပြန်လာတာလဲလို့ နှုတ်ဆက်တော့ “ရွာ့တောင်ကျောင်းက” တဲ့။ အဲသည်ရွာမှာ ထူးထူးခြားခြား ဘုန်းကြီးကျောင်း နှစ်ကျောင်းတောင်မှ ရှိနေပါတယ်။
ရွာရဲ့ ‘တောင်ဘက်’ထိပ်မှာ တကျောင်း၊ ရွာရဲ့ ‘မြောက်ဘက်’ထိပ်မှာ တကျောင်းခင်ဗျ။
“အိမ်လိုက်ခဲ့အုံး လေ ဖေကြီး၊ ရေနွေးလေး ဘာလေးသောက်ရအောင်”
“ အမြည်းကော ရှိရဲ့လားအဘ . . ဟ ဟ ဟ . . . အမြည်းမရှိရင် အာပူတယ်လေ”
“ဟား ဟား ဟား ဟား ဟား ဟား . . အခုလို ‘သူကြီးကောင်’ မျိုးလည်း ရှိလည်း ရွာဆူတာပါပဲ မောင်ရာ”
“ဟား ဟား ဟား ဟား ဟား ဟား . . ဒီကောင်ကြီးက ‘သူကြီး’မှ မဟုတ်တာ။ ‘ဆယ်အိမ်ခေါင်း’ သာသာပါ ဗျာ”
“ဟား ဟား ဟား ဟား ဟား ဟား... ဆယ်အိမ်ခေါင်းအဆင့်ကနေ သူကြီးနဲ့ ရပ်ရွာလူကြီးတွေကို လက်နက်အားကိုးနဲ့ မတရား ပြန်ပေးဆွဲ အချုပ်ချထားရဲတဲ့ အလကား နလပိန်းတုံး ကံကြီးထိုက်ပြီး နိဂုံးချုပ်မယ့်ကောင်ပါကွာ”
“ဒါနဲ့ အဘ တောင်ကျောင်းက ပြန်လာတာ ဆိုတော့ . . .”
“အေးလကွာ . . . ဒီနေ့ ဆွမ်းချိုင့် ပို့ရမယ့်နေ့လေ။ ဒီနေ့ ငါတို့အိမ်အလှည့်”
ရွာကလူတွေက တစ်လမှာ တစ်အိမ်ကို တစ်ရက် တာဝန်ယူပြီး တောင်ကျောင်း နဲ့ မြောက်ကျောင်းကို ဆွမ်းချိုင့်ပို့ကြတယ်လို့ သိရပါတယ်။
“အေးကွ . . . မောင်ရင့်အတွက် ဇာတ်လမ်းလေးတစ်ပုဒ်တော့ ပြောပြအုံးမှပဲ။ ဟဲဟဲ ဟဲဟဲ ဟဲဟဲ”
“ဘုန်းကြီးပုံပြင်တော့ မဟုတ်လောက်ပါဘူးနော် . . . ဟဲ ဟဲ ဟဲ ဟဲ”
“ဟားဟား ဟားဟား ဟားဟား . . . . ‘ကိုယ်တော်စိမ်းပုံပြင်’ ပေါ့ကွာ . . ဟား ဟား ဟားဟား ဟားဟား”
အဘစောမူးသာ ပြောပြသည်မှာ တောင်ကျောင်းကိုယ်တော်သည် “စိမ်းသရဖူစိမ်း ကိုယ်တော်” ပါတဲ့ ခင်ဗျ။ ကျောင်းဝင်းအုတ်နံရံကိုတောင် ‘အစိမ်းရောင်’ သုတ်ထားသူပါတဲ့။ ဒါတင်မက ခေါင်မိုးသွပ်တွေကိုလည်း အစိမ်းပဲ သုတ်ထားတာပါတဲ့။ သူ တရားဟောတဲ့ပလ္လင်ပေါ်မှာလည်း အစိမ်းရောင်ကတ္တီပါ အခင်းစကို ခင်းထားပါသတဲ့။ ကျောင်းအပေါ်ထပ်ကိုလည်း ခန်းလုံးပြည့် ကော်ဇောအစိမ်းရောင်ကြီးများ ခင်းထားတဲ့ ဆရာတော် ဆိုပဲခင်ဗျ။
“တရွာတည်းသားတွေ ရပ်ဆွေရပ်မျိုးတွေလည်း ဖြစ်ပြန်ဆိုတော့ ပြောမနာ ဆိုမနာတွေလို့ပဲ ပြောရမှာပေါ့လကွာ”
ဒီမနက် ဆွမ်းထချက်ပြီး နေ့ဆွမ်းအမီ သွားကပ်ပြီး ပြန်မယ်လုပ်တော့ ကိုယ်တော်က ‘နေပါအုံးဟ.. စကားလေး ဘာလေးပြောရအောင် ဆိုတာနဲ့ ပြန်ထိုင်ရပါသတဲ့။
“ဟေ့ စောမူးသာ TV သတင်းတွေ ဘာတွေ ကြည့်ဖြစ်လား”
ဒါနဲ့ အဘစောမူးသာလည်း “ကြည့်ဖြစ်ပါကြောင်း . . PSI စလောင်းကလာတဲ့ DVB တို့၊ မဇ္ဈိမတို့၊ BBC တို့၊ RFA တို့၊ VOA တို့ကို ညစဉ် ညတိုင်း ကြည့်ဖြစ်ကြောင်း လျှောက်ထားတော့…
“ မြဝတီ တို့ ဘာတို့ကော ကြည့်ဖြစ်လား” လို့ မေးပြန်ပါသတဲ့။
“အဲသည်လိုင်းတွေ လုံးဝကိုမကြည့်တာ တစ်နှစ်ကျော်ပြီ ဘုရား”
“ကြည့်ကွ . . ‘မြဝတီ’လည်း ကြည့်ကွ။ ဒါမှ 'လူကြီးတွေ' နိုင်ငံ့အကျိုးကို ဘယ်လိုတွေ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်နေတယ်ဆိုတာ သိရမှာကွ”
“ဟားဟား ဟားဟား ဟားဟား”
“ဘာ ထရယ်တာလဲ စောမူးသာရ”
“ဟားဟား ဟားဟား ဟားဟား”
ကိုယ်တော်က မေးလေ သူက ရယ်လေ၊ ကိုယ်တော်က ထပ်ထပ်မေးလေ သူက ထပ်ထပ်ရယ်လေ ဆိုတော့ ကိုယ်တော်စိမ်းလည်း တင်းလာပုံပါပဲ တဲ့။
“အဲဒါတွေ ခက်တာဟ၊ တိုင်းပြည့်ခေါင်းဆောင်က ဘုရားတွေတည်၊ ဆရာတော်တွေကို ဘွဲ့တံဆိပ်တွေ ချီးမြှင့်ဆက်ကပ်၊ သာသနာတော်ကိုထောက်ပံ့ . . ပံ့ . . ပံ့”
“ပြီးတော့ကောဘုရား ဟဲ ဟဲ ဟဲ ဟဲ”
“ပြီးတော့ . . . အဲ . . လျှပ်စစ်ကားတွေ၊ မြေအောက်မှာ လျှပ်စစ်ရထားလမ်းတွေ ဖောက်တော့မှာကွ . . . "
“ဟဲ ဟဲ ဟဲ ဟဲ ဟဲ ဟဲ”
“ဘာရယ်ပြန်တာလဲဟ”
“အခု အရှင်ဘုရားကျောင်းမှာ မီးလာလား”
“အဲ နေ့တိုင်းပျက်တာ ကြာပြီလေဟာ”
“ဟဲ ဟဲ ဟဲ ဟဲ ဟဲ ဟဲ”
“ရယ်ပြန်ပြီ”
ဒါနဲ့ အဘစောမူးသာလည်း ကျောင်းပြတင်းကနေ အမှတ်တမဲ့လိုလို အောက်ကိုလှမ်းကြည့်လိုက်ပြီး ဘယ်လို စကားဆက်ရမလဲ ဆိုတာကို အကြံထုတ်ဖြစ်ပါသတဲ့။ အဲဒီမှာပဲ နှစ်ပေါက်နေပြီဖြစ်တဲ့ 'သိမ်' ဆောက်ဖို့ ဖောင်ဒေးရှင်းတူးထားခဲ့တဲ့ မြေကျင်းတန်းလန်းကြီးတွေကို နဂိုအတိုင်းကြီးပဲကို မြင်လိုက်ရပါရောတဲ့ ခင်ဗျ။
“ဒါနဲ့ စကားမစပ် . . သိမ်က ဘာဖြစ်လို့ မပြီးသေးတာလဲ ဘုရား”
“ဟေ . . . အေးကွ . . မနှစ်က ဒီအချိန်ပေါ့၊ ဖောင်ဒေးရှင်းတူးပြီးတာနဲ့ ရပ်သွားတာ . . . ခုထိပဲဟ”
“ဘာဖြစ်လို့ ရပ်သွားတာလဲ ဘုရား”
“အသေးစိတ်တော့ သိပါဘူးကွာ . . . မြို့က ဒကာတွေ လုပ်ငန်းတွေ ဘာဖြစ်လို့ ဆိုလား၊ ရပ်သွားလို့ ဆိုလား၊ ချိပ်ပိတ်လို့ဆိုလား . . . လူလည်း မလာတော့ဘူး၊ ဖုန်းလည်း မဆက်တော့ဘူး”
“တင်ပါ့ဘုရား”
“ငါ့မှာလည်း ငွေမရှိ၊ ရွာသားတွေမှာလည်း ငွေရှားပုံဆိုတော့ . . . ခက်တယ်ကွာ”
“တင်ပါ့ဘုရား . . . အခုနေများ တပည့်တော်နဲ့ အခုမြို့ကရောက်နေတဲ့ မိတ်ဆွေ ဒကာနဲ့က အရှင်ဘုရားရဲ့သိမ်ကြီးကို တစ်လအတွင်း အပြီးဆောက်ပေးမယ်ဆိုရင် အရှင်ဘုရား ဘယ်လို သဘောရပါသလဲ”
“ ဟေ . . . ဟေ့ . . . ဟေ့ . . . စောမူးသာ . . . တ . . . တ . . တကယ်ပြောတာလား၊ မင့်ဧည့်သည်က လုပ်ငန်းရှင် သူဌေးလား . . .”
“သူက အသိုင်းအဝိုင်း သိပ်ကောင်းတယ်။ လှူချင်တန်းချင်တယ်လို့လည်း မကြာမကြာ ပြောပြောနေတတ်တယ်။ သူ့မှာ အားကိုးလောက်တဲ့ ဘောစိမိတ်ဆွေတွေ အများကြီးကိုရှိတာ တပည့်တော် သိနေတယ်ဘုရာ့”
“ဟေ . . . အေး . . . ဘုရားဟောထဲမှာလည်း အတိအလင်း ပါသားပဲ၊ 'မိတ်ဆွေကောင်းရှိတဲ့သူဟာ အရာရာမှာ ပြီးမြောက်အောင်မြင်နိုင်တယ်' ဆိုတာ "
“တင်ပါ့ ဘုရား”
“အေး . . . မင့်မိတ်ဆွေလည်း တစ်ရက်တော့ ကျောင်းကို ခေါ်ခဲ့ပါအုံးဟာ၊ မေးရမြန်းရ တိုင်ပင်ကြည့်ရအောင်ပေါ့”
အဘ စောမူးသာကား သူ့ဟာသူလည်း ပြောရင်း သူ့ဟာသူလည်း 'တဟားဟား'ရယ်ရင်းဗျ။ ကျနော် ' ထိတ် ' သွားတယ်။
“ဒါ . . . ဒါဆို . . ကျနော်က ဆရာတော်နဲ့ လိုက်တွေ့ရအုံးမှာလား အဘရယ် . . ဘုရား ဘုရား ဘုရား . . .”
“ဟားဟား ဟားဟား ဟားဟား . . . လိုက်တွေ့စရာ မလိုတော့ပါဘူးဟာ၊ ကိစ္စဖြတ်ထားခဲ့ပြီကွ”
“ ဘယ်လိုပါလိမ့် အဘရာ”
“ ဟားဟား ဟားဟား ဟားဟား . . .”
ဆရာတော်က မျှော်လင့်ချက်ရောင်ခြည်လေးကို ရုတ်တရက်မြင်လိုက်ရတော့ သိပ်ကို ဝမ်းသာသွားတဲ့ မျက်နှာကြီးဟာ လပြည့်လကြီးလို ဝင်းလို့ အရောင်တွေ ထိန်လို့တဲ့ ခင်ဗျ။ သူ ဆက်ပြောတဲ့ အဆုံးသတ်ကလေးကတော့ ဒီလိုပါ မိတ်ဆွေ။
“လုပ်ငန်းစမယ့်ရက်ဟာ အရေးကြီးတယ် အရှင်ဘုရား”
“အိမ်း . . . မှန်သကွ စောမူးသာရ . . . အိမ်ပဲ ဆောက်ဆောက် ကျောင်းပဲ ဆောက်ဆောက်၊ တံတားပဲဆောက်ဆောက်၊ ရေတွင်းရေကန်ပဲတူးတူး ဘာပဲလုပ်လုပ် လုပ်ငန်းစမယ့်ရက်ဟာ သိပ်ကိုအရေးကြီးတာပေါ့ကွ၊ ရက်ကို သေသေချာချာ့ကို တွက်ချက်ပြီး ရွေးကြရတယ်ကွ”
“တင်ပါ့ဘုရား”
“မင့်လူ သေချာတယ်ဆိုရင် ဘယ်လိုရက်မျိုးမှာ အုတ်မြစ်ချရင်ကောင်းမလဲဆို တွက်ချက် တိုင်ပင်ရအောင် ကျောင်းကို ခေါ်ခဲ့အုံးကွာ”
“တင်ပါ့ဘုရား . . . တပည့်တော်မိတ်ဆွေကိုလည်း ခေါ်ခဲ့ပါအုံးမယ်၊ တပည့်တော်လည်း လောလောဆယ် တွက်ချက်ကြည့်ပါအုံးမယ်”
“အိမ်း . . . တွက်စမ်းပါအုံး ဟ”
“အင်း . . . အရှင်ဘုရားရဲ့သိမ် အုတ်မြစ်ချမယ့်နေ့ကို ဟိုနေ့ဆို ကောင်းမလား”
“ဘယ်နေ့လဲ စောမူးသာ ရ”
“ မအလကြီး မြေအောက်လျှပ်စစ်ရထား လမ်းကို ပန္နက်ရိုက်မယ့်နေ့မှာပဲ တပည့်တော်တို့လည်း သိမ်ကို အုတ်မြစ်ချကြတာပေါ့ ဘုရား . . .”
“ ဟေ . . . စော မူး သာ . . . မင်း မင်း မင်း ကွာ . . ခွီးတဲ့မှပဲ . . .”
ဖေကြီး(လေရှီး)