DVB Logo
Home
မြန်မာသတင်း
အောက်ဆီဂျင်ကိစ္စ နိုင်ငံရေးအမြတ်မထုတ်ရန် အာဏာသိမ်းစစ်ခေါင်းဆောင်ပြော
DVB
·
July 13, 2021
အောက်ဆီဂျင်ကိစ္စ နိုင်ငံရေးအမြတ်မထုတ်ရန် အာဏာသိမ်းစစ်ခေါင်းဆောင်ပြော
Donate to DVB

အောက်ဆီဂျင်ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ အမြတ်ထုတ်ချင်တဲ့ လုပ်ရပ်တွေ မလုပ်ဖို့ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဇူလိုင် ၁၂ ရက်က  နေပြည်တော်မှာ ကျင်းပတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးမှာ ပြောသွားဖြစ်ပါတယ်။

လက်ရှိအနေအထားမှာ အောက်ဆီဂျင်လုံလုံလောက်လောက်ရှိတဲ့ အကြောင်း  လူတွေက ကြောက်လန့်စိုးရိမ်ပြီးတော့ တချို့ကလည်း ဝယ်ထားတာ၊ တချို့က မသမာတဲ့နည်းနဲ့ လုပ်ဖို့ကြိုးစားနေတာရှိပြီး ဒီအပေါ်မှာ နိုင်ငံရေးအရ အမြတ် ထုတ်ဖို့ ဆောင်ရွက်လိုတဲ့လူတွေလည်း ရှိတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

“ဒါနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတော့ သိပ်မဖြစ်စေဖို့ရယ်။ မလိုအပ်တဲ့ ကောလာဟလတွေ ဖြန့်ချိပြီးတော့ ဆောင်ရွက်တာမျိုး မလုပ်ကြဖို့ရယ်။ ပြည်သူတွေကလည်း ဒါလေးပူးပေါင်းဆောင်ရွက်ပေးဖို့ကိုလည်း ကျနော်ပြောလိုပါတယ်။ အဓိကကတော့ ဒီအပေါ်မှာ နိုင်ငံရေးအရ အမြတ်ထုတ်ချင်တဲ့ လုပ်ရပ်တွေ မလုပ်ဖို့ လိုတယ်ဆိုတာလေးလည်း ကျနော်ပြောလိုပါတယ်။ ဒါက လူမှုရေးကိစ္စဗျ။ ကျန်းမာရေးကိစ္စ။ လူ့အသက်ကိစ္စ။ ဒါ နိုင်ငံရေးကိစ္စမဟုတ်ဘူး။ ကျန်းမာရေးကိစ္စ။ လူ့ အသက်ကိစ္စ။ ဒီအပေါ်မှာ လာပြီးတော့မှ ဒုက္ခရောက်အောင် မလုပ်ဖို့လိုတယ်။ ဒါ လုပ်တယ်ဆိုလို့ရှိရင်တော့ တော်တော်ကို မိုက်မဲရာကျတဲ့လုပ်ရပ်ပဲလို့ ကျနော်ပြောလိုတယ်။”

မြန်မာနိုင်ငံတဝန်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူရော သေဆုံးသူတွေပါ စံချိန်တင် မြင့်တက် နေပြီး ရန်ကုန် မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာပါ လူနာတွေအတွက် အောက်ဆီဂျင်ရှားပါး ပြတ်လပ် ဈေးနှုန်းမြင့်တက်မှုတွေနဲ့ တွေ့ကြုံနေတာပါ။

တချို့မြို့နယ်တွေမှာတော့ ပရဟိတအဖွဲ့တွေက အောက်ဆီဂျင်တွေ အခမဲ့ ကူညီပေးနေတာ တွေလည်းရှိတဲ့ အတွက် အောင်စီဂျင်ရရှိရေး  ပြည်သူတွေသွားရောက် တန်းစီစောင့်ဆိုင်း နေကြရတာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ တစ်နေ့ကို အောက်ဆီဂျင် အလုံးပေါင်း ၁၄၄၀ ထုတ်နိုင်တဲ့ အောက်ဆီဂျင်စက်ရုံတစ်ရုံ  ရန်ကုန်မှာ တစ်လအတွင်းပြီးအောင် ဆောက်လုပ်နေတယ်လို့လည်း ပြောပါတယ်။  

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ စဖြစ်ချိန်ကစပြီး  ဇူလိုင် ၁၂ ရက်အထိ ရောဂါပိုး ကူးစက်ခံရသူ  ၁၉၂၂၁၃ ဦးရှိပြီး နိုင်ငံလူဦးရေရဲ့  ၀ ဒသမ ၃၅ ရာခိုင်နှုန်းရှိကြောင်း၊ ပြည်သူတွေအနေနဲ့ ရောဂါကူးစက်မှုသံသယရှိလာပါက နေအိမ်မှာ ဆေးမီးတိုနဲ့ ကြိတ်မကုဘဲ သက်ဆိုင်ရာ ဒေသန္တရ ကျန်းမာရေးဌာနတွေကို သွားရောက်အစစ်ဆေးခံဖို့လည်း ပြောပါတယ်။

တရုတ်နိုင်ငံမှ လှူဒါန်းတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၂ သန်း မကြာမီကာလအတွင်း ရောက်ရှိမှာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသမှုများ ဆောင်ရွက် နိုင်ဖို့အတွက် တပ်မတော်အနေနဲ့ ၁၂၇၈ နေရာမှာ လူဦးရေ ၃၈၉၇၂ ဦးလက်ခံ နိုင်ရေးပြင်ဆင်ထားသလို အရပ်ဘက်အနေနဲ့ ၁၄၅၃ နေရာမှာ လူဦးရေ ၇၁၄၇၅ ဦး လက်ခံနိုင်ရေး ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ တာဝန်ရှိအဖွဲ့အစည်းတွေရဲ့ ထိထိရောက်ရောက် ပေါင်းစပ်ဆောင်ရွက်ပါက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်းအား အတတ်နိုင်ဆုံး အနေအထားတစ်ခုအထိ ထိန်းနိုင်မည်ဟု ယုံကြည်ကြောင်းနဲ့ မီဒီယာတွေအနေနဲ့လည်း မှန်မှန်ကန်ကန်ရေးပေးဖို့နဲ့ အဖျက်သဘောနဲ့ လုပ်တာတွေ ရေးတာတွေ တွေ့ရတယ်လို့ စစ်ခေါင်းဆောင်က ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၅,၀၁၄ ယောက်၊ သေဆုံးသူ ၈၉ ယောက် ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၁၉၇,၂၂၇ ယောက်ထိ ရှိလာပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်ညမှာ ထုတ်ပြန်ပါတယ်။

တစ်ကယ့် မြေပြင်မှာလက်တွေ့ကူညီဆောင်ရွက်နေသူတွေကတော့ စစ်ကောင်စီကျန်းမာရေးဌာန ထုတ်ပြန်တဲ့ ကူးစက်မှု၊ သေဆုံးမှု စာရင်းတွေထက် လက်တွေ့မှာ အများကြီး ပိုများနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

ရန်ကုန်တိုင်းအတွင်း သုသာန်တွေမှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ တရက်ကို အနည်းဆုံး လူရာနဲ့ချီ သင်္ဂြိုဟ်ပေးနေရတယ်လို့ နာရေးကူညီမှုအသင်းတွေနဲ့ လူမှုကူညီရေးပရဟိတ အဖွဲ့တွေဆီက သိရပါတယ်။

ရေဝေးသုဿန်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့မှာ အလောင်း ၂၅၀ လောက် ရောက်လာခဲ့ပြီး၊ ဇူလိုင် ၁၀ ရက်နေ့မှာ အလောင်း ၅၀၀ လောက်ရောက်လာတဲ့အတွက် မီးသင်္ဂြိုဟ်စက်ကို နေ့ရောညရော မနားရဘဲ မနိုင်မနင်းတွေဖြစ်နေတယ်လို့ ရေဝေးသုဿန်ကနေ သိရတယ်။

ပုံမှန်ဆိုရင် ရုပ်အလောင်းတခုချင်းပဲ မီးသင်္ဂြိုဟ်လေ့ ရှိပေမယ့် အခုအခြေအနေမှာ မနိုင်မနင်းဖြစ်နေကြလို့ ရုပ်အလောင်းတွေ လေးငါးခု ပေါင်းပြီး မီးသင်္ဂြိုဟ်နေရတာတွေ ရှိနေတယ်လို့ အဲဒီ သုသာန်ကိုသွားရောက်ခဲ့တဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

PHOTO-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013