DVB Logo
Home
မြန်မာသတင်း
ကယားတွင် မဲပေးရန် လျှောက်ထားသည့် ရွှေ့ပြောင်းလုပ်သား  ၅၀၀၀ ကျော်ရှိ
DVB
·
October 13, 2020
ကယားတွင် မဲပေးရန် လျှောက်ထားသည့် ရွှေ့ပြောင်းလုပ်သား  ၅၀၀၀ ကျော်ရှိ
1 / 5
Donate to DVB

ကယားပြည်နယ်အတွင်းရောက်ရှိနေတဲ့ ရွှေပြောင်းလုပ်သားတွေအနေနဲ့ မိမိရောက်ရှိတဲ့ ဒေသမှာ ဆန္ဒမဲပေးနိုင်ဖို့ ပုံစံ ၃ (က)နဲ့ လျှောက်ထားသူ ၅၀၀၀ ကျော်ရှိတယ်လို့ ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက  သိရပါတယ်။

မိမိနေရပ်မှာ ပြန်ပြီး မဲမပေးနိုင်တဲ့ ရွှေပြောင်းလုပ်သားတွေ မဲပေးနိုင်ရေးအတွက် ပုံစံ ၃ (က)လျှောက်ထားမှုကို အခုလ ၁၀ ရက်နေ့ နောက်ဆုံးထား လျှောက်ထားခိုင်းတာဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်နေ့အထိ တပြည်နယ်လုံးမှာ လျှောက်ထားသူ ၅၂၀၀ ကျော်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကယားပြည်နယ် အတွင်းရေးမှူး ဦးကျော်ဆန်းဝင်းက ပြောပါတယ်။

လျှောက်ထားမှုအများဆုံးကတော့ လွိုင်ကော်မြို့နယ်မှာ ၂၆၀၀ ကျော်ရှိပြီး ဖားဆောင်း မြို့နယ်မှာ ၁၆၀၀ ကျော်ရှိကြောင်း သိရပါတယ်။

မယ်စဲမြို့နယ်မှာတော့ ပုံစံ ၃ (က) လျှောက်ထားသူ ၂၀၀ ကျော်ရှိကြောင်းလည်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကယားပြည်နယ်အတွင်းရေးမှူး ဦးကျော်ဆန်းဝင်းက ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်အရ မယ်စဲမြို့နယ်မှာ မဲပေးပိုင်ခွင့်ဦးရေ ၄၉၀၀ ကျော် ရှိပြီးတပြည်နယ်လုံးမှာ မဲဆန္ဒရှင် အနည်းဆုံးမြို့နယ်ဖြစ်ပါတယ်။ ကယားပြည်နယ်တစ်ခုလုံးမှာ ရွှေ့ပြောင်းလုပ်သား မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၅၀၀၀ ကျော်ရှိတဲ့အတွက်   မယ်စဲမြို့နယ် တခုလုံးမှာရှိတဲ့  မဲဆန္ဒရှင် ဦးရေထက် များပြားနေပါတယ်။ 

ရွှေ့ပြောင်းလုပ်သားအများစု သွားရောက်အလုပ်လုပ်ကိုင်တဲ့ ဖားဆောင်းမြို့နယ် မော်ချီးကျေးရွာအုပ်စုမှာ ဆိုရင်  ပုံစံ ၃(က) လျှောက်ထားသူ ၁၅၀၀ ကျော်၊ ၁၆၀၀ နီးပါးလောက်ရှိမယ်လို့ မော်ချီးရပ်ကျေးကော်မရှင် ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

 မော်ချီးဒေသဟာ ခဲသတ္တုအများအပြားထွက်ရှိရာဒေသဖြစ်ပြီး  မြန်မာပြည်တနှံတလျားက ရွှေ့ပြောင်းလုပ်သားတွေ လာရောက်အလုပ်လုပ်ကိုင်နေကြတာပါ။ အများစုက မြန်မာပြည် အလယ်ပိုင်းဒေသက ကျောက်ပန်းတောင်း၊ နတ်မောက်၊ ပခုက္ကူ နဲ့ တောင်ငူမြို့နယ်ဘက်က ရွှေပြောင်းလုပ်သားအများစု ဖြစ်ကြောင်းလည်း ပြောပါတယ်။

မော်ချီးသတ္တုတွင်းထဲက တခုဖြစ်တဲ့ ကဘ-၃၂ (ခေါ်)  အမှတ် ၃ သတ္တုကျင်းဟာ လုပ်ကွက်ပေါင်း ၇၀ ကျော်ရှိပြီး လုပ်ကွက်အများစုမှာ ရွှေ့ပြောင်းလုပ်သားတွေ လုပ်ကိုင်နေကြ ပါတယ်။

ဒီရွှေ့ပြောင်းလုပ်သားတွေ မဲပေးပိုင်ခွင့်ရရှိအောင် ကျင်းပိုင်ရှင်တွေဆီကနေဆင့် အကြောင်းကြားပြီး လုပ်သားတွေကို ပုံစံ ၃ (က) လာရောက် လျှောက်ခိုင်းထားကြောင်း အမှတ် ၃ ကျင်းဦးစီးမှူး စောဖလယ်ကော်က ပြောပါတယ်။

“အခုလက်ရှိ လုပ်ကွက် ဦးစီးထားတဲ့ Owner (လုပ်ကွက်ပိုင်ရှင်)တွေ ရှိတယ်လေ။ ကျနော်တို့ ကတော့ Owner တွေနဲ့ ညှိနှိုင်းတိုင်ပင်ထားတာရှိတယ်ပေါ့နော်။ တကယ်လို့ ကိုယ့်အလုပ်သမား တွေ ကိုဗစ်-၁၉ ကြောင့် ကိုယ့်ဒေသမှာ မဲပြန်မထည့်နိုင်တဲ့လူရှိတဲ့အခါကျတော့ ဒီနားမှာ ဝင်ရောက် ပါဝင်ထည့်နိုင်တယ်ဆိုတဲ့ အတိုင်းအတာ တယောက်နဲ့တယောက်ညှိနှိုင်းပြီးတော့ သဘောတူထား ပါတယ်။ မဲထည့်တာကတော့ ဘယ်နေရာပဲထည့် ထည့်ပေါ့ ကျနော်တို့က ဖောင်မဖြည့်ခင် သူတို့ကို ဒါတွေသေချာရှင်းပြထားတာရှိပါတယ်။ ”

အမှတ် ၃ ကျင်းထဲက လုပ်ကွက်ပိုင်ရှင် ဦးမိုင်ကယ်ကတော့ သူ့မှာ လုပ်သား ၄ ဦးရှိပြီး ဖရူဆိုမြို့နယ်ကနေ လာရောက်လုပ်လုပ်ကိုင်တာဖြစ်လို့ ဖရူဆိုမှာပဲ မဲပြန်ပေးဖို့ဆန္ဒရှိပေမယ့် တဖက်မှာ ရောဂါအခြေအနေကြောင့် ပြန်လာမရမှာစိုးရိမ်တဲ့အတွက် ပုံစံ ၃ (က) ကို ဖြည့်ထားကြောင်းပြောပါတယ်။

“ကျနော် အခုလောလောဆယ်ပေးတော့ ပေးထားတယ်။ ဒါပေမဲ့ အလုပ်သမားတွေနဲ့ ဆွေးနွေးတဲ့အခါကျတော့ သူတို့ကလည်း ပြန်ချင်တာပေါ့နော်။ တဖက်မှာလည်း ရောဂါအခြေအနေ ကြောင့်ပြန်ပြီးရင် ပြန်လာဖို့ ခက်ရင်ခက်မှာ အဲဒါကြောင့် သူတို့နဲ့တိုင်ပင်ပြီးမှ ဖြည့်ထားတဲ့ လျှောက်လွှာသွားပေးမှာ။”

ရန်ကုန်တိုင်း တွံတေးမြို့နယ်ကနေ မော်ချီးသတ္တုတွင်းမှာ လာရောက်လုပ်လုပ်ကိုင်တဲ့ အသက် ၁၈ နှစ်အရွယ် စောကဲလေးကတော့ သူ့အနေနဲ့ မဲ ပထမဆုံးပေးရမှာဖြစ်လို့ စိတ်လှုပ်ရှားသလို မဲပေးဖို့လည်း စာရင်းတင်ထားပြီးပြီလို့ ပြောပါတယ်။

         “အခုမှစာရွက်နဲ့လာပေးတော့ အဲဒါဖောင်ဖြည့်ထားတုန်းပဲ။ လောလောဆယ် ဘယ်လို လုပ်ရမယ်မသိ သေးဘူးလေ။ မထည့်ရသေးတာကိုး၊ သွားထည့်ရမှာဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားတာပေါ့။ စာမေးပွဲဖြေသလိုပဲလေ။ စာမေးပွဲဖြေသလို စိတ်လှုပ်ရှားတာပေါ့။ ”

ကချင်ပြည်နယ်ကနေ မော်ချီးသတ္တုတွင်းဒေသမှာ  လာရောက်ပြီး ဈေးရောင်းတဲ့ မညိုကတော့ မဲပေးခွင့်ရှိရင်တော့ ပေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။

“မဲပေးရမှာပေါ့။ ဒီမှာထည့်လို့ရတယ်ဆိုရင်တော့ ဒီကနေပြီးတော့ ရွှေ့ပြောင်းလုပ်သား အနေနဲ့ထည့်မယ်။”

ရွေးကောက်ပွဲကော်မရှင်ကတော့ မြန်မာနိုင်ငံအတွင်းက ရွှေ့ပြောင်းနေထိုင်သူတွေ အားလုံးရဲ့ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးရအောင်မဲပေးခွင့်ရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ နေထိုင်တဲ့ သက်တမ်းကို ရွေးကောက်ပွဲနည်းဥပဒေမှာ ရက်ပေါင်း ၁၈၀ အစား တဝက်လျှော့ချပြီး ရက် ၉၀ ပြင်ဆင်ခဲ့ပါတယ်။

ဒီလို ပြင်ဆင်လိုက်တာဟာ ဒေသခံ တိုင်းရင်းသားတွေအတွက် များစွာ ထိခိုက်နစ်နာနိုင်တယ်ဆိုပြီး   နိုင်ငံရေးပါတီတချို့က  ဝေဖန်ထောက်ပြ ကန့်ကွက်တာတွေ ရှိခဲ့ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013