
၁။
“အဲဒီတုန်းက ဖောင်ကလည်း မပြည့်သေး၊ ကဗျာကိုလည်း သဘောကျလို့ ဖောင်ပိတ်တဲ့သဘော ထည့်လိုက်တာ”
ကျနော်က လမ်းစကောင်းကောင်းရပြီမို့ စိတ်လှုပ်ရှားလာရ၏။ မေးခွန်းထပ်မေးမည်ရှိစဥ်မှာပင် ဦဝင်းခက်(ကွယ်လွန်)က သူ့စကားကို ဆက်ပြော၏။
“အမှန်က ဝင်းလတ်က အဲဒီကဗျာထဲမှာ ဗိုလ်နေဝင်းကို မျက်လှည့်ဆရာကြီးအနေနဲ့ တင်စားပြီး ပညာသားပါပါနဲ့ သွယ်ဝိုက်ပြီးဆော်ခဲ့တာကွ၊ ဒီကဗျာကြောင့်ပဲ ငါရော ဝင်းလတ်ရော နှစ်နှစ်စီ ထောင်နန်းစံရတာပဲ၊ ရှုဒေါင့်လည်း အပိတ်ခံရတော့တာပဲ”
ဦးဝင်းခက် အိမ်ပြန်သွားပြီနောက် ကျနော်တစ်ယောက်တည်း ကျန်ရစ်စဥ် ကျနော့်အတွေးများကား အမျှင်မပြတ်မချင်တော့။
ကျနော်သည် လွတ်လပ်သောအာရှအသံ (RFA) တွင် ကဗျာနှင့်ပတ်သက်သော အသံလွှင့်အစီအစဥ် ပုံမှန်အသံလွှင့်နေစဥ်က ဖြစ်သည်။ ထိုစဥ်က ရှစ်လေးလုံးအရေးတော်ပုံကြီး အကြမ်းဖက်ဖြိုခွဲခံရပြီးနောက် စစ်ဝါဒီများ တိုင်းပြည်အုပ်ချုပ်နေသောအချိန် ဖြစ်သည်။
ကျနော်က ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် နေထိုင်ပြီး အသံလွှင့်အစီစဥ်များ အပတ်စဥ် တင်ဆက်နေသောအချိန် ဖြစ်သည်။ ဦးဝင်းခက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၏ ဥက္ကဋ္ဌအဖြစ် ပြည်ပတွင်ပင် နေထိုင်ဆောင်ရွက်နေသူ ဖြစ်သည်။ ၂၀၀၅ ခုနှစ်။
၁၉၆၂ ခု ဗိုလ်ချုပ်ကြီးနေဝင်းက တိုင်းပြည်အာဏာ မတရားသိမ်းယူပြီးနောက်ပိုင်းတွင် ဦးဝင်းခက်သည် ရှုဒေါင့်ဂျာနယ်၏ တာဝန်ခံအယ်ဒီတာအဖြစ်လည်း ဆောင်ရွက်ခဲ့၏။ ထိုစဥ်က ကဗျာဆရာဝင်းလတ်၏ ကဗျာဖြစ်သည့် “မျက်လှည့်ဆရာကြီးရဲ့မယား” ကဗျာကို ရှုဒေါင့်ဂျာနယ်တွင် ထည့်သွင်းဖော်ပြသဖြင့် ဂျာနယ်လည်း အပိတ်ခံရ၊ သူနှင့် ကဗျာဆရာ “ဝင်းလတ်” လည်း ထောင်နှစ်နှစ်စီ ကျခံခဲ့ကြရ၏။
ထိုအဖြစ်အပျက် ထိုအကြောင်းအရာကို ကျနော် စိတ်ဝင်စားခဲ့၏။ ထို့ကြောင့် ကဗျာနှင့်တကွ အသံလွှင့်တင်ဆက်ရန် အယ်ဒီတာဟောင်း ဦးဝင်းခက်နှင့် လူချင်းတွေ့ဆုံကာ မေးမြန်းရ၏။ ဖြစ်ပျက်ပုံ အလုံးစုံကို သိရပြန်တော့လည်း ဝင်းလတ်၏ “မျက်လှည့်ဆရာကြီးရဲ့မယား” ကဗျာကိုမူ ဦးဝင်းခက်က လုံးစေ့ပတ်စေ့ မမှတ်မိတော့။ ထို့ကြောင့် ထိုစဥ်အချိန်က ယင်းကဗျာကို အသံမလွှင့်နိုင်ခဲ့။ အမှန်တကယ်တော့ ဝင်းလတ်၏ “မျက်လှည့်ဆရာကြီးရဲ့မယား” ကဗျာကို အသံလွှင့်တင်ဆက်ရန် စိတ်ထက်သန်နေခဲ့သည်မှာ ကြာပြီဖြစ်၏။ သို့သော် အသေးစိတ် အချက်အလက်နှင့် ယင်းကဗျာစာသားအမှန်ကို ကျနော် မသိ။ ထိုစဥ်က ယခုလို အင်တာနက်လူမှုကွန်ရက်လည်း မရှိသေး။ ထို့ကြောင့် ယင်းအဖြစ်အပျက် အဓိကပါဝင်ပတ်သက်ခဲ့သူ အယ်ဒီတာဟောင်း ဦးဝင်းခက်နှင့် ကံအားလျော်စွာ တွေ့ဆုံစဥ် လူချင်းတွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်သည်။ သို့သော် အဖြစ်အပျက်အမှန်ကို သိရပေသည့် ယင်း “မျက်လှည့်ဆရာကြီးရဲ့မယား” ကဗျာကိုမူ ဦးဝင်းခက်ကလည်း မမှတ်မိ။ မည်သူ့ကိုမှလည်း မေးလို့မရ။ ထို့ကြောင့် မချင့်မရဲ မကျေမနပ်နှင့်ပင် နောင် ယင်းကဗျာကို ရှာဖွေလို့ရသည့်အခါကျမှသာ အသံလွှင့်ရန် ဆုံးဖြတ်တေး မှတ်ထားခဲ့ရ၏။
၂။
၂၀၁၂ ခုနှစ် တိုင်းပြည် တစ်စုံတရာ ဒီမိုကရေစီပြောင်းလဲလာသောအခါ ပြည်တွင်းသို့ ကျနော် ပြန်ဝင်လာခဲ့၏။
၂၀၁၃ ခုနှစ်တွင် RRA ကဗျာကဏ္ဍ ရပ်ဆိုင်းလိုက်ရ၏။ ကျနော်သည် မဇ္ဈိမသတင်းဌာနတွင် အယ်ဒီတာ ဝင်လုပ်၏။ ထိုအခါကျမှပင် မြန်မာ့မျက်မှောက်သမိုင်းတွင် စစ်အာဏာရှင်ကို ပထမဆုံး ပြောင်လှောင်တိုက်ခိုက်ခဲ့သည့် ဝင်းလတ်၏ “မျက်လှည့်ဆရာကြီးရဲ့မယား” ကဗျာကို အင်တာနက်လူမှုကွန်ရက် အကူအညီဖြင့် ကျနော် ရလာခဲ့၏။ သို့သော် အသံလွှင့်တင်ဆက်နိုင်ဖို့ကိုမူ အခြေအနေ မပေးတော့ချေ။
ကျနော့်အနေဖြင့် ဒီကဗျာ အသံမလွှင့်နိုင်ခဲ့လို့ တာဝန်မကျေဘူးလို့ပဲ ခံစားခဲ့ရ၏။ ကျနော် အသံလွှင့်ခဲ့သည့် ကဗျာ့အိုးဝေ အသံလွှင့်အစီစဥ်သည်လည်းပဲ ဒီကဗျာကို ထည့်သွင်း မတင်ဆက်ခဲ့ရသည့်အတွက် ပြည့်စုံတဲ့အစီအစဥ်မဟုတ်ဘူးလို့လည်း ခံယူမိပါသည်။ အောက်မှာ ဝင်းလတ်ရဲ့ “မျက်လှည့်ဆရာကြီးရဲ့မယား” ကဗျာကို ဖော်ပြပေးလိုက်ပါသည်။
မျက်လှည့်ဆရာကြီးရဲ့မယား
(၁)
ရကာစတော့
အိမ်ကပူရ၊ သူမျက်လှည့်ပြသွားတိုင်း
စိတ်က လုံး၀မချဘူး။
(၂)
လိမ်လည်ပြသ၊ လွဲချွတ်က
ပြရင်း အရှက်ကွဲခဲ့လေမလား။
ကြက်တူရွေး
မြွေပွေးနဲ့ မျောက်၊ စိတ်ရူးပေါက်ပြီး
ဖေါက်လာလေက
မြွေကပဲ ကိုက်လိုက်လေမလား
မျောက်ကပဲ ဂျစ်လေမလား။
လက်ထောက်ကောင်လေး
နှစ်ယောက်မွေးထား၊ ကောင်လေးတွေက
ခတ်အအ ရယ်
ဘာမှမပြောတတ်၊မပြတတ်သေး ၊
(ကျမစိတ်လေးရဲ့)
ပြေးပေါက်မှားခဲ့ကြလေမလား။
(၃)
၉-နှစ်၁၀-နှစ်
နှစ်တွေကြာလာ၊ စိုးရ်ိမ်တာတွေ
ဘာမှမရှိတော့
ကျမယောကျ်ား
အတော်သားတော့၊ ပြသွားတိုင်းမှာ
ပွဲတိုင်းပါပဲ
သေချာပိရိတဲ့ မျက်လှည့်ဆရာကြီးပါ။
(၄)
ကြက်တူရွေး
သင်ပေးတာပဲ၊ တဂဲဂဲနဲ့
တကတဲ သဘောကောင်းတဲ့ကောင်လေး။
မြွေပွေးမြွေပွေးနဲ့
ဟိတ်ပြေးလေသမျှ၊ မောင်နဲ့ကျတော့
မောင်အဆိပ်ထုတ်ထားတော့
အလကားကြိုးခွေပမာပါ။
မျောက်ဆိုတာဆော့တတ်တယ်
ဆော့လေသမျှ၊ မောင်ကြိုးကိုင်လှတော့
အကကောင်းတယ် ဖြစ်လာတယ်။
ခေတ်မီနည်းများနဲ့
ပြသားပြကွက်၊ အသစ်စက်စက်တွေ
မျက်လှည့်ဘက်မှာတော့ မောင်ကထိပ်။
(၅)
လက်ထောက်ကောင်လေး
အ,အလေးတွေ
မွေးထားတာက၊ ဟန်တောင်ကျသေး
ဘာမှ အာခံရဲမှာမဟုတ်
ဘယ်တော့မှ ဘ၀င်ထောင်တတ်မှာမဟုတ်။
(၆)
မောင် မျက်လှည့်ပြ ထွက်သွားက
ကျမစိတ်မှာ၊ မပူပါ
ယုံလာပြီ ယုံပါပြီ။
မျက်လှည့်ကအပြန်မှ
အပန်းဖြေရန်စုံတွဲ
ကျမတို့နှစ်ယောက်ထဲလေ
ရုပ်ရှင်လည်းသွားလိုက်ဦးမယ်။
အိမ်လည်လည်း ထွက်လိုက်ဦးမယ်။
အိမ်မှာ ကြာကြာနေရတာ
ပျင်းစရာကောင်းတယ်ရှင့်။
၀င်းလတ်
ရှုဒေါင့်ဂျာနယ်၊ အမှတ် ၆၅
၁၊ ဒီဇင်ဘာ၊ ၁၉၇၁
အမှန်တကယ်တော့ ကဗျာဆရာ “ဝင်းလတ်”သည် မြန်မာ့မျက်မှောက်ခေတ်သမိုင်း၌ စစ်အာဏာရှင်ကို ကဗျာနှင့် လှောင်ပြောင်ရှုတ်ချခဲ့သူ ပထမဆုံးကဗျာဆရာ ဖြစ်၏။ သူ၏ “မျက်လှည့်ဆရာကြီးရဲ့မယား” ကဗျာသည်လည်း မြန်မာ့မျက်မှောက်ခေတ်သမိုင်း၌ စစ်အာဏာရှင်ကို ပထမဆုံး လှောင်ပြောင်ရှုတ်ချ တိုက်ခဲ့သည့် ကဗျာ ဖြစ်လာခဲ့၏။
သည်အချက်ကိုကြည့်လျှင် ဝင်းလတ်၏ “မျက်လှည့်ဆရာကြီး၏မယား” ကဗျာသည် မျက်မှောက်ခေတ် စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲ သမိုင်းတွင် တပ်ဦးမှ ရပ်တည်ခဲ့သည့် ကဗျာတစ်ပုဒ်အဖြစ် ယူဆရမည်ဖြစ်ပေသည်။ ။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)