
ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ဟာ သူ့ရဲ့ပလက်ဖောင်းပေါ်မှာ အမုန်းစကားတွေကို တားဆီးဖို့ ပျက်ကွက်နေပြီး ထိခိုက်လွယ် မြန်မာလူနည်းစုတွေအပေါ် အကြမ်းဖက်မှုကို ပိုမိုဆိုးရွားစေတယ်ဆိုပြီး ရိုဟင်ဂျာဒုက္ခသည်တွေက ဖေ့စ်ဘွတ်ကုမ္ပဏီကို ဒေါ်လာ ၁၅၀ ဘီလီယံ နစ်နာကြေး ရလိုမှုနဲ့ တရားစွဲလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား တရားရုံးမှာ တိုင်ကြားခဲ့တဲ့ အဲ့ဒီတိုင်ကြားချက်မှာ ဖေ့စ်ဘွတ်ခ်ကနေ သုံးစွဲတဲ့ algorithms ပုံစံခွက်က မဟုတ်မမှန်တဲ့သတင်းတွေကိုမြှင့်တင်ပေးပြီး လက်တွေ့ကမ္ဘာမှာ အကြမ်းဖက်မှုကိုဖြစ်စေတဲ့ အတွေးအမြင်တွေကို အစွန်းရောက်စေတယ်လို့ ဖော်ပြထားပါတယ်။
ဖေ့စ်ဘွတ်ခ်ဟာ သူတိုးတက်ကြီးထွားဖို့အတွက် ထူးခြားတဲ့မစ်ရှင်ကို ပရိုဂရမ်ထည့်ဆွဲထားတဲ့ စက်ရုပ်နဲ့တူနေတယ်လို့ တရားရုံးစာတမ်းမှာ ဖော်ပြထားပါတယ်။
ငြင်းလို့မရနိုင်တဲ့ အဖြစ်မှန်ကတော့ အမုန်းတရားတွေ၊ ကွဲပြားမှုတွေနဲ့ သတင်းမှားတွေကြောင့် ဖေ့စ်ဘွတ်ရဲ့ ကြီးထွားမှုက ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေရဲ့အသက်တွေ ဆုံးရှုံးသွားရအောင် လှုံ့ဆော်ခဲ့တာပါလို့ ဖော်ပြထားပါတယ်။
ဖေ့စ်ဘွတ်ခ်ရဲ့algorithms တွေဟာ သုံးစွဲသူတွေကို ပိုပြီးအစွန်းရောက်စေတဲ့ အုပ်စုတွေနဲ့ပူးပေါင်းဖို့ တွန်းအားပေးနေပြီးတော့ အာဏာရှင်ဆန်တဲ့ သက်ဦးဆံပိုင် နိုင်ငံရေးသမားတွေနဲ့ အစိုးရတွေက အမြတ်ထုတ်ဖို့ လမ်းဖွင့်ပေးထားတဲ့ အခြေအနေလို့လည်း တရားဝင်တိုင်ကြားချက်မှာ ဖော်ပြထားပါတယ်။
ဖေ့စ်ဘွတ်ခ်ကတော့ မြန်မာနိုင်ငံမှာ အမုန်းစကားတွေကို တိုက်ဖျက်ဖို့ သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ အရင်ကတည်းက ကတိပြုထားပြီး မြန်မာဘာသာစကားပြောဆိုသူ ဒါဇင်ပေါင်းများစွာကို ငှားရမ်းခန့်အပ်ထားပါတယ်။
ဒါပေမဲ့လည်း ဖေ့စ်ဘွတ်ခ်ဟာ သတင်းအမှားတွေနဲ့ အွန်လိုင်းမှာ သတင်းမှား ပျံ့နှံ့မှုတွေကို ဟန့်တားဖို့ လုံလောက်တဲ့ တားဆီးဆောင်ရွက်မှုတွေ မရှိဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက စွဲချက်တင်ထားတာ အတော်ကြာနေပါပြီ။
သူ့ပလက်ဖောင်းပေါ်မှာ အမုန်းစကားတွေကို သတိပေးထားပေမဲ့လည်း ကုမ္ပဏီက လုပ်ဆောင်ဖို့ ပျက်ကွက်တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် ဇွန်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအပြီး မြန်မာနိုင်ငံကနေ ထွက်ပြေးလာပြီးနောက် အမေရိကန်မှာ ရောက်နေတဲ့ ခန့်မှန်းခြေ ရိုဟင်ဂျာ ၁၀၀၀၀ လောက်ရဲ့ ကိုယ်စား နစ်နာကြေး အဖြစ် ဒီအမှုမှာ အမည်မဖော်လိုတဲ့ တရားလိုဖြစ်သူက အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံ ရလိုမှုနဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။
ဖေ့စ်ဘွတ်ခ်ကတော့ သူ့ကုမ္ပဏီကို တရားစွဲထားတဲ့ တိုင်ကြားချက်အပေါ် တုံ့ပြန်ခြင်း မရှိသေးပါဘူး။
လူမျိုးတုံးသတ်ဖြတ်မှုလို့ ကုလသမဂ္ဂက ပြောကြားခဲ့တဲ့ ၂၀၁၇ ခုနှစ်က စစ်တပ်ကျောထောက်နောက်ခံပြု စစ်ဆင်ရေးတစ်ခုမှာ ရိုဟင်ဂျာ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နယ်စပ်ဖြတ်ကျော် ထွက်ခွာသားခဲ့ရပြီး အဲ့ဒီအချိန်ကတည်းက ကျယ်ပြောလှတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတာပါ။