စာဆိုတော်များ မွေးဖွားလွန်ကြ နတ်တော်လ
မောင်တူး
·
December 21, 2020
“စာဆိုပျော်ကြ နတ်တော်လ”
စာဆိုတော်လ
ဆောင်းညများစွာ၊ အလင်္ကာဖြင့်
စာပေပွဲတော်၊ ဆင်ကြတယ်။ “တင်မိုး”
သဇင်ပွင့်ပေါ်၊ လနတ်တော်
ပူဇော်နတ်ပေါင်း၊ ဟေမန်ဆောင်းမြ
စာဆိုလပင်၊ နှင်းကိုမြင်ရပေလိမ့်မည်။ ။
-မောင်တူး
မြန်မာ့တဆယ့်နှစ်လမှာ နတ်တော်လဟာ ကိုးလမြောက်ပါ။ နတ်တွေကို ပူဇော်တဲ့လမို့ နတ်တော်လလို့ ခေါ်ကြတယ်။ စာဆိုတော်နေ့ကို နတ်တော်လဆန်း ၁ ရက်မှာ ကျင်းပကြတယ်။ ဆောင်းဥတုမှာ ပါဝင်တယ်။ နတ်တော်လကို ပုဂံခေတ် ကျောက်စာတွေမှာ နတ္တာဝ်၊ နတ်တာ်၊ နတ္တဝ် စသဖြင့် ရေးသားကြတယ်။ နတ်တော်လအကြောင်းကို ဝေါဟာရလီနတ္ထဒီပနီ ကျမ်းမှာ အဆိုနှစ်မျိုး တွေ့ရတယ်။
ပထမအဆိုက နတ်တော်လမှာ မဟာပိန္နဲနတ်ကို ပူဇော်ပသကြရတယ်လို့ ဆိုတယ်။
ဒုတိယက ဒီလမှာ မဟာဂီရိနတ်မောင်နှမကို ပူဇော်ပသကြရတယ်လို့ ဆိုပြန်တယ်။
နတ်တော်လလို့ ခေါ်တာကတော့ ဒီလမှာ နတ်တွေကို ပူဇော်တာကြောင့်ပေါ့။ ဗေဒင်အခေါ် နတ်တော်လကို ဓနုရာသီတဲ့။ ဒီရာသီမှာ မိဂသီနက္ခတ်နဲ့ လမင်းတို့ ယှဉ်ပြိုင်မွန်းတည့်တာပေါ့။ နေမင်းဟာ ပြုဗ္ဗာသဠ်နက္ခတ်နဲ့ ယှဉ်ပြိုင်တယ်။ ရာသီရုပ်မှာ လေးစွဲသော ယောကျ်ားရုပ်။ ရာသီပန်းက သဇင်ပန်း။ နတ်တော်လမှာ ကြာသပတေးနဲ့ စနေနေ့တွေက ပြဿဒါးရက်တွေ ဖြစ်ပြီး တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေက ရက်ရာဇာ ဖြစ်ကြတယ်။ နတ်တော်လက ရက်မစုံကွယ်မို့ ၂၉ ရက်ပဲ ရှိတယ်။
“နတ်တော်မှာ မွေးခဲ့ ကွယ်လွန်ခဲ့ကြတဲ့ စာဆိုတော်များ”
နတ်တော်လမှာ စာဆိုတော်တွေ မွေးဖွားကြ၊ ကွယ်လွန်ခဲ့ကြပါတယ်။ စာရေးဆရာမကြီး ကြည်အေးကတော့ နတ်တော်လမှာ မွေး၊ နတ်တော်မှာပဲ ကွယ်လွန်သူမို့ ထူးခြားတယ်။ စာရေးဆရာကြီး မြကေတု၊ ကဗျာဆရာကြီး (ဦး)တင်မိုးတို့ဟာ နတ်တော်လမှာ မွေးခဲ့ကြပြီး ဒါရိုက်တာ စာရေးဆရာကြီးဦးသုခ၊ စာရေးဆရာကြီး ပီမိုးနင်း၊ စာရေးဆရာကြီး ငွေထွန်း၊ စာရေးဆရာ တက်တိုးတို့ဟာ နတ်တော်လမှာ ကွယ်လွန်ခဲ့ကြပါတယ်။
“စာရေးဆရာမကြီး ကြည်အေး” (နတ်တော်ဆန်း ၁၃ မွေး၊ နတ်တော်လကွယ်နေ့ ကွယ်လွန်)
“ကြွေပွင့်ကိုသာ ကောက်ပါမောင်”
ကိုင်းထိပ်ဖူးမှာ
ပွင့်ဦးအသစ် ယခုလှစ်သည့်
ရွှေရစ်ပန်းပြာ ခပ်မာမာလေး ။
လှမ်းမီပေမယ့်
မောနေပါ့မယ် ခူးမလွယ်ဘူး ။
မြေဝယ်လျှောင်းစင်း မောင့်ခြေရင်းက
သက်ဆင်းကြွေလွင့် ခရေပွင့်လေ။
အလွယ်လိုက်ပြီး
အကြိုက်ဆင်သင့် လှမ်းကြိုနှင့်သည့်
ကြွေပွင့်ကိုသာ ကောက်ပါမောင်ရယ်… ။ ။
(ကြည်အေး)
ကြည်အေးဟာ ဗမာသက္ကရာဇ် ၁၂၉၁ ခု နတ်တော်လဆန်း ၁၃ ရက် မွေးပြီး ဗမာသက္ကရာဇ် ၁၃၇၈ နတ်တော်လကွယ်မှာ ကွယ်လွန်တဲ့ စာရေးဆရာ၊ ဆရာဝန်တစ်ဦးပါ။ အမည်ရင်းမှာ ကြည်ကြည်တင်မြင့်(ခေါ်) ဒေါ်သောင်းကြည်။ ၁၉၄၈ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် တက်တယ်။ ဆေးပညာ တတိယနှစ်မှာ ကျောင်းထွက်ခဲ့ပြီး ဝိဇ္ဇာစာမေးပွဲ အောင်မြင်တယ်။ နောက် ဆေးကျောင်းပြန်တက်ပြီး ဆရာဝန်ဖြစ်တယ်။ ကြည်အေး ကလောင်အမည် ယူခဲ့တာက ဂျပန်တော်လှန်ရေးမှာ ကျဆုံးတဲ့ အစ်ကိုရဲ့ သူငယ်ချင်း ကိုဗကြည် အမည်ကို ယူခဲ့တာပါ။ ၁၉၄၇ ထုတ် တာရာမဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၄) ပါ “ထိုည”ဝတ္ထုတိုသည် ပထမဆုံး ပုံနှိပ်ဝတ္ထုဖြစ်သည်။ ကြည်အေးရဲ့ ကလောင်ခွဲတစ်ခုမှာ မမိုးသူ ပါ။ တာရာမဂ္ဂဇင်းမှာ ကဗျာတွေ အများဆုံး ရေးသားခဲ့တယ်။ မဂ္ဂဇင်းကြီးတွေမှာ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပုံပြင်၊ ဘာသာပြန်တွေ ရေးခဲ့တာပေါ့။ အတွေးအရေး ဆန်းသစ်တီထွင် ရဲတင်းမှုနဲ့အတူ ဖြစ်တည်မှုပဓာနဝါဒ စာရေးဆရာမလို့ ထင်ရှားတယ်။ “နွမ်းလျအိမ်ပြန်” (၁၉၆၄) ၊ “မောင်ကိုကို နှင့် မြနန္ဒာ” (၁၉၇၃) ၊ “မေတ္တာမီးအိမ်” (၁၉၈၀)၊ “အပြင်ကလူ” (၁၉၉၆) “ကြည်အေး၏ကဗျာများ” (၁၉၉၀၊၁၉၉၂) တို့ဟာ အထူးထင်ရှားတယ်။
“စာရေးဆရာ မြကေတု” (နတ်တော်လဆန်း ၁ ရက်မွေး)
စာရေးဆရာ မြကေတုကို တောင်ငူမြို့မှာ မြန်မာသက္ကရာဇ် ၁၂၇၀ ပြည့် နတ်တော်လဆန်း ၁ ရက် (စာဆိုတော်နေ့) ၁၉၀၈ ခု နိုဝင်ဘာ ၂၃ ရက်မှာ မွေးတယ်။ အမည်ရင်း ဦးချမ်းမြ။ ၁၉၃ဝ ပြည့်လွန်နှစ်တွေမှာ 'မြကေတု' ကလောင်နဲ့ ကဗျာ၊ ဆောင်းပါးတွေ စရေးခဲ့တယ်။ “တောင်ငူရာဇဝင်အကျဉ်းချုပ်နှင့် ဘုရားသမိုင်း” (၁၉၆၂)၊ “ယုဇနမာလာ ကဗျာများ” (၁၉၆၅)၊ “နန်းဓ လေ့ မှတ်တမ်း” (၁၉၆၆)၊ “စာပေတန်ဆောင်” (၁၉၆၇)၊ “အချုပ်တန်း ဆရာဖေ” (၁၉၇၇)၊ “သီလရှင် ထိပ်သား” (၁၉၇၉)၊ “နတ်ရှင်နောင် ဘဝနှင့် ပတ်ဝန်းကျင်” (၁၉၈၅)၊ “တက္ကသိုလ် စာပေတန်ဆောင်” (၁၉၉၄)၊ “နှောင်းခေတ် တက္ကသိုလ်မှတ်တမ်းများ” (၁၉၉၅) တို့ကို ရေးသားခဲ့တယ်။ ‘ဦးချမ်းမြ’ အမည်နဲ့ “မြန်မာနိုင်ငံ သုတေသနအသင်းအတွက် နတ်ရှင်နောင် ရတုများ” (၁၉၄ဝ)၊ “ဦးယာ၏ ဆယ့်နှစ်ရာသီ လူးတား” (၁၉၄၁)၊ “ကဗျာယဉ် စာယဉ် လက်ရွေးစင်” (၁၉၅၈ - ၁၉၆၁) စာအုပ်များကို တည်းဖြတ် ပြုစုခဲ့တယ်။ “သခင်ထွေး ဧချင်း” တည်းဖြတ်ပြီးခဲ့ပေမဲ့ ပုံနှိပ်တိုက်မှာ စာမူပျောက်ပြီး စာအုပ်မထုတ် ဖြစ်ခဲ့ပါ။ ကလောင် အမည်ခွဲတခုက 'ယုဇန' ဖြစ်တယ်။ ၁၉၉၇ ခု ဇန်နဝါရီ ၂၄ ရက်က မန္တလေးမှာ ကွယ်လွန်ခဲ့တယ်။
ကဗျာဆရာကြီး တင်မိုး (နတ်တော်လဆန်း ၃ ရက် မွေးဖွား)
“ကဗျာဟာ”
လူတကာ ရင်ထဲမှာ
စွဲထင်နေတဲ့ ပဲ့တင်သံ
ကာရန်တွေ အတောင်ပေါက်ပြီး
ဟိုရောက် သည်ရောက် မပျံ
အမှန်တရားရဲ့ လေးစားဖွယ် မန္တာန်
ဥုံ မခံပဲ ဂုဏ်လျှံတဲ့ တေးသံ
အေး . . . ကဗျာဟာ သစ္စာကြေးမုံ မှန်။ ။
(တင်မိုး) ၄၊ ၇၊ ၁၉၉၉ တနင်္ဂနွေနေ့နံနက်ခင်း “ကဗျာဆရာနှင့် တွေ့ဆုံခြင်း” ကဗျာနောက်ဆုံးပိုဒ်
(နှစ်နှစ်ကာကာ ၁၅၀ ကဗျာ တင်မိုး ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အမှတ်တရ ကဗျာစာအုပ်မှ)
ကွယ်လွန်သူ ကဗျာဆရာကြီး (ဦး)တင်မိုးကို မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ကန်မြဲရွာမှာ အဖ ဦးအို၊ အမိ ဒေါ်စံထယ်တို့က ခရစ်နှစ် ၁၉၃၃ ခုနှစ် နိုဝင်္ဘာ ၁၉ ရက် တနင်္ဂနွေနေ့၊ မြန်မာနှစ် ၁၂၉၅ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက်က မွေးဖွားခဲ့တယ်။ အမည်ရင်း ဦးဘဂျမ်း။ ကန်မြဲနန်းမြင့်နွယ်၊ စမ်းရောင်၊ ကန်မြဲသက်နှင်း၊ ကိုရင်ဂျမ်း နာမည်တွေနဲ့ ကဗျာတွေ ရေးခဲ့သေးတယ်။ တင်မိုး အမည်ကိုတော့ ၁၉၅၈ ခုနှစ် ဖေဖော်ဝါရီက စယူခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ ဖန်မီးအိမ် ကဗျာစာအုပ်နဲ့ စာပေဗိမာန်စာပေဆု ရခဲ့တယ်။ ကဗျာပုဒ်ရေပေါင်းများစွာ ရေးခဲ့သူပါ။ ၁၉၅၀ ပြည့်နှစ်က “ဝါကျွတ်သဘင်” ကဗျာကို မန္တလေး ပဟိုရ်စည်သတင်းစာမှာ ကန်မြဲသက်နှင်း အမည်နဲ့ ရေးခဲ့တယ်။ ရေစကြိုအထက်တန်းကျောင်း၊ မန္တလေးတက္ကသိုလ်မှာ ပညာသင်ခဲ့ပြီး ကျောင်းဆရာ အလုပ်နဲ့ ကဗျာရေးတာကို တသက်လုံး လုပ်သွားခဲ့တယ်။ ၁၉၆၆–၆၇ မှာ လူထုသတင်းစာ ကဗျာအယ်ဒီတာ လုပ်ခဲ့သေးတယ်။ ၁၉၇၀ မှာ “ထီးကလေးနဲ့ မနီ” ကဗျာစာအုပ်နဲ့ အမျိုးသားစာပေဆု ရခဲ့တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းကတည်းက တတ်သိပညာရှင်များ အဖွဲ့မှာ ပါဝင်ခဲ့တယ်။ ၁၉၉၁ ကနေ ၉၅ အထိ အင်းစိန်ထောင်မှာ ကျခဲ့ပြီး ထောင်ကလွတ်ပြီး ပြည်ပထွက်သွားခဲ့တယ်။ ပြည်ပမှာလည်း ကဗျာတော်တော်များများ ရေးခဲ့တယ်။ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၂ ရက် အမေရိကန်မှာ ကွယ်လွန်တယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ကို အရမ်းလေးစားပြီး စု ကဗျာတွေ ရေးခဲ့တယ်။
ဒါရိုက်တာ စာရေးဆရာကြီးဦးသုခ (နတ်တော်လဆန်း ၇ ရက် မွေး)
စာရေးဆရာကြီး (ဦး)သုခဟာ ရုပ်ရှင်နယ်တင်မက စာပေနယ်မှာလဲ အထင်ကရ စာရေးဆရာကြီး တစ်ဦးပါ။ ၁၉၂၉ ခုမှာ “စိန် သိန်းတန်” ကလောင်အမည်နဲ့ “စံပယ်ပွင့်” ဝတ္ထု စရေးပြီး ကဝိမျက်မှန်မဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရတယ်။ ၁၉၃၀ ပြည့်နှစ်မှာ ရွှင်ပျော်ပျော်တိုက် ဝတ္ထုပြိုင်ပွဲကို “မောင်သိန်းမောင်” ကလောင်အမည်နဲ့ “မိန်းမသား” ဝတ္ထု ရွေးချယ်ခံခဲ့ရတယ်။ ၁၉၃၂ မှာ “သုခမှတ်စု” စာအုပ်၊ ၁၉၃၄ သုခ အမည်ခံယူပြီးနောက် ဝတ္ထုအဆုံးမှာ “သုခိအတ္တာနံပရိဟရန္တု” ဆုတောင်း ထည့်လေ့ရှိပြီး “မိုက်မိတယ်” လုံးချင်းဝတ္ထု ထွက်ခဲ့တယ်။ ၁၉၅၁ သုခဝတ္ထုတိုပေါင်းချုပ် စာအုပ်ထွက်ပြီး ၁၉၅၅၊ ၁၉၆၆၊ ၁၉၇၈၊ ၁၉၈၈ ခုနှစ်တွေမှာ ပြန်လည်ရိုက်နှိပ်ခဲ့ရတဲ့အထိ အောင်မြင်ခဲ့တယ်။ ၁၉၉၄ ခုနှစ် “ရာမာခရစ္စနာ၏ သုတ္တပုံပြင်များ” စာအုပ်ထွက်ပြီး တနှစ်အကြာ “ရတနာသုတ်” စာအုပ်ကို ရေးသားထုတ်ဝေခဲ့တယ်။ ဆရာကြီးဦးသုခဟာ လုံးချင်းဝတ္ထုပေါင်း ၁ဝဝ လောက် ရေးခဲ့ပြီး ဝတ္ထုတိုပေါင်း ၂၀၀ လောက် ရေးခဲ့တယ်။ ရုပ်ရှင်ကား ၃၃ ကားကို ဒါရိုက်တာလုပ် ရိုက်ကူးခဲ့တယ်။ စာရေးဆရာ ဒါရိုက်တာ ဦးသုခဟာ ဗမာသက္ကရာဇ် ၁၃၆၇ ခု၊ နတ်တော်လဆန်း ၇ ရက်၊ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်က အမှတ် ၂ စစ်ဆေးရုံမှာ ကွယ်လွန်တယ်။ ဇနီး ဒေါ်ကျင်မေ၊ သား ကိုရဲအောင် (ကလောင်အမည် သုခ(သား)) တို့ ကျန်ရစ်ခဲ့တယ်။
စာရေးဆရာကြီး ပီမိုးနင်း (နတ်တော်လဆုတ် ၁၂ ရက် ကွယ်လွန်)
ပီမိုးနင်းဟာ မြန်မာစာပေလောကမှာ ထိပ်တန်းစာရေးဆရာကြီးပါ။ ငယ်မည် မောင်မိုးနှင်း ဖြစ်တယ်။ ပဲခူးတိုင်း သုံးဆယ်မြို့၊ ရွာမရပ်မှာ ၁၂၄၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက်၊ တနင်္လာနေ့က မွေးတယ်။ မွေးချိန်မှာ မိုးနှင်းတွေ ကျနေခဲ့လို့ မောင်မိုးနှင်း အမည်ပေးခဲ့တယ်။ သူဟာ စာရေးဆရာအလုပ်ကို (၆–၁–၁၉၄၀) မြန်မာနှစ် ၁၃၀၁ ခုနှစ် နတ်တော်လဆုတ် ၁၂ ရက်နေ့ ကွယ်လွန်ချိန်အထိ စွဲစွဲမြဲမြဲ လုပ်ခဲ့သူ ဖြစ်တယ်။ “သူ့စာကို ရောင်းစားမယ်၊ အမြတ်ထွက်အောင် လုပ်လိုစိတ်မရှိ ဝါသနာကြီးလွန်းလို့သာ စာရေးခဲ့ပြီး မြန်မာပြည်မှာ စာအုပ်အများဆုံး ရေးသွားခဲ့သူ ဖြစ်ပါတယ်။” လို့ စွယ်စုံကျမ်းမှာ ဖော်ပြထားတယ်။ ပီမိုးနင်း ကလောင်ကိုတော့ ခရစ်ယန်ကျောင်းနေချိန်က သူ့နာမည်ဖြစ်တဲ့ ဖိလစ်ရဲ့ ရှေ့စာလုံး P ကို ယူခဲ့တာပါ။ ၁။ နေရီရီ၊ ၂။ ပွဲစားကြီးသားအဖနှင့် မြမြ၊ ၃။ ဘားမားဒေး၊ ၄။ နေညိုညို၊ ၅။ ဟေမဝန်ဘွေ၊ ၆။ တကိုယ်တော်၊ ၇။ ချစ်ပန်းနွယ်၊ ၈။ တနိုင်ငံမြိုင်ယံခြား၊ ၉။ ကမ္ဘာ့မင်တံ၊ ၁၀။ သခင်စိတ်၊ ၁၁။ လက်တွေ့ ကြီးပွားရေး၊ ၁၂။ သားဂုဏ်ရည်၊ ၁၃။ သမီးဂုဏ်ရည် စတဲ့ စာအုပ်ပေါင်းများစွာ ရေးသားခဲ့တဲ့ စာရေးဆရာကြီး ဖြစ်တယ်။
“စာရေးဆရာ ငွေလင်း” (နတ်တော်လဆုတ် ၁၀ ရက် ကွယ်လွန်)
စာရေးဆရာ ငွေလင်းဟာ ‘ဤယမုန်’ ဝတ္ထုနဲ့ ၁၉၅၃ ခုနှစ်က ရှုမဝ တထောင်စာပေဆု၊ ‘ပင်းမြို့သူ’ ဝတ္ထုနဲ့ အမျိုးသားစာပေဆု ဝတ္ထုရှည်ဆုတို့ကို ရခဲ့သူဖြစ်ပြီး ဗမာနှစ် ၁၃၅၁ ခု နတ်တော်လပြည့်ကျော် ၁၀ ရက် (၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့က ရန်ကုန်မှာ ကွယ်လွန်တယ်။ သူ့ကို အဖ ဦးကြည်သာ၊ အမိ ဒေါ်သိုင်းတို့က ၁၉၁၂ ခု ဇွန်လ ၁၈ ရက်နေ့ မွေးခဲ့ပြီး ၁၉၃၅ ခုက စာ စရေးလို့ အဲဒီနှစ် ဈေးနှုန်း သတင်းစာ ဆောင်းပါးပြိုင်ပွဲမှာ ကလောင်အမည် ‘တောင်တွင်းကြီး သတိုးစိန်’ နဲ့ ရေးပြီး ဆုရခဲ့တယ်။ ၁၉၃၆-၃၇ ခုနှစ် ဒီးဒုတ်ဂျာနယ်မှာ ‘ရွှေတွင်းစိန်’ ကလောင်အမည်နဲ့ ဝတ္ထုတို သုံးလေးပုဒ် စရေးပြီး ‘ငွေလင်း’ အမည်နဲ့ ပထမဆုံး ရေးတဲ့ ‘ဤယမုန်’ ဝတ္ထုဟာ သူ့ရဲ့ ပထမဆုံး လုံးချင်းစာအုပ်ပါ။ စာရေးဆရာ ငွေထွန်းရဲ့ ထင်ရှားတဲ့ စာအုပ်တွေကတော့ “ဤယမုန်” (၁၉၅၃)၊ “ပင်းမြို့သူ” (၁၉၆၅)၊ “မြို့လုလင်မှ ပုန်ကန်ခြင်း” (၁၉၆၆)၊ “ရန်ကုန် စစ်တလင်း” (၁၉၆၈)၊ “သူရဲ တထောင်” တို့ ဖြစ်ကြတယ်။ "ဤယမုန်" ဝတ္ထုနဲ့ ၁၉၅၃ ခုနှစ် ရှုမဝတထောင်ဆု၊ "ပင်းမြို့သူ" နဲ့ ၁၉၆၅ ခုနှစ် အမျိုးသား စာပေဆု ဝတ္ထုရှည် တတိယဆုတွေ ရတယ်။ လွတ်လပ်ရေး မော်ကွန်းဝင် တတိယ ရခဲ့ပြီး ဗမာနှစ် ၁၃၅၁ ခု နတ်တော်လဆုတ် ၁၀ ရက်က ကွယ်လွန်ခဲ့တယ်။
“စာရေးဆရာ တက်တိုး” (နတ်တော်လဆန်း ၁၄ ရက် ကွယ်လွန် )
ဆရာကြီးတက်တိုးဟာ ရန်ကုန်တိုင်း၊ သန်လျင်မြို့မှာ မွေးဖွားပြီး အသက် ၁၄ နှစ် ၈ တန်းမှာ ဂန္ထလောကမဂ္ဂဇင်းက လုပ်တဲ့ ပြိုင်ပွဲမှာ ‘ကညာလော၊ကျားကြီးလော’ ဝတ္ထုနဲ့ ဝတ္ထုတို ပထမဆု ရခဲ့တယ်။ “ဗစ်ကတာ”ကလောင်အမည်နဲ့ ရေးခဲ့တဲ့ ပထမဆုံး ပုံနှိပ်စာမူ ဖြစ်တယ်။ ၁၉၃၉ ခု ရန်ကုန်တက္ကသိုလ်က ဝိဇ္ဇာဘွဲ့ရပြီး ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်စာ နည်းပြဆရာ လုပ်တယ်။ ၁၉၄၀ ပထမဆုံး လုံးချင်းစာအုပ် မာတာဟာရီ (Mata Hari) ရေးတယ်။ ၁၉၄၁ ခု ကဗျာဆရာမ နုယဉ်နဲ့ လက်ထပ်ပြီး ၁၉၄၃-၄၅ “သုရောနန္ဒီ” ဘာသာပြန် စာအုပ်ရေးတယ်။ ၁၉၅၀ “မင်းမှုထမ်း” ဝတ္ထုထွက်ပြီး စာပေဗိမာန်ဆု ရရှိခဲ့တယ်။ နောက် “ခါးကုန်းကြီး” ဝတ္ထုထွက်ပြီး ၁၉၅၁ မှာ “သောကကင်းဝေး နေနိုင်ရေး” စာအုပ်၊ ၁၉၅၅ “တက်တိုး အင်္ဂလိပ်-မြန်မာ အဘိဓာန်” ပြုစုထုတ်ဝေပြီး ၁၉၆၁ “ဘဝနှင့်စာပေ” စာအုပ်ထွက်တယ်။ သူဟာ ပင်ကိုရေး၊ ဘာသာပြန်နဲ့ ဆောင်းပါးပေါင်း ပုဒ်ရေ ၁၀၀၀ လောက် ရေးသားခဲ့တယ်။ ၁၉၉၇ ခုနှစ် မိဘမေတ္တာလူမှုရေးအဖွဲ့ရဲ့ စာပေဂုဏ်ရည်ဆုရနဲ့ ပခုက္ကူ ဦးအုန်းဖေ-တစ်သက်တာစာပေဆုရတယ်။ ဆရာကြီး တက်တိုးဟာ (မြန်မာသက္ကရာဇ် ၁၃၆၅ ခုနှစ် နတ်တော်ဆန်း ၁၄ ရက်) ၂၀၀၃-ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်၊ တနင်္ဂနွေနေ့မှာ ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့တယ်။ သားသမီး ၄ ယောက် ကျန်ရစ်ပြီး တက်တိုးရဲ့ ကလောင်ကွဲ ၁၇ ခု တွေ့တယ်။ စုစုပေါင်း စာအုပ် ၅၀ လောက် ရေးခဲ့ပြီး ကွယ်လွန်ပြီးမှ ထပ်ထုတ်တဲ့ စာအုပ်တွေလည်း ရှိတယ်။
နတ်တော် နတ်ပျော် စာဆိုပျော်
ရှေးက နတ်တော်လမှာ မဟာပိန္နဲနတ်ပူဇော်ပွဲ၊ မင်းမဟာဂီရိနတ်ပူဇော်ပွဲ၊ ဘုရင် မိဖုရား အိမ်ရှေ့မင်းသားတို့ လက်ရုံးရည် နှလုံးရည် ချီးကျူးဖွဲ့ဆိုသူ စာဆိုတော်တွေကို သူကောင်းပြုပွဲတွေ လုပ်ခဲ့တယ်။ ခေတ်သစ်မှာလည်း ပထမဆုံး စာဆိုတော်နေ့ကို ၁၃၀၆ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်မှာ စတင် ကျင်းပခဲ့ပါတယ်။ အခု ၂၀၂၀ ဒီဇင်ဘာ ၁၅ မှာ ကျရောက်တဲ့ စာဆိုတော်နေ့ နတ်တော်လဆန်း ၁ ရက်မှာ အမျိုးသားစာပေဆုပေးပွဲ ပြုလုပ်ခဲ့ကြသေးတယ်။ နတ်တော်လမှာ စာဆိုတော်တွေ မွေးဖွားကြ၊ ကွယ်လွန်ခဲ့ကြတယ်။
စာရေးဆရာမကြီး ကြည်အေးကတော့ နတ်တော်လမှာ မွေး၊ နတ်တော်လမှာပဲ ကွယ်လွန်သူမို့ ထူးခြားတယ်။ စာရေးဆရာကြီး မြကေတုဟာလည်း စာဆိုတော်နေ့မှာ မွေးခဲ့တာပေါ့။ ကဗျာဆရာကြီး (ဦး)တင်မိုးဟာလည်း နတ်တော်လမှာ မွေးတယ်။ ဒါရိုက်တာ စာရေးဆရာကြီး ဦးသုခ၊ စာရေးဆရာကြီး ပီမိုးနင်း၊ စာရေးဆရာကြီး ငွေထွန်း၊ စာရေးဆရာ တက်တိုးတို့ဟာ နတ်တော်လမှာ ကွယ်လွန်ခဲ့ကြတယ်။ စာလည်းရေးတဲ့ ပန်းချီဆရာကြီး ဦးနန်းဝေဟာလည်း ၁၂၉၅ ခု နတ်တော်ဆန်း ၇ ရက် မွေးဖွားသူ ဖြစ်တယ်။ နောက်ထပ် နတ်တော်မှာ မွေး ကွယ်လွန် ဝင်လာ ထွက်သွား များပြားတဲ့ စာဆိုတော်တွေလည်း ရှိကြဦးမှာပေါ့ဗျာ။ ။
“စာဆိုတော်လ စာဖတ်ကြ”
စာဆိုပျော်လ၊ နတ်တော်လမို့
စာဆိုတို့အား၊ လေးစားဂုဏ်ဖော်
ပူဇော်ကြအပ်၊ စာကောင်းဖတ်ကာ
အလိမ္မာတရား၊ ပွားများကြပါတော့ခင်ဗျာ။ ။






