Home
ဆောင်းပါး
ရွှေဥဒေါင်း ၁၃၁ နှစ်ပြည့် မွေးနေ့ အတွေးများ (ဆောင်းပါး)
မောင်တူး
·
November 2, 2020
ကလောင်အစ သူရိယ(နေ) ပုံအခြေ(ဒေါင်း) “ရွှေဥဒေါင်း” မည် ခံယူသည် တည့်။ ။ စာရေးဆရာကြီးရွှေဥဒေါင်းဟာ ၁၈၈၉ ခု အောက်တိုဘာ ၂၄ (သီပေါမင်းပါတော်မူပြီးနောက် ၄ နှစ်) က ‌မွေးဖွားခဲ့တာပါ။ ဒါကြောင့် အခုနှစ် အောက်တိုဘာ ၂၄ ဟာ သူ့ရဲ့ ၁၃၁ နှစ်မြောက် မွေးနေ့ပေါ့။ ဆရာကြီးရွှေဥဒေါင်းဟာ ၁၉၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက် (ဗိုလ်ချုပ်အောင်ဆန်း မွေးတဲ့နှစ်) စရေးတဲ့ ရန်ကြီးအောင် ဝတ္ထုနဲ့ နောက်ထပ်ရေးတဲ့ ရတနာပုံဝတ္ထုတွေနဲ့ စာပေလောကထဲကို ဝင်ခဲ့တယ်။ ဒီဝတ္ထုတွေကို စတင်ဖော်ပြခဲ့တဲ့ သူရိယမဂ္ဂဇင်းကို အစွဲထားပြီး “သူရိယ”(နေ)ရဲ့ အထိမ်း အမှတ် “ဒေါင်း” ကို အစွဲပြု “ရွှေဥဒေါင်း” ကလောင်အမည်ကို ယူခဲ့တာပါ။ ဆရာကြီးဟာ ဘဝစုံ၊ အတွေ့အကြုံ “ စုံ ” ဖို့ “အဆန်းအသစ် မြင်ချင် ကြားချင် ကြုံချင်တယ်” ဆိုတဲ့ သူ့စကားအတိုင်း လိုက်လံ ရှာဖွေ မှတ်သားထားခဲ့တာကြောင့် (အမှတ်အသားလည်း ကောင်းလွန်းတာကြောင့်) သူ့စာတွေဟာ လက်တွေ့ကျ အသက်ဝင်လေ့ရှိတယ်။ အင်္ဂလိပ်ဝတ္ထုကြီးတွေကို နာနာ ဖတ်ထားခဲ့တာကြောင့်လည်း ဘာသာပြန်စာတွေရော၊ မှီးရေးဝတ္တု တွေပါ အများကြီး ရေးသား ထားရစ်နိုင်ခဲ့သူပါ။ ဘာသာရေး စာပေတွေကိုပါ (ကိုယ်တွေ့ကျင့်စဉ်နဲ့အတူ) ရေးနိုင်ခဲ့တာမို့ လူက “ စုံ ” သလို စာကိုလဲ “ စုံ ” အောင် ရေးနိုင်ခဲ့သူ၊ သတင်းစာ ခေါင်းကြီးတွေရေးသူ၊ မဂ္ဂဇင်းအယ်ဒီတာ၊ သတင်းစာ အယ်ဒီတာချုပ်လည်း ဖြစ်ခဲ့သူပါ။ ဖဆပလအစိုးရကို ဝေဖန်တဲ့ သတင်းစာခေါင်းကြီးတွေရေးလို့ ဖမ်းဆီးခံခဲ့ရတဲ့အပြင် သူ အယ်ဒီတာချုပ်လုပ်တဲ့ လူထုသတင်းစာတိုက်ကို စစ်တပ် မိုင်းခွဲဖျက်ဆီးတာလည်း ကိုယ်တွေ့ ကြုံခဲ့ရသူပါ။ စာပေဗိမာန်ဆု တွေကို “မျှော်တလင့်လင့်” ဘာသာပြန်စာအုပ်နဲ့ ၁၉၅၂ ခုနှစ်မှာ ဘာသာပြန်ဆု ရခဲ့သလို “သွေးစုပ်မြေဝတ္တု” နဲ့လည်း ၁၉၅၅ ခုနှစ်မှာ ဘာသာပြန်ဆု၊ “သူ့ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ” စာအုပ်နဲ့ ၁၉၆၁ ခုနှစ်မှာ သုတပဒေသာဆုလည်း ရခဲ့တယ်။ သူ့ စာအုပ်ပေါင်းများစွာ ပုံနှိပ် ထုတ်ဝေခဲ့တယ်လို့ မှတ်တမ်းတွေက သိရတယ်။ သူဟာ သမားရိုးကျ မိရိုးဖလာ လက်ခံ ယုံကြည်ထားကြတာတွေကိုတောင် ယုတ္တိယုတ္တာ မရှိရင် အကျိုးအကြောင်းနဲ့ ဆန့်ကျင်ရဲသူ ဖြစ်တယ်။ တွေးခေါ် သုံးသပ် ဆုံးဖြတ်ပြီးမှ စာတွေကို ရေးသားသူမို့ သူ့စာတွေထဲက အယူအဆတချို့ သူ့မွေးနေ့ ၁၃၁ နှစ်မြောက်မှာ ရောနှော ပေါင်းစပ် တင်ပြပေးလိုက်ပါတယ်။ လူတယောက်အတွက် အကြောင်းကြီး ၄ ရပ် ကျား မ မဟူ လူတယောက်ရဲ့ ဘဝတသက် ဆိုးကောင်းဖြစ်ရပ်တွေမှာ အကြောင်းကြီး ၄ ခု ရှိသတဲ့။ ဆရာကြီး ရွှေဥဒေါင်းက အခုလို ထင်ထင်ရှားရှား ရေးထားခဲ့တယ်။   “ ၁။ မိခင်ထံမှ ရရှိခဲ့သော အရည်အခြင်းများ။     ၂။ ဖခင်ထံမှ ဆက်ခံရရှိသည့် ကောင်းဆိုး အရည်အခြင်းများ။     ၃။ သတ္တဝါကိုယ်၌က ဘဝအစဉ်အဆက် လိုက်ပါလာသည့် ဝါသနာ ကောင်းဆိုးများ။     ၄။ ပတ်ဝန်းကျင်၏ ပြုပြင်မှုကြောင့် ဖြစ်ရသည့် ကောင်းဆိုး အချက်အလက်များ။ ” ဒီ ၄ ခုရဲ့ ပေါင်းစပ်မှုဟာ ဖေသိန်း (ရွှေဥဒေါင်း) တည်းဟူသော သူတယောက် ဘဝတခု ဖြစ်လာတယ်လို့ ဆရာကြီးက ရေးခဲ့ပါတယ်။ ရွှေဥဒေါင်း (အမည်ရင်း ဦးဖေသိန်းကို ၁၂၅၁ ခု၊ တန်ဆောင်မုန်းလဆန်း ၂ ရက် (ခရစ်သက္ကရာဇ် ၁၈၈၉ ခု၊ အောက်တိုဘာ ၂၄ ရက်) ကြာသပတေးနေ့မှာ မန္တလေးမြို့ ဧချိုင့်(ဝါးတန်း) ရပ်မှာမွေးတယ်။ သီပေါမင်းလက်ထက် နန်တွင်း အမှုထမ်းတွေဖြစ်ကြတဲ့ ဦးဧရာနဲ့ ဒေါ်ရွှေတို့ရဲ့သား ဖြစ်တယ်။ အဘိုးကတော့ မင်းတုန်းမင်းရဲ့  စားတော်ကဲကြီးပါ။ သူဟာ ၁၃၃၅ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် (ခရစ်သက္ကရာဇ် ၁၉၇၃ ခု၊ ဩဂုတ်လ ၁ဝ ရက်) သောကြာနေ့ အသက် ၈၄ နှစ်မှာ  ကွယ်လွန်အနိစ္စ ရောက်တယ်။ လိုသည်ထက်ပို ယဉ်ကျေးတဲ့ ဝေါဟာရတွေကို ရွံမုန်းသူ ရွှေဥဒေါင်းဟာ သာမန် အရပ်သုံး စကားတွေနဲ့ လူလူချင်း ပြောဆိုဆက်ဆံကြတာကို သဘောကျသူပါ။ မိဘတွေက နန်းတွင်း လူတွေ ဖြစ်ကြပေမဲ့ အထူးသဖြင့် နန်းတွင်းအခေါ်အဝေါ်တွေကို သူ မကြိုက်ပါ။ ဆရာကြီးက ဒီလို ရေးခဲ့တယ်။ “ကျွန်ုပ်၏ မိခင်သည် နန်းတွင်းသူတယောက်ဖြစ်၍ အပျိုတော်များ၊ ရွာစားမြို့စားများ၊ အရှင်သခင်ကြီးများ၊ အရာရှိ အရာခံများ၏ သားသမီးများ၊ မင်းသမီး မင်းသား စသည့်တို့ကြား ကြီးပြင်းလာသူ ဖြစ်သည့်အလျှောက် ယဉ်ကျေးသော အပြောအဆိုများကို နားလည်သည်။ သို့ရာတွင် ယဉ်ကျေးသည်ဆိုသော အပြောအဆို အခေါ်အဝေါ်များသည် ကျွန်ုပ်၏နားထဲသို့ မဝင်ပဲ တယောက်နှင့်တယောက် အလကား “ ညာ ” နေကြသည်ဟု ကလေးကတည်းက ထင်မိ ပါသည်။ ကျွန်ုပ်တို့၏ အိမ်နီးခြင်း ဖြစ်ခဲ့ဘူးသည့် စစ်ကဲတော်မင်းအား ကျေးကျွန်များက “ချဉ်ပေါင်ဟင်း၊ ဟင်း၊ ဟင်း ပါဘုရား”၊ “ပုစွန်တုတ်ကြော် ဟော် ဟော် ဟော်ပါဘုရား”စသည်ဖြင့် သံရှည်ကြီးများဆွဲပြီး တင်လျှောက်ကြခြင်းမျိုးကိုသာမက စစ်ကဲတော်မင်းက “လူကလေး မောင်မောင်ကြီးရေ” “သမီးလေး ခင်ခင်လတ်ရေ” စသည့် ခေါ်သံများကို ကြားတိုင်း ကျွန်ုပ် ပြုံးမိ၍ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ ဦးကြီး၊ အရီး၊ ဒွေးလေးများ နန်းတော်ထဲသို့ ပထမအကြိမ် ဝင်လာကြစဉ်က “ ဖိုးအောင်ဇေယျတယောက်ကော ဟရို့” ဟု ဝန်ကြီးများအား မေးကြသည်ဟု မိခင်က ပြောဘူးခြင်းကို ကြားရ၍ ကျွန်ုပ်ပီတိဖြစ်မိသည်။ ” ဆရာကြီး ရွှေဥဒေါင်းရဲ့ အလွန်အမင်း မဖြစ် ဖြစ်အောင် လုပ်ပြီး ယဉ်ကျေးပြောဆိုကြသူတွေကို မကြိုက်တဲ့ သဘောထားပါ။ သမ္မတကို သမ္မတကြီးလို့ ခေါ်နေကြတဲ့အတွက် သမ္မတလေး၊ သမ္မတလတ်များ ရှိသေးသလိုမျိုး၊ သံအမတ်ကို သံအမတ်ကြီး ခေါ်နေကြလို့ သံအမတ်လေး၊ သံအမတ်လတ်တွေ ရှိနေသေးသလိုမျိုး ပြောနေကြပုံတွေပါပဲ။ ဆရာကြီးရွှေဥဒေါင်းရဲ့ ပညာသင်ကြားခဲ့တဲ့ အတွေ့အကြုံတွေကို ကြားဖြတ် ပြောပြပါမယ်။ သူဟာ မန္တလေး ဗုဒ္ဓဘာသာ သီလရင်ကျောင်း၊ မန္တလေး ဒက္ခိဏဝံတိုက်၊ အေဘီအမ်ကျောင်းတွေမှာ တက်ခဲ့တယ်။ ၁၉ဝ၈ ခုနှစ်မှာ  တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်တယ်။ မန္တလေး ဗုဒ္ဓဘာသာကျောင်းနဲ့ အေဘီအမ်ကျောင်းတို့မှာ ကျောင်းဆရာ၊ ရွှေဘိုအရေးပိုင်ရုံး၊ သစ်တော ရုံးစာရေး၊ မန္တလေးမြို့ လယ်ယာစိုက်ပျိုးရေးနဲ့ သမဝါယမမင်းကြီးရုံး တောလိုက်စာရေးလုပ်ခဲ့တယ်။  ၁၉၁၄ ခုနှစ် အလုပ်က နုတ်ထွက်ပြီး ၁၉၁၅ ခုနှစ်မှာ စာစရေးတော့တယ်။ သူ့ရဲ့ ဝန်ထမ်းဘဝအတွေ့အကြုံတွေဟာ သူ့အတွက် စာရေးဖို့ ကုန်ကြမ်းတွေ ဖြစ်လာခဲ့တယ်လို့ သူက ဆိုပါတယ်။ တော်တော့်ကို တန်ဖိုးရှိတဲ့ ကုန်ကြမ်းများပါ။    ဖဆပလအစိုးရ လူရမ်းကားများမွေးပုံ အခုက ၂၀၂၀ မဲဆွယ်ကာလ။ ဒီအချိန်မှာ တချို့ပါတီ ဝန်းရံသူတွေဟာ သာမန်ငြိမ်းငြိမ်းချမ်းချမ်း မဲဆွယ်တာမျိုးမဟုတ်ပဲ လေးခွ၊ တုတ်၊ ဓား၊ လက်နက်တွေ အသင့်ယူလာ၊ ဆောင်လာကြပြီး ရန်စ တိုက်ခိုက်တာတွေ ရှိနေကြတာကို အားလုံးအသိပါ။ အခုပုံစံမျိုးကို ဆရာကြီး ရွှေဉဒေါင်း မန္တလေးမှာ လူထုသတင်းစာ အယ်ဒီတာချုပ်လုပ်ချိန်ကလည်း ကြုံခဲ့ရပါတယ်။ အဲ့ဒီအချိန် ၁၉၅၆ ခုနှစ်က မိုးညှင်းမြို့ ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံပွဲကို ဖဆပလပါတီ ဝန်းရံလူတွေက နှောင့်ယှက်ခဲ့ပုံကို ဆရာကြီးက အခုလို ရေးခဲ့ပါတယ်။ “ ဝမ်းနည်းဖွယ်ရာ အခြင်းအရာတခု ဖော်ပြဉီးမည်မှာ မိုးညှင်းမြို့ပေါ်ရှိ ဖဆပလ အဆွယ်အပွား လူရမ်းကား ကလေး များသည် ပွဲပျက်အောင် အနှောင့်အယှက် ပြုလုပ်ကြသေးသည်ဆိုရာ ကမ္ဘာ့ငြိမ်းချမ်းရေးသမားများ၏ အအုပ်အ ထိန်း ကောင်းမှုကြောင့် သူတို့၏အကြံ မအောင်မြင်ပဲ ငြိမ်းချမ်းရေးအဖွဲ့ ဆိုသည့်အလိုက် ငြိမ်းချမ်းစွာနှင့်ပင် လက်စ သိမ်းနိုင်ခဲ့ကြပါပေသည်။ ဖဆပလဟူသော အမည်ကို ဘယ်သူကမှည့်ခဲ့သည်ဖြစ်စေ ထိုအချိန်တွင်ကား အနယ်နယ် အရပ်ရပ်၌ လူရမ်းကားများ သိမ်းသွင်းစုဆောင်းခြင်း အလုပ်တွင် “ နိုးတူး “ ခေါ်ထိုက်သည့် လူစုပေတကားဟု မှတ်တမ်း တင်ထိုက်ပါပေသည်။” ဆရာကြီးရွှေဥဒေါင်းရဲ့ မှတ်တမ်းအရ ဖဆပလ အစိုးရလက်ထက် လူရမ်းကားကလေးတွေ စုဆောင်းထားခဲ့ပုံဟာ အခုခေတ် ရမ်းကားတဲ့ “ဘယ်ကမှန်းမသိသော လူအုပ်များ” ထွက်ပေါ်လာပုံမျိုးရဲ့ အစ ဖြစ်မယ်ထင်ပါတယ်။ ဆရာကြီး ရွေဉဒေါင်း စာစုံ ရေးခဲ့ပုံကို ဖော်ပြပြီး ဖြစ်ပါတယ်။ သူရိယမဂ္ဂဇင်းနဲ့ မန္တလေး လူထုသတင်းစာတို့မှာ ခေါင်းကြီးတွေလည်း ရေးခဲ့ရာမှာ သူ့ရဲ့  ထိမိတဲ့ ဝေဖန် ရေးသားချက်တွေနဲ့ လူထုသတင်းစာအပေါ်ကို အာဏာပိုင်တွေရဲ့ မကျေနပ်ချက်တွေကြောင့် လူထုသတင်းစာတိုက်ကို ဗုံးခွဲဖြိုဖျက်ခံခဲ့ရပါတယ်။ ဒီအကြောင်းကို ရွှေဥဒေါင်းက အခုလို ရေးခဲ့ပါတယ်။ “လူထုသတင်းစာတိုက်ကို ဒိုင်းနမိုင်းခွဲခြင်း” “၁၉၄၉ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ဗမာ့တပ်မတော်က မန္တလေးမြို့၊ ဂုံတန် ဆေးရိုးဝင်းအတွင်းရှိ လူထု သတင်းစာတိုက်ကို ဒိုင်းနမိုင်းဖြင့် ဖြိုခွဲလိုက်သည်။ လူထုသတင်းစာ အလုပ်တိုက်မှာ ယခုကဲ့သို့ လက်ဆည်ကန် (ဗိုလ်ချုပ်လမ်းမကြီး)ပေါ်၌ မဟုတ်သေးပဲ ဆေးရိုးဝင်းအတွင်း ဝါးတဲကြီးနှင့်ရှိသေးသည်။ ကျွန်ုပ်သည် ထိုအချိန်တွင် ဝါးတဲကြီးနှင့် မျက်နှာချင်းဆိုင်တိုက်တွင် အိပ်ယာပေါ်၌ စာဖတ်လျှက်ရှိရာ ဒိုင်းနမိုက်များဖြင့် တဲကြီးထဲသို့ ဝင်သွား သော စစ်သားများကို မြင်လိုက်ရသည်။ ဒိုင်းနမိုင်းခွဲသော်လည်း ကျွန်ုပ်အတွက် အန္တရာယ်မရှိနိုင်ဆိုကာ စာဖတ်မြဲ တိုင်း ဖတ်နေသည်။ ခနကြာသော် ပြင်းထန်လှသော ပေါက်ကွဲသံကြီး ဖြစ်ပေါ်လာ၍ အမှိုက်သရိုက်များနှင့် ဖုံများ သည် ဖွင့်ထားသောအပေါက်မှ ပက်လက်လှန်ကာ စာဖတ်နေသောကျွန်ုပ်ထံသို့ ဝုန်းကနဲဝင်လာသည်နှင့် ငေါက်ကနဲ ထထိုင်လိုက်ရာ တိုက်အိုကြီး၏ နံရံများသည် ဆင်နားရွက် ခတ်သည့်နှယ် လှုပ်ခါနေခြင်းကို မြင်လိုက်ရသည်။” အခုလို သတင်းစာတိုက်ကို ဗုံးခွဲရုံမက သတင်းစာခေါင်းကြီးတွေ ရေးသားတာကို မကျေနပ်တဲ့အတွက် လူထုဦးလှနဲ့ ရွေဥဒေါင်း တို့ ၂ ယောက်ကို နန်းတွင်းရှိ စစ်တပ်က ခေါ်ယူကြိမ်းမောင်းခဲ့ပါသေးတယ်။ သခင်ကိုယ်တော်မှိုင်းနဲ့ ရွှေဥဒေါင်း ချောင်းဦးဆယ်ရွာက ပြောင်းဖူးသည် မယ်ညှာတို့များ ရှိပါသေးလား။ (သခင်ကိုယ်တော်မှိုင်း) ဆရာကြီးသခင်ကိုယ်တော်မှိုင်း ခေါ် ဆရာလွန်းနဲ့ သူ အတူ အလုပ်လုပ်ကိုင်ကြပြီး ဆရာလွန်းဆီက ပညာယူပုံကို ဆရာကြီး ရွေဥဒေါင်းက အခုလို ရေးထားခဲ့ပါတယ်။ “၁၉၁၇ ခုနှစ်၌ ကျွန်ုပ်နှင့်တွေ့စဉ်က ဆရာလွန်းသည် ၄၂ နှစ်မျှသာရှိသေး၍ သုံးလခန့် တစားပွဲတည်းထိုင်ကာ အလုပ်လုပ်ကြရသဖြင့် လျှင်မြန်စွာရင်းနှီးလာကြသည်တွင် ဆရာလွန်းသည် ဖိုးသူတော်ဦးမင်း၊ လူဦးမင်း စသည့် စာဆိုတော်များ‌ရေးသော (ကာလသားကြိုက်) ခပ်ကြမ်းကြမ်းစာပေ အတိုအထွာများ ရွတ်ပြ၍ ကျွန်ုပ်ကလည်း ရေးမှတ်ယူလေ့ရှိသည်။ ဆရာလွန်းဝှက်စာများကို ချူယူရာတွင် သူ့စာများ အလွတ်ကျက်ပြီး ပြန်ရွတ်ပြသည်။ ရွတ်ပြသည်ကို ဆရာ အလွန်ပီတိဖြစ်ပုံရသည်။ တခါက အတူခရီးသွားကြစဉ် ချောင်းဦးဘူတာ၌ ရပ်နားနေစဉ် “ချောင်းဦး ဆယ်ရွာက ပြောင်းဖူးသယ် မယ်ညှာတို့များ ရှိပါသေးလားဆရာရယ်။” လို့ ပြောလိုက်သောအခါ ဆရာကြီး မျက်နှာ၌ အလွန်ကြည်နူးနှစ်သိမ့်သော အမူအရာကို မြင်လိုက်ရသောအခါတွင် ကျွန်ုပ်အဖို့ ဆုလာဘ်ကြီး ရသကဲ့သို့ ထင်လိုက်မိပါသည်။” ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ရွှေဥဒေါင်းတို့ဟာ အလွန်ရင်းနှီးပြီး စာပေအရေးတင်မက ကမ္ဘာ့ငြိမ်းချမ်းရေးကိစ္စတွေမှာ လည်း အတူအလုပ်လုပ်ခဲ့ကြပါတယ်။ တဆက်တည်းပဲ ဆရာကျော် ခေါ် ပီမိုးနင်း၊ နန်းတော်ရှေ့ဆရာတင်၊ သော်တာဆွေ၊ ဗန်းမော်တင်အောင်၊ ဦးသုခ၊ ဂဠုန်ဦးစော စသူ စသူတွေနဲ့ ဆက်စပ်ပတ်သက်တဲ့ အကြောင်းတွေ၊ စိတ်ဝင်စားစရာတွေ တပုံကြီး ရှိခဲ့ပါတယ်။ ဒီနေရာမှာ ရွှေဥဒေါင်းရဲ့ ထူးခြားချက် အနည်းငယ်ကိုပဲ ပြောပါတော့မယ်။ အထင်ကြီးခံထိုက်မှခံသော ရွှေဥဒေါင်း ဆရာကြီး ရွှေဥဒေါင်းက ဒီအကြောင်း ကိစ္စကို အခုလို ရေးသားထားခဲ့ပါတယ်။ “များစွာသောသူတို့သည် ကိုယ်ကျင့်တရားနှင့်ပတ်သက်ပြီး နာမည်ကောင်းရဖို့ ကြိုးစားတတ်ကြသူများသာ ဖြစ်ကြပါလျှက် ကျွန်ုပ်မှာ ထိုသို့ မဟုတ်ပေ။ တခါက ထမင်းစားဖိတ်သော လူငယ်တယောက်သည် ဟိုတယ်၌ ခေါ်သွင်း ကျွေးမွေးစဉ် ကျွန်ုပ်၏ ငါးပါးသီလတည်မြဲပုံကို ချီးမွမ်းပြောလေသည်။ (ထိုလူငယ်သည် ကျွန်ုပ်အကြောင်း မသိရှာပေ။) ထိုအချိန်၌ ကျွန်ုပ်သည် ဘီယာသောက်ဖို့ စိတ်ကူး မရသော်လည်း ကျွန်ုပ်၌ မရှိသော အရည်အချင်းကို ချီးကျူးရာတွင် ဝမ်းထဲ၌ ယားကျိကျိဖြစ်လာသည်နှင့် ဘီယာတလုံးမှာယူ သောက်စားလိုက်သည်။” ဆရာကြီးရွှေဥဒေါင်းဟာ အရက်ကိုသာမက မြင်းလောင်းပွဲ၊ လေးကောင်ဂျင်တွေမက ဆေးခြောက်၊ ကုတ်ကင်းအထိ စုံချင်သူ ဖြစ်တာကြောင့် သုံးစွဲခဲ့ဘူးတယ်။ ဒါပေမဲ့ အလွန်အကျွံမဖြစ်ခဲ့ပါ။ ဒီအကြောင်းတွေကိုလည်း သူက ဖွဲ့နွဲ့ရေးသားထားခဲ့ ပြီးပါ ပြီ။ သူ မြင်းစီးသမားကောင်းတယောက် ဖြစ်ခဲ့တာ၊ လယ်ထွန်သင်ခဲ့ဘူးတာ၊ လယ်ထဲမှာ အလုပ်လုပ်ခဲ့တာ၊ အမဲလိုက် လင့်စင် ထိုးပြီး ကျားသစ် ပစ်တာကို လေ့လာခဲ့ဘူးတာ၊ လက်တွေ့ ဆင်ပစ်လိုက်သွားတာတွေ၊ ဆေးကုန်သည်လုပ်တာ၊ ဈေးဆိုင်ဖွင့် ရောင်းဘူးတဲ့အထိ စုံခဲ့သူဖြစ်ပါတယ်။ တရုတ်ပြည် ငြိမ်းချမ်းရေးခရီး၊ ရုရှားပြည်ခရီးတွေကိုလည်းသွားခဲ့ရာမှာ ခရီးစဉ် တလျှောက် အသေးစိတ်မှတ်ထားပြီး “ကိုယ်တွေ့တရုတ်ပြည်သစ်” စတဲ့ ခရီးသွားမှတ်တမ်းစာအုပ်တွေ ရေးခဲ့ပါတယ်။ နောက်ဆုံးဖော်လိုတာက ဆရာကြီးရဲ့ ဗုဒ္ဓတရားတော်တွေအပေါ် ရိုသေအားထုတ်တဲ့အကြောင်းနဲ့ ဗုဒ္ဓစာပေတွေ ရေးသားခဲ့ တဲ့ အကြောင်းပါ။   လုံနှမတန်းလန်းနှင့် ဥုံဖွမန်းသလို ဒုလ္လဘရဟန်းပြုကြသူများကို ဖူးမြော်ကန်တော့ခြင်းမပြုလိုပါ။ ။ (ရွှေဥဒေါင်း) ရခဲစွာသော ရဟန်းဘဝကို ရပြီးခါမှ ၇ ရက်၊ ၁၀ ရက် “ဗျက်ကယ် ဗျက်ကယ်” အဓိပ္ပာယ်ရောက်သော ခေတ္တသာ ရဟန်းပြု တာကို ဆရာကြီးက သဘောမကျခဲ့ကြောင်း ရေးသားခဲ့ဘူးပါတယ်။ သာသနာပြုရဟန်းတော်တွေဟာ ၇ ရက် အဓိဋ္ဌာန် စသည်ဖြင့် “မီးပွတ်ယောက်ျား၊ မနားမနေ၊ ကြိုးပမ်းစေ” ဆိုပြီး ရေးခဲ့ဖူးပါတယ်။ သူ ရေးခဲ့တဲ့ ဘာသာရေးစာတွေထဲမှာ... “ဒိဋ္ဌေဒိဋ္ဌမတ္တံလက်တွေ့ကျင့်စဉ်စာအုပ်”၊ “ဗုဒ္ဓဝါဒနှင့် အယူအဆရေးရာများစာအုပ်”၊ “လောကုတ္တရာရေးရာ ဆွေးနွေးခန်းများ စာအုပ်”၊ “ရုပ်ခွဲနမ်ခွဲနှင့် အခြားဝတ္ထုတိုများစာအုပ်”နဲ့ “ဘာသာရေးခံယူချက်စာအုပ်”တွေ ပါဝင်ပါတယ်။ သူဟာ တခြား အကြောင်းတွေစုံအောင် လေ့လာသလိုပဲ ဗုဒ္ဓတရားကိုလဲ လက်တွေ့အားထုတ်လေ့လာခဲ့တယ်။ သူက ခုလို ရေးထားခဲ့တာပါ။ “တရားနှင့်ပတ်သက်၍ ကျွန်ုပ်လုပ်ခဲ့သမျှမှာ ငါ ရှာခြင်းအလုပ်နှင့် စိတ္တာနုပ္ပဿနာခေါ် မိမိ၏စိတ်ကို စောင့်ကြည့် ခြင်းတို့ ဖြစ်ခဲ့ရာ ရှင်ဉာဏုတ္တရလူထွက် ကိုဆန်းထွန်းက မာလုကျပုတ္တရအား ဗုဒ္ဓညွှန်ပြတော်မူခဲ့သည့် ဒိဌေဒိဌမတ္တံ ကျင့်စဉ်ကို ဖတ်ပြသဖြင့် ကြားနာလိုက်ရသည့်နေ့မှစ၍ ယင်းကျင့်စဉ်အရ အလေးပေးပြီး အားထုတ်ခဲ့ပါသည်။ အဆိုပါ ကျင့်စဉ်အရ ကျွန်ုပ်အားထုတ်၍ မြင်တွေ့သမျှကို ရှုမဝမဂ္ဂဇင်းတွင် ဆောင်းပါးများဖြင့် ဖော်ပြခဲ့ပြီး စာအုပ် ထုတ်ခဲ့ပါသည်။ ” ကိုယ်တိုင် ဒိဌေဒိဌကျင့်ကြံကာ ဗုဒ္ဓဘာသာစာအုပ်တွေထုတ်ခဲ့တဲ့ ရွှေဥဒေါင်းက သာသနာပြုလုပ်ငန်းအတွက် နိုင်ငံတကာ သွားကြတဲ့ ဆရာတော်တွေဟာ စာတွေ့သာမက လက်တွေ့ပါ ဒိဌေဒိဌမတ္တံ ကျင့်ကြံအားထုတ်ကြရမယ်လို့လည်း ရေးသားခဲ့ပါတယ်။ သူဟာ ကျန်းမာရေးဆိုင်ရာ စာအုပ်တွေလည်း ရေးသားခဲ့ပါတယ်။ ဆရာကြီးရွှေဥဒေါင်း ၁၃၁ နှစ်ပြည့် သတိတရ စာဖတ်ခြင်း၊ ဆွေးနွေးခြင်း၊ စာရေးခြင်း ဒီသုံးခုကို မပြတ်လုပ်ဖို့ ဆရာကြီးရွှေဥဒေါင်းက မှာပါတယ်။ သူကိုယ်တိုင် အင်္ဂလိပ်ဝတ္ထုကြီးတွေ၊ မြန်မာစာအုပ်တွေ ဖတ်ခဲ့ တာက စာရေးဆရာဖြစ်လာဖို့ အကြောင်း ဖြစ်တယ်လို့ သူကဆိုပါတယ်။ လူ့သဘောတွေ လေ့လာပါ။ ခရီးသွားပါ။ “စုံ”အောင် လက်တွေ့လေ့လာပါ၊ မှတ်သားပါ။ စာတပုဒ်ဖြစ်အောင် ပြန်ရေးချပါ ဆိုတာတွေဟာ ဆရာကြီးရွှေဥဒေါင်းရဲ့ ဘဝတသက် အတွေ့အကြုံတွေနဲ့ရင်းခဲ့တဲ့ အမှာစကားတွေပါပဲ။ ရွှေဥဒေါင်းအကြောင်းရေးလျှင် ဆုံးနိုင်မယ်မထင်။ သူ့ ၁၃၁ နှစ်မြောက် မွေးနေ့မှာ သူ့စာတွေကို ပြန်ဖတ်မယ်ဆိုရင်တော့ မြန်မာ့ဗဟုသုတ၊ ကမ္ဘာ့ဗဟုသုတ၊ ကျန်းမာရေးအသိ၊ အတွေးအခေါ်ကအစ ဗုဒ္ဓတရားတော်တွေကို ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့သိရမယ့်အထိ အကျိုးများမှာလို့ ယူဆပါတယ်ဗျာ။ ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024