DVB Logo
Home
မြန်မာသတင်း
နှစ်သစ်ကူးအပစ်အခတ်ရပ်စဲရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်သစ်တောင်းဆို
DVB
·
December 28, 2021
နှစ်သစ်ကူးအပစ်အခတ်ရပ်စဲရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်သစ်တောင်းဆို
Donate to DVB

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ပြင်းထန်လာမှာကို စိုးရိမ်ကြောင်းနဲ့ လူသားချင်းစာနာမှု အကူအညီတွေ လွယ်ကူချောမွေ့စေဖို့ နှစ်သစ်ကူး အပစ်အခတ်ရပ်စဲဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်သစ် ဒေါက်တာ နိုလင်းဟေဇာက   တောင်းဆိုလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ ၂ ပတ်လောက်က ရာထူးတာဝန်ယူပြီးနောက် ဒီဇင်ဘာ ၂၇ ရက်နေ့စွဲနဲ့ ပထမဆုံး တရားဝင်ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံတဝန်းလုံးမှာ ပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ဒေါက်တာ ဟေဇာက တောင်းဆိုခဲ့တာပါ။

နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်ဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့အတွက် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေးဥပဒေအောက်မှာ သူတို့ရဲ့တာဝန် ဝတ္တရားတွေကို အပြည့်အဝ လေးစားလိုက်နာဖို့၊ လိုအပ်တဲ့အခါ ဘေးကင်းရာနေရာကို လွတ်လပ်စွာ သွားလာခွင့် သေချာဆောင်ရွက်ပေးဖို့နဲ့ အကြမ်းဖက်မှုမှ ထွက်ပြေးတိမ်းရှောင်လာသူတွေ အပါအဝင် လိုအပ်နေသူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်ခွင့်ပြုဖို့ ဒေါက်တာ ဟေဇာက တိုက်တွန်းထားပါတယ်။

မြန်မာစစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းနေချိန်ဖြစ်ပြီး အထူးသဖြင့် လူပေါင်းများစွာ သေဆုံးခဲ့ရတဲ့ ခရစ္စမတ် သီတင်းပတ်အပြီးမှာ ကုလသမဂ္ဂ အထူးသံတမန်သစ်ရဲ့ မှတ်ချက် ထွက်ပေါ်လာခဲ့တာပါ။ 

ကရင်ပြည်နယ်မှာ ဒီဇင်ဘာ ၁၅ ရက်ကစတင်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်တွေကြား တိုက်ပွဲတွေကြောင့် ရွာသူရွာသား ထောင်နဲ့ချီပြီး ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

တိမ်းရှောင်လာသူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေက ထိုင်းနိုင်ငံရဲ့ နယ်နိမိတ်ကို ဖွင့်ပေးဖို့ တိုက်တွန်းခဲ့ပြီး အကူအညီပေးရေးအဖွဲ့တွေအနေနဲ့ လိုအပ်နေသူတွေကို ကူညီခွင့်ပြုဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ 

ဒီဇင်ဘာ ၂၇ ရက်နေ့ကတော့ ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ထားနီးဆိုင်ရတ်က ထိုင်းအစိုးရဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီနဲ့ အနီးကပ် လုပ်ဆောင်ခဲ့ပြီး အကဲဖြတ်ချက်တွေကို မျှဝေဖို့နဲ့ ထိုင်းအာဏာပိုင်တွေ ကိုယ်တိုင်က အခြေအနေကို မထိန်းနိုင်တော့လို့ လိုအပ်ချက်တွေ ပေါ်ပေါက်လာပါက စီစဉ်ဆောင်ရွက်သင့်တာတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ 

လက်ရှိမှာ အမျိုးမျိုးသောကာကွယ်ရေးနဲ့ တခြားလိုအပ်ချက်တွေကို အေဂျင်စီ အချင်းချင်း အလုပ်အဖွဲ့နဲ့ ဖြည့်ဆည်းပေးနေကြောင်းနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါအပါအဝင် လူကုန်ကူးမှုအထိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကိစ္စတွေလို စိုးရိမ်ပူပန်မှုအများအပြားကို ဖြေရှင်းနိုင်ဖို့ နယ်စပ်တလျှောက် မငြိမ်မသက်ဖြစ်နေတဲ့ အခြေအနေတွေကို ဆက်လက် စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ကြီးထွားလာနေတဲ့ အကြမ်းဖက်မှုတွေကြောင့် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားရာနဲ့ချီပြီး အကာအကွယ်နဲ့ အကူအညီတွေ ရယူဖို့ နယ်စပ်ဖြတ်ကျော် ခိုလှုံနေကြရပြီး အများအပြားမှာ နိုင်ငံအတွင်း ပိတ်မိနေကြတယ်လို့ ဒေါက်တာ ဟေဇာက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ သက်ဆိုင်သူအားလုံးကို တက်ကြွစွာ တိုင်ပင်ဆွေးနွေးထားပြီး ဒေသတွင်း စည်းလုံးညီညွတ်မှုအပေါ် အခြေခံတဲ့ နိုင်ငံတကာရဲ့ စည်းလုံးညီညွတ်တဲ့ ပံ့ပိုးကူညီမှုတွေကို စုစည်းဖို့ ဆက်လက်အာရုံစိုက်လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013