
ထိုင်းနိုင်ငံဘက်ကို ကန်ချနဘူရီခရိုင်ထဲက တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင် ရောက်လာခဲ့တဲ့ မြန်မာနိုင်ငံသား ၁၆၉ ယောက်ကို ပြီးခဲ့တဲ့ ၂ ရက်အတွင်း နယ်စပ်ကင်းလှည့်တပ်တွေက နေရာ ၆ ခုမှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
ဖမ်းမိသူတွေထဲမှာတော့ အမျိုးသား ၁၂၁ ယောက်နဲ့ အမျိုးသမီး ၄၈ ယောက်ပါဝင်ပြီး ထိုင်းဘက်ကို ဖြတ်ကျော်နိုင်ဖို့ လမ်းပြကူညီခဲ့သူ ထိုင်းနိုင်ငံသား အမျိုးသား ၄ ယောက်ကိုပါ ဖမ်းဆီးနိုင်ခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ဖမ်းမိသူတွေထဲက တချို့အုပ်စုတွေကတော့ ကားထဲမှာ ပုန်းအောင်းလိုက်ပါလာကြကာ တချို့ကတော့ တောတောင်တွေထဲမှာ ပုန်းအောင်းပြီး သူတို့ကို ချိတ်ဆက်လာခေါ်မယ့် ကားတွေကို စောင့်ဆိုင်းနေခဲ့ကြတာလို့ ဆိုပါတယ်။
သူတို့ကို သက်ဆိုင်ရာက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်း ရှိ၊ မရှိ ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ချိန်မှာတော့ ထူးခြားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
သူတို့ကို စစ်ဆေးမေးမြန်းချိန်မှာတော့ သူတို့ဟာ မြန်မာနိုင်ငံ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနဲ့ ရခိုင်ဒေသတွေကနေ ထိုင်းနိုင်ငံ ဆမွတ် စာခွန်၊ ရာယောင်၊ ကန်ချနဘူရီနဲ့ ဘန် ကောက်ဒေသတွေမှာ အလုပ်လုပ်ကိုင်ဖို့ လာရောက်ခဲ့ကြတာဖြစ်ပြီး တယောက်ကို ပွဲစားခ ဘတ် ၁၅,၀၀၀ ကနေ ၃၀,၀၀၀ ကြား ပေးခဲ့ကြရကာ တချို့ကတော့ ဦးတည်ရာ အလုပ်နေရာရောက်မှ ပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့ လာရောက်ခဲ့ကြတာလို့ ပြောပါတယ်။
လက်ရှိမှာတော့ သူတို့ကို ကင်းလှည့်တပ်ဖွဲ့ကနေ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေဆီ ပို့ဆောင်ပြီး ဥပဒေကြောင်းအရ လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ကာ နေရပ် ပြန်လည်ပို့ဆောင်နိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့အတူ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် နယ်စပ်ကတဆင့် ထိုင်းနိုင်ငံဘက်ဆီ တရားမဝင် ခိုးဝင်လာတာတွေ ဆက်တိုက်ရှိနေပြီး သိပ်မကြာသေးခင်ကတော့ တရားမဝင် ဝင်ရောက်လာသူ ၈ သောင်းလောက်ထိ ဖမ်းဆီးနိုင်ခဲ့ပြီး အများစုကတော့ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ရွှေ့ပြောင်းလုပ်သားကွန်ရက်က ပြောရေးဆိုခွင့်ရသူ အဒီဆွန် ကာ့ဒ်မွန်ခွန်က ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်းအိုချာကတော့ နိုင်ငံတွင်း စီးပွားရေးနာလံပြန်ထူနိုင်ဖို့ ခြိမ်း ခြောက်နေတဲ့ လုပ်သားအင်အားပြတ်လပ်မှုကို ဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အ စည်းတွေအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေက လုပ်သားတွေ ထိုင်းနိုင်ငံတွင်း တရားဝင်အလုပ်လုပ်ခွင့်ရရှိနိုင်ဖို့ မှတ်ပုံတင်နိုင်ရေး ကြိုးပမ်းအားထုတ်ကြဖို့ ပြောထားပါတယ်။
ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ်(အက်ဖ်တီအိုင်)ကတော့ စက်မှုလက်မှုနဲ့ ထုတ်လုပ်ရေးလုပ် ငန်းခွင် အပါအဝင် ခရီးသွားလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အရေးပေါ်ရွှေ့ပြောင်း အလုပ်သမား ၈ သိန်း လိုအပ်ချက်ရှိနေတယ်လို့ ပြောပါတယ်။