စာရွက်စာတမ်းကူးယူခွင့်ပြုရန် တပ်မတော်၏ တောင်းဆိုချက် ရွေးကောက်ပွဲကော်မရှင် ပယ်ချ
DVB
·
December 8, 2020

၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကူးယူခွင့်ပြုရေး ညွှန်ကြားပေးဖို့ တပ်မတော်က တောင်းဆိုထားတဲ့ အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားပေးနိုင်မှာမဟုတ်ဘူးလို့ ပြန်လည်တုံ့ပြန်လိုက်ပါတယ်။
ရွေးကောက်ပွဲဖြစ်စဉ်ကို ပြန်လည် စိစစ်သုံးသပ်ရာမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ကူးယူခွင့်တောင်းခံတဲ့အခါ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အနေနဲ့ သက်သေခံ ဥပဒေပုဒ်မ ၇၄ နဲ့ ပုဒ်မ ၇၆ တို့အရ အများပြည်သူနဲ့ သက်ဆိုင်တဲ့ စာတမ်းအမှတ်အသားတွေကို ကူးယူခွင့်ပေးရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လိုအပ်သလိုညွှန်ကြားပေးဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်မှာ တောင်းဆိုထားတာပါ။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ မေတ္တာရပ်တဲ့အတိုင်း ဆောင်ရွက်မယ်ဆိုပါက သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအသီးသီးအား ဥပဒေနဲ့ မညီတဲ့ဆောင်ရွက်မှုကို ပြုလုပ်စေဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေနဲ့မညီတဲ့ ညွှန်ကြားမှုကို ပြုရာရောက်မှာဖြစ်လို့ ညွှန်ကြားပေးနိုင်မှာမဟုတ်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၇ ရက်မှာ ပြန်လည် အသိပေးထုတ်ပြန်လိုက်ပါတယ်။
တိုင်းဒေသကြီးနဲ့ပြည်နယ်တချို့ရှိ မဲဆန္ဒနယ်မြေတွေမှာ တပ်ရင်းတပ်ဖွဲ့ မဲဆန္ဒရှင်တွေက ကန့်ကွက်လွှာအတွက်ဆိုပြီး သက်သေခံဥပဒေပုဒ်မ ၇၄ နဲ့ ပုဒ်မ ၇၆ တို့ကို ကိုးကားရည်ညွှန်းပြီး စာရွက်စာတမ်းတွေကို မိတ္တူကူးယူခွင့်ပြုဖို့ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေထံ တောင်းခံနေတာတွေ့ရတယ်လို့ ကော်မရှင်ကဆိုပါတယ်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က နိုဝင်ဘာ ၂၉ ရက်နေ့စွဲနဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ မဲရုံပေါင်း ၁၂၇ ရုံအတွက် မဲစာရင်းတွေ အပါအဝင် ရွေးကောက်ပွဲစာရွက် စာတမ်း ၁၁ မျိုးကို မှတ်တမ်းထားရှိလိုကြောင်း အကြောင်းပြချက်နဲ့ ကချင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ တောင်းခံလာတယ်လို့လည်းဆိုပါတယ်။
တပ်မတော်က တောင်းခံတဲ့ စာရွက်စာတမ်းတွေကတော့ ပြည်တွင်း/ပြည်ပ မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲတွေနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေ၊ ပယ်မဲစာရင်း၊ ကြိုတင်ဆန္ဒမဲလက်မှတ် လက်ခံဖြတ်ပိုင်းတွေ၊ မဲဆန္ဒရှင်စာရင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရတဲ့ ဆန္ဒမဲစာရင်း၊ ၊ အသုံးမပြုဘဲကျန်ရှိတဲ့ ဆန္ဒမဲလက်မှတ်စာရင်း၊ မဲရုံမှာအသုံးပြုတဲ့ မဲစာရင်း၊ အသုံးမပြုဘဲကျန်တဲ့ ဆန္ဒမဲလက်မှတ်နဲ့ လက်ခံဖြတ်ပိုင်း စတာတွေ ပါဝင်ပါတယ်။
မဲစာရင်းမူရင်းတွေဟာ ရွေးကောက်ပွဲကျင်းပပြီးနောက် မြို့နယ်တွေမှာ မရှိတော့ဘဲ ခရိုင်ကော်မရှင်အဖွဲ့ခွဲတွေက မပျောက်မပျက်စေဖို့ ချိပ်ပိတ်ထားတဲ့အထုပ်တွေထဲမှာ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ကော်မရှင်ဆိုပါတယ်။
ဒါ့အပြင် တောင်းခံလာတဲ့ တခြား ရွေးကောက်ပွဲ စာရွက်စာတမ်းတွေကို မိတ္တူကူးယူခွင့်ပြုရမယ်ဆိုတာ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေတွေနဲ့ နည်းဥပဒေတွေမှာ ပြဋ္ဌာန်းထားခြင်းမရှိဘူးလို့လည်း ကော်မရှင်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တပ်မတော်ကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေ ဥပဒေနဲ့ ညီညွတ်စေရေးနဲ့ ဖြောင့်မတ်မှန်ကန်ပြီး တရားမျှတမှုရှိစေရေးအတွက် နိုင်ငံတော်သမ္မတအနေနဲ့ လိုအပ်သလို ကြပ်မတ် ထိန်းကျောင်းပေးသင့်တယ်လို့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ သဘောထားထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် တပ်မတော် အနေနဲ့ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ ဆန္ဒမဲပေးခဲ့တဲ့ မြို့နယ် ၂၁၈ မြို့နယ်မှ ရွေးကောက်ပွဲဖြစ်စဉ်တွေအပေါ် ဥပဒေနဲ့အညီ နည်းလမ်းတကျ ဆောင်ရွက်ခဲ့ခြင်း ရှိမရှိကို ပြန်လည်စိစစ် သုံးသပ်နေပြီး လိုအပ်ပါက သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲဆန္ဒရှင်တွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းသွားမယ်လို့လည်း တပ်မတော်က ဆိုပါတယ်။
တပ်မတော်အနေနဲ့ ရွေးကောက်ပွဲဖြစ်စဉ် ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်ခွင့်မရှိသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း တပ်မတော်ကို ရွေးကောက်ပွဲကိစ္စတွေမှာ ဝင်ရောက်ဆောင်ရွက်ခွင့်ပေးမထားဘူးလို့ ဥပဒေကျွမ်းကျင်သူတွေနဲ့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ထောက်ပြကြပါတယ်။
တပ်မတော်အနေနဲ့ သူ့ရဲ့ဩဇာသုံးပြီး ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်မယ်၊ ကန့်ကွက်မှုလုပ်မယ်ဆိုရင် ရွေးကောက်ပွဲရဲ့ လွတ်လပ်တရားမျှတမှုကို ထိခိုက်မှာစိုးရိမ်တယ်လို့ အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူက မီဒီယာတွေကို ပြောထားပါတယ်။
ဓာတ်ပုံ- DSINFO