DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းက ကွန်ပျူတာနှင့် ဥပဒေသင်တန်းများ ဖွင့်လှစ်ရန်စီစဉ်နေဟု ပညာရေးဝန်ကြီးပြော
DVB
·
January 3, 2021
အွန်လိုင်းက ကွန်ပျူတာနှင့် ဥပဒေသင်တန်းများ ဖွင့်လှစ်ရန်စီစဉ်နေဟု ပညာရေးဝန်ကြီးပြော
Donate to DVB

အွန်လိုင်းကနေ ကွန်ပျူတာ၊ ဥပဒေ၊ စီးပွားရေးနဲ့စီမံခန့်ခွဲရေး၊ နိုင်ငံခြားဘာသာစကား သင်တန်းတွေ၊ အမျိုးသားအိုးပင်းတက္ကသိုလ် ဖွင့်လှစ်နိုင်ရေးတို့ကို စီစဉ်နေတယ်လို့ ပညာရေးဝန်ကြီးက ပြောပါတယ်။

မနေ့က ကျောင်းတွေ အဆင်သင့်ဖြစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ညှိနှိုင်းအစည်းအဝေးမှာ ပြောခဲ့တာပါ။

ကျောင်းတွေကို ဇူလိုင် ၂၁ ရက်ကနေ သြဂုတ် ၂၇ ရက်အထိ ဖွင့်ခဲ့ပြီး အဲဒီကာလမှာ ကျောင်းသား ကျောင်းသူတွေ ပါးစပ်၊ နှာခေါင်းစည်းနဲ့ မျက်နှာအကာတပ်တာ၊ ကိုယ်အပူချိန်တိုင်းတာ၊ လက်ဆေးတာ၊ ၆ ပေအကွာ နေကြတာ စတာတွေကြောင့် ကျောင်းတွေမှာ ကူးစက်ပြန့်ပွားတာ လုံးဝမဖြစ်ခဲ့ဘူးလို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

ပြီးတော့ အွန်လိုင်းကွန်ပျူတာသင်တန်းတွေ၊ အွန်လိုင်းဥပဒေသင်တန်းတွေ၊ အွန်လိုင်းစီးပွားရေးနဲ့ စီမံခန့်ခွဲရေးသင်တန်းတွေ၊ အွန်လိုင်းအင်္ဂလိပ်စာ သင်တန်းတွေ၊ အွန်လိုင်း နိုင်ငံခြားဘာသာစကား သင်တန်းတွေ၊ အမျိုးသားအိုးပင်းတက္ကသိုလ် ဖွင့်လှစ်နိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်သူတွေကို လျှောက်လွှာတွေ ဖြန့်ဝေပြီး ဝင်ခွင့်ရွေးချယ်ရေးလုပ်ငန်းတွေ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ ရှိသလို ၂၀၂၁ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ လျှောက်လွှာတင်သွင်းတာကိုလည်း ဆက်ပြီးစီစဉ်ဖို့ရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် သင်ရိုးသစ်တွေ ပြောင်းလဲမယ့် ပဉ္စမတန်း၊ အဋ္ဌမတန်း၊ ဧကဒသမတန်း ကျောင်းသုံး ဖတ်စာအုပ်အသစ်တွေအတွက် သင်ကြားသင်ယူမှုနည်းလမ်း သင်တန်းတွေလည်း လုပ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

နည်းပညာအထက်တန်းကျောင်းနဲ့ စက်မှုလက်မှုသိပ္ပံတွေအတွက်  မြန်မာဒီဂျစ်တယ်ပညာရေး ပလက်ဖောင်း (MDEP) မှာ နည်းပညာ၊ သက်မွေးပညာနဲ့ လေ့ကျင့်ရေးဦးစီးဌာနက အထူးပြုဘာသာရပ် ၉ ခုနဲ့ သက်ဆိုင်ရာဗွီဒီယိုတွေ အပါအဝင် စုစုပေါင်းဗွီဒီယို ၄၁ ခု လွှင့်တင်ထားတယ်လို့လည်း ပြောပါတယ်။

ပြီးတော့ တက္ကသိုလ်တွေမှာ မဟာသင်တန်းတွေနဲ့ ပါရဂူသင်တန်းတွေကို အွန်လိုင်း သင်တန်းတွေအဖြစ် သင်ကြားသင်ယူတာ၊ ကျမ်းကြီးကြပ်တာနဲ့ ကျမ်းစစ်ဆေး အကဲဖြတ်ခြင်းတို့ကို လုပ်ခဲ့တယ်။ တိုင်းရင်းသားဒေသတွေကို ဦးစားပေးပြီး ဒီဂျစ်တယ်နည်းပညာ အသုံးပြုသင်ယူမှု (High-Tech Learning)၊ စာသင်ခန်းတွင်း လက်တွေ့သင်ယူမှု (High-Touch Learning)၊ ပေါင်းစပ်သင်ယူမှု (Blended Learning) တို့ကို လက်တွေ့ ထိထိရောက်ရောက် သုံးပြီး အသုံးပြုပြီး IQ နဲ့ EQ အပါအဝင် ၂၁ ရာစု ကျွမ်းကျင်မှုနဲ့ စွမ်းဆောင်ရည်တွေ မြှင့်တင်ပြီး တသက်တာပေါင်းစပ်သင်ယူမှု (Life-long Blended Learning) အခွင့်အလမ်းတွေကိုလည်း ဆက်လက် ပံ့ပိုးဖြည့်ဆည်းသွားမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ထိန်းချုပ်တားဆီး ကာကွယ်မှုအခြေအနေနဲ့ လိုက်လျောညီထွေရှိတဲ့ လေ့လာဆန်းစစ် အကဲဖြတ်ပုံစံတွေ ပြင်ဆင်ပြုစုပြီး အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း စုစုပေါင်း (ဘက၊ ကိုယ်ပိုင် အပါအဝင်) ၅၀၅၂၉ ကျောင်း၊ နည်းပညာအထက်တန်းကျောင်းနဲ့ စက်မှုလက်မှုသိပ္ပံ စုစုပေါင်း ၇၀ ကျောင်း၊ ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်း PPTT နဲ့ ပညာရေးတက္ကသိုလ် ၂ ကျောင်း၊ ကွန်ပျူတာတက္ကသိုလ်တွေ၊ နည်းပညာတက္ကသိုလ်တွေ၊ ရန်ကုန်တက္ကသိုလ်နဲ့ ၁၅ ကျောင်း၊ ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်တွေ၊ အဝေးသင်တက္ကသိုလ်တွေကို အဆင်သင့် ဖြစ်နေစေဖို့ ဆက်စပ်ဝန်ကြီးဌာနတွေ၊ တာဝန်ရှိသူတွေ၊ ပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်ဆေးအကဲဖြတ်သွားမယ်လို့လည်း ဆိုပါတယ်။

ကျန်းမာရေးဝန်ကြီးကလည်း စာသင်ကျောင်းတွေကို တနိုင်ငံလုံး တပြိုင်နက်တည်း မဖွင့်ဘဲ ရောဂါဖြစ်တာနည်းတဲ့ မြို့နယ်တွေ၊ လူနည်းတဲ့နေရာတွေ၊ ရွှေ့ပြောင်းနေထိုင်သူနည်းတဲ့ နေရာတွေက စပြီး အဆင့်လိုက် အဆင့်လိုက် စတင်ဖွင့်လှစ်ဖို့ အကဲဖြတ် ဆန်းစစ်မှုပုံစံတွေနဲ့ သုံးသပ်သွားရမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013