Home
ဆောင်းပါး
ယမ်းငွေ့တွေကြားက အကာအကွယ်မဲ့မိခင်များ (ဆောင်းပါး)
DVB
·
September 23, 2020
IMG20200801141016-900x506

ဒုက္ခသည်မိခင်များ

မျက်စိတဆုံးမြင်ရတဲ့ မြင့်မားစိမ်းစိုနေသောအမ်းတောင်တန်းအသွယ်သွယ်တွေကြားက ထွက်နေတဲ့နေမင်းကြီးဟာ ရုတ်တရက် ပျောက်ကွယ်သွားပါတယ်။ အထပ်ထပ်လွင့်မျောနေသောမိုးတိမ်တွေကလည်း ပြိုမလိုဟန်ဆင်လာနေချိန်မှာ အမ်းတောင်တန်းတွေကြားထဲက တဲသာသာဒုက္ခသည် အိမ်လေးထဲက ကလေးငိုသံကို အဝေးကနေ ကြားနေရပါတယ်။ “ရွာက ထွက်ပြေးလာတဲ့အချိန်မှာကိုယ်ဝန်က ၇ လပါ။ ကလေးတစ်ဖက်နဲ့ ဆိုတော့ တော်တော်ဒုက္ခရောက်ပါတယ်။ ထမင်းတောင် မစားခဲ့ရပါဘူး။” လို့ အသက် ၂၉ နှစ်အရွယ် စစ်ဘေးရှောင် ချင်းအမျိုးသမီး မစန္ဒာအေးက တစာစာငိုနေတဲ့ လသားအရွယ်ကလေးကို ချီနေရင်း သူမတို့ရွာက စစ်ဘေးရှောင်ထွက်လာခဲ့ပုံကို ပြောပြပါတယ်။ ရခိုင်ပြည်နယ် အမ်းမြို့နယ် အမ်းမြောက်အုပ်စု ကမ်းဒိတ်ရွာဘုန်းကြီး ကျောင်းကိုရောက်နေတဲ့ စစ်ဘေးရှောင် ချင်းအမျိုးသမီးတစ်ဦးဖြစ်တဲ့ မစန္ဒာအေးဟာ အမ်းမြို့နယ် အမ်းပြကျေးရွာကနေ စစ်ဘေးရှောင်လာခဲ့သူ ဖြစ်ပါတယ်။ သူမဟာ အသက် ၂၉ နှစ်သာရှိသေးပေမယ့် သားသမီး ၆ ဦးထိရှိနေပြီး သားဆက်ခြား နည်းလမ်းတွေကို မသိသလို ကလေးမွေးဖွားချိန်တွေမှာလည်း ကျေးလက်တောရွာက အရပ်လက်သည်တွေနဲ့သာ ကြုံသလို မွေးဖွားခဲ့ရတယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးမိခင်တွေအတွက် ဥပဒေအရ အကာအကွယ်တွေရှိပေမယ့် မစန္ဒာအေးတို့လို စစ်ဘေးရှောင်အမျိုးသမီးတွေအတွက်တော့ မဆိုင်သလိုဖြစ်နေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ ၊ ၃၅၁ မှာတော့ “မိခင်များ၊ကလေး သူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုး သမီးများသည် ဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးများကို အညီအမျှခံစားခွင့်ရှိစေရမည်။”ဟု ရေးသားဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ပြည်သူလူထုများအတွက် ငြိမ်းချမ်းမျှတ၍ သာယာဝပြောသော အနာဂတ် ပေါ်ထွန်းလာနိုင်ရေးကို ဦးတည်လျက်လို့ဆိုထားပြီး ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာပါအမှတ် ၄၄ မှာ “မြန်မာနိုင်ငံတော်အစိုးရသည် နိုင်ငံသားဖြစ်တည်မှုကို အခြေခံသည့် ခွဲခြားမှုများမပြုလုပ်ဘဲ နေထိုင်သူများအားလုံးအတွက် ပြီးပြည့်စုံသော အိမ်တိုင် ရာရောက် ကာကွယ်ဆေးထိုးစီမံချက် လုပ်ဆောင်မှုကို အရှိန်မြင့်တင်သင့်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အချိန်ကြာမြင့်စွာ ပိတ်ဆို့ခြင်းခံထားရသော ဒေသများကို ဦးစားပေးဆောင်ရွက်သင့်ပါသည်။ နိုင်ငံတကာမှ ပူးပေါင်းဆောင်ရွက်လိုသည့် အဖွဲ့အစည်းများအနေဖြင့် ထိုလုပ်ငန်းစဉ်များတွင် လိုအပ်သည့် နည်းပညာနှင့် ငွေကြေးအကူအညီများကို ပေးသင့်ပါသည်။”ဟု အကြံပြု တိုက်တွန်းထားပါတယ်။

စစ်ရှောင်အမျိုးသမီးများဘေးကင်းလုံခြုံရေး

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ရက္ခိုင့်တပ်တော်(အေအေ)တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အမ်းဒေသက စစ်ရှောင်အမျိုးသမီးတွေဟာ ဘဝလုံခြုံငြိမ်းချမ်းရေးကို ခြိမ်းခြောက်ခံနေရကြရတယ်လို့ စစ်ဘေးရှောင်ကူညီတဲ့အဖွဲ့တွေက ဆိုပါတယ်။ “အင်္ကျီအဝတ်အစား အိမ်သာလည်း အဆင်မပြေဘူးလေ။ အိမ်သာတက်ရတာလဲ အဆင်မပြေဘူး။ ပြီးလို့ရှိရင် ရေချိုးတာပေါ့။ လုံလုံခြုံခြုံမရှိဘူး။”လို့ အမ်းမြို့မအားကစားကွင်း စစ်ဘေးရှောင်စခန်းနေ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူတစ်ဦး ဖြစ်တဲ့ ချင်းတိုင်းရင်းသူလေး မမိုးမိုးမြင့်က ဆိုပါတယ်။ စစ်မက်ပဋိပက္ခဖြစ်ပွားရာဒေသတွေရှိ အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အထူးအလေးထားတဲ့ ပထမဆုံးသော ဆုံးဖြတ်ချက်တစ်ခုကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက အောက်တိုဘာလ ၃၁ ရက်နေ့ ၂၀၀၀ ခုနှစ်က အတည်ပြုဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီကမ္ဘာ့ကုလဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR 1325)မှာ အမျိုးသမီးတွေရဲ့ ကိုယ်စားပြုပါဝင်မှု (Participation)၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို အကာအကွယ်ပေးခြင်း(Protection) ၊ ကြိုတင်တာဆီးခြင်း (Prevention)၊ ကယ်ဆယ်ရေးနဲ့ပြည်လည်ထူထောင်ရေး(Relief and Recovery) စတဲ့ အချက်တွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကလည်း လိုက်နာအကောင်အထည်ဖော်ရန် တာဝန်ရှိနေပါတယ်။ အမ်းမြို့ပေါ်မှာတော့ အစိုးရက တရားဝင်အသိအမှတ်ပြု ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်း ၂ ခုအပြင် တခြား နေရာတွေမှာ အဆင်ပြေသလို နေထိုင်နေကြတဲ့ စစ်ဘေးရှောင်တွအပါအဝင် ငါးထောင်ကျော် ရှိနေပြီး အများစုမှာ အမျိုးသမီးတွေ ဖြစ်ကြတယ်လို့ ဒေသခံအရပ်ဖက်အဖွဲ့အစည်းတွေက ရှင်းပြပါတယ်။ အမ်းမြို့ ဈေးရပ်ကွက်မှာ အိမ်ငှားနေ ထိုင်နေတဲ့ ကလေး ၅ ယောက်မိခင်ဖြစ်သူတစ်ဦးက “သူတို့ကိုကျောင်းထားဖို့ ဘာမှလည်းမရှိသေးဘူးလေ။ ကျောင်းစိမ်းတွေ ဘာတွေ၊ ဖိနပ်တွေ၊ လွယ်အိတ်တွေ ဝယ်ပေးရမှာကလည်း အဆင်မ ပြေဘူး။ မနက်မိုးလင်းရင် ရက်ကွက်ထဲ သွားအလုပ်ရှာ အလုပ်ရမှ သုံးထောင် ၊ ငါးထောင်ရမှ ဆန်ဝယ် ထမင်း ချက်စားနေရတာပါ။”လို့ သူမတို့မိသားစုရဲ့ လက်ရှိဘဝ ရပ်တည်းရေးအခြေအနေတွေကို ရှင်းပြပါတယ်။ “အသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ပေးခြင်း၊ဝင်ငွေရရှိသည့်လုပ်ငန်းစဉ်များ IDP စခန်းအတွင်း ဖန်တီးပေးခြင်းနှင့် IDP စခန်းပြင်ပတွင်အလုပ်အကိုင်ရရှိအောင် စီစဉ်ဆောင်ရွ က်ပေးခြင်းဖြင့် အမျိုးသားနှင့်အမျိုး သမီး IDP များ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင်ဆောင်ရွက်ပေးရမည်။ထိုဆောင်ရွက် ပေးမှုကြောင့် IDP များအနေဖြင့် နိုင်ငံတကာ အကူအညီအပေါ် မှီခိုရမှုများ လျော့ကျလာမည်ဖြစ်ပါသည်။” လို့လည်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်က ဆိုထားပါတယ်။
အမ်းမြို့နယ်ရှိ စစ်ရှောင်အမျိုးသမီးနေအိမ် /Photo: Kaung Mrat Naing

ဒုက္ခသည်အမျိုးသမီးများအား ကူညီရေး

ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်မှာ ဩဂုတ်လ ၁၅ ရက်နေ့အထိ မြို့ပေါ်စစ်ရှောင်စခန်း ၂ ခုမှာ အိမ်ထောင်စု (၄၃၅)စု၊ လူဦးရေ (၁၈၉၄)ဦးနှင့် စခန်းပြင်ပမှာ အိမ်ထောင်စု (၄၉၂)စု၊ လူဦးရေ (၂၂၂၉)ဦး၊ စုစုပေါင်း အိမ်ထောင်စု (၉၂၇)စု၊ လူဦးရေ (၄၁၂၃)ဦးရှိနေတယ်လို့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေရဲ့စာရင်းအရ သိရပါတယ်။ အမ်းမျိုးဆက်သစ်လူငယ်များအဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်သူ မမီးမီးက “အစိုးရပိုင်းကတော့ အမျိုးသမီးတွေအတွက် သီးသန့် လုပ်ပေးတာတော့မရှိဘူး။ ညီမတို့အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ကမ့်တာဝန်ခံတွေကနေပြီးတော့ သူတို့အတွက် လုပ်ပေးတာတွေတော့ ရှိပါတယ်။ အဓိက မိန်းခလေးတွေအတွက် သူတို့လိုအပ်ချက်တွေကိုကြည့်ပြီးတော့ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးတယ်ပေါ့နော်။”လို့ အမ်းမြို့နယ်အတွင်း မိမိအစီအစဉ်ဖြင့် အဆင်ပြေသလို နေထိုင်နေကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်အမျိုးသမီးတွေရဲ့အခြေအနေတွေအပေါ်သူမတို့တွေ့ကြုံရပုံတွေကို ပြောပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မ ရှင်ရဲ့အပြီးသတ်အစီရင်ခံစာထဲမှာတော့”ရေနှင့်သန့်ရှင်းရေး အထူးအားဖြင့် အညစ်အကြေး စွန့်ပစ်ရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အဦများကို အဆင့်မြင့်တင်ပေးရမည်။”လို့ တိုက်တွန်းထားပါတယ်။ ရခိုင်ပြည်နယ်အစိုးရဖွဲ့ဝင်ဝန်ကြီးတစ်ဦးဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ စည်ပင်သာယာ ရေးဝန်ကြီး ဦးဝင်းမြင့်က “ကမ့်ထဲမှာရှိနေသူတွေကို ကျနော်တို့ ပံ့ပိုးတဲ့အခါမှာလည်းပဲ ဘယ်လိုဘယ်လောက် လိုအပ်နေလဲဆိုတာ ဒါစာရင်းဇယားလိုပါတယ်။ ဌာနဆိုင်ရာတွေမှာကလည်း စာရင်းဇယားနဲ့တွက်ရတာကို။အဲဒီတော့ အဲဒါတွေ လိုအပ်ချက်ရှိကောင်း ရှိနိုင်ပါတယ်။ ဒီစခန်းမှာ ဘယ်လိုအရွယ်တွေ ဘယ်လောက်ရှိတယ်။ ဘယ်လောက်လိုအပ်တယ်။ အဲလိုမျိုးစာရင်း တိတိကျကျလေး လိုပါတယ်။” လို့ စစ်ဘေးရှောင်စခန်းနေ အမျိုးသမီးတွေလိုအပ်ချက်အပေါ် အစိုးရဖက်ကကူညီပံပို့ပေးမှုတွေနဲ့ပတ်သက်လို့ ရှင်းပြပါတယ်။ “မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတ ကာအကူအညီပေးသည့် အဖွဲ့အစည်းများမှ ပြည်တွင်းနှင့် နိုင်ငံခြားသား ဝန်ထမ်းများအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ လိုအပ်သည့် လူ့အဖွဲ့အစည်းအားလုံးအား လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီပေးမှုများကို အချိန်တိုင်းတွင် အပြည့်အဝပေးသွားနိုင်စေရန် ဆောင်ရွက်ပေးသင့်ပါသည်။ ” ဟုလည်း ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား လူသားချင်းဆိုင်ရာ အကူအ ညီပေးမှုများအတွက်လည်း အကြံပြုပါတယ်။ “အမျိုးသမီးတွေရဲ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို မဆိုထားနဲ့။ခုတိုက်ပွဲတွေကြားမှာ ပြေးနေကြရတာကြောင့်မို့လို့ ကျမတို့တွေသည် အသက်တွေတောင်မှ အာမခံချက်မရှိတဲ့ အခြေအနေတွေမှာဖြစ်ပါတယ်” လို့ အမ်းမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မထုမေက ပြောပါတယ်။ “ဒါကြောင့်မို့ 1325 ကို မြန်မာနိုင်ငံက အထူးသဖြင့် တိုက်ပွဲဒေသတွေမှာ စစ်ပဲဖြစ်နေတဲ့ဒေသတွေမှာ ရခိုင်ပြည်နယ် အပါအဝင်တခြားဒေသတွေမှာ ကျမမဲဆန္ဒနယ်အပါအဝင် တခြားသော ကျမတို့ ရခိုင်ပြည်နယ်ကမြို့နယ်တွေမှာ အကောင်အထည်ဖော်မှုဟာ မရှိသလောက်လို့ ပြောလို့ရတယ်။” လို့ မထုမေက မှတ်ချက်ပြုပါတယ်။ “သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ၏အခြေခံရပိုင်ခွင့်နှင့်အခွင့်အရေးများကို လူမျိုးရေးဘာသာရေး၊ဆင်းရဲ၊ချမ်းသာစသည်ဖြင့် ခွဲခြားမှုမရှိဘဲ ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရန်နှင့် လူမှုဘဝမြင့်တင်မှုများကို ဆောင်ရွက်ရန်။” ဆိုပြီး လူမှုရေးကဏ္ဍမူဝါဒအဖြစ် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)မှာ ၂၀၁၇ ခုနှစ် မေလက ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ လက်မှတ် ရေးထိုးထားကြပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်အမျိုးသမီးများအခန်းကဏ္ဍ

မြန်မာနိုင်ငံရဲ့ ပဋိပက္ခဒေသတွေကအမျိုးသမီးတွေရဲ့ဘေးကင်းလုံခြုံရေးတွေ အသက်ရှင် ရပ်တည်ရေးတွေဟာ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ဆက်စပ်နေပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှာ တာဝန်ရှိနေတယ်လို့ ထောက်ပြပြောဆိုကြပါတယ်။ ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ မစောစံငြိမ်းသူက ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၃၂၅ (UNSCR 1325)ပါ အချက်တွေကို အကောင်အ ထည်ဖော်ပေးဖို့ လိုအပ်နေတာတွေကိုထောက်ပြရာမှာ အခုလိုပြောဆိုပါတယ်။ “ဒါက ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့အရမ်းဆက်စပ်တယ်။အပစ်အခတ်ရပ်စဲရေးကာလကနေစပြီး အကောင်အထည်ဖော်ရမယ့် ကိစ္စတစ်ခုဖြစ်တယ်။ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးထားတဲ့အဖွဲ့တွေရှိနေတာတောင် ဒါကို အကောင်အထည်မဖော်နိုင်ဘူး ဆိုလို့ရှိရင် ကျမတို့မှာက အဲဒါတွေကို ဘယ်လို့လုပ်မလဲပေါ့။ ရှိတော့ရှိနေတယ်။ ပျက်ကွက်နေတယ်။ ပျက်ကွက်နေတဲ့အပိုင်းတွေကို ဘယ်သူတွေကတွန်းရမလဲဆိုလို့ရှိရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေပေါ့။ အထူးသဖြင့် NCA လက်မှတ်ရေးထိုးထားပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့အဖွဲ့အစည်းတွေကပဲ တွန်းရမယ်။ အဲဒီအချက်က အရမ်းအရေးကြီးတဲ့ အချက် ဖြစ်တယ်။”လို့ မစောစံငြိမ်းသူက ပြောပါတယ်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်က စစ်ရှောင်အမျိုးသမီးတွေထဲက ကျောင်းနေအရွယ်တွေဟာ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ အဝတ်အထည်တွေစတဲ့လိုအပ်ချက်တွေနဲ့လည်း ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။ အမ်းမြို့ပေါ်  ပဲပဒုံစစ်ဘေးရှောင်စခန်းက ကိုးတန်းကျောင်းသူတစ်ဦးဖြစ်တဲ့ ချင်းတိုင်းရင်းသူလေးမိုင်ဆန်းဆန်းနွယ်က “ထီးတွေကတော့ အရင်လာလှူထားတာတွေတော့ရှိပါတယ်။ ဒါပေမယ့် ကျောင်းသူ /ကျောင်းသားတွေအတွက်ဆိုရင် အက်ျီတွေ လုံလောက်မှုမရှိပါ။အက်ျီတွေလိုပါတယ်။ပြီးလို့ရှိရင် ဖိနပ်တွေ ပြီးလို့ရှိရင် စာအုပ် ဘောပင် ပြီးလို့ရှိရင် ကွန်ပါဗူး အဲဒါတွေမရှိပါဘူး။” လို့ ကျောင်းသူတွေရဲ့အခက်အခဲ လိုအပ်ချက်တွေကို ပြောပြပါတယ်။ အဲဒီစစ်ရှောင်စခန်းမှာ သူငယ်တန်းက နေ ဆယ်တန်းအထိ ကျောင်းသား/ ကျောင်းသူ ၂၅၀ ဦးခန့်ရှိနေပြီး ကိုးတန်း ဆယ်တန်းကျောင်းသားကျောင်း သူတွေမှာ နီးစပ်ရာကျောင်းမှာ တက်ရောက်ပညာသင်ကြားနေကာ ကျန်တဲ့အတန်းတွေကို ကျောင်းတက်ခွင့်ပြုချိန်မှာ စခန်းထဲယာယီစာသင်ဆောင်ဖွင့်လှစ်ကာ သင်ကြားပေးသွားရန် စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁) လူမှုရေးကဏ္ဍ အပိုဒ် ၃ မှာတော့ “သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခြေခံရပိုင်ခွင့်နှင့်အခွင့်အရေးများကို လူမျိုးရေး၊ ဘာသာရေး၊ ဆင်းရဲ၊ ချမ်းသာ စသည်ဖြင့် ခွဲခြားမှုမရှိဘဲ ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရန်နှင့်လူမှုဘဝမြင့်တင်မှုကို ဆောင်ရွက်ရန်။”လို့ ဆိုထားပေမယ့် ငြိမ်းချမ်းရေးညီလာခံထဲမှာတော့ အမျိုးသမီးတွေအရေးကို သီးခြားဆွေးနွေးမှုတွေ မရှိသေးဘူးလို့ ဆိုပါတယ်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် စောမြရာဇာလင်းက “အမျိုးသမီးတွေကိစ္စကျတဲ့ အခါမှာ လူမှုသဟဇာတဖြစ်ရုံနဲ့ မရဘူး၊အမျိုး သမီးတွေအတွက် ဆိုလို့ရှိရင် affirmative action ကလိုတယ်။ affirmative Action က ဘာကြောင့် လိုသလဲ ဆိုလို့ရှိရင် ဥပမာ ဒုက္ခသည် ခန်းတစ်ခုမှာ ဆိုပါစို့ ၊အမျိုးသားတစ်ယောက်ရဲ့ လိုအပ်ချက် နဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လိုအပ်ချက် မတူဘူး။ ဒီညီလာခံကတော့ အမျိုးသမီးတွေ အတွက်သီးခြား အဲဒီလိုမျိုး ဆွေးနွေးထားတာတော့ မရှိဘူး။” လို့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံထဲက အခြေအနေတွေကို ရှင်းပြပါတယ်။ “အရပ်ဖက်လူ့အဖွဲ့အစည်းများမှ ယာယီဖွင့်လှစ်သင်ကြားပေးသည့် စာသင်ကျောင်းများအား တရားဝင်စာသင် ကျောင်းများအဖြစ် အသိအမှတ်ပြုခြင်း၊ ယာယီစာသင်ကျောင်းများ ပိုမိုပေါ်ပေါက်လာရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆရာဖြစ်သင်တန်းများပေးခြင်း၊ ကျောင်းဆရာ၊ ဆရာမများကို လစာများပေးခြင်းနှင့် အထောက်အကူပစ္စည်းများ ထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်ပေးရမည်။”ဟု ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့အပြီး သတ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒုက္ခသည်အမျိုးသမီးတွေရဲ့မျှော်လင့်ချက်

အမ်းမြို့နယ် ဒါးလက်ကျေးရွာအုပ်စုက ဒါးလက်အလယ်ရွာ၊ ဒါလက်မြောက်ရွာ၊ ဒါးလက်တောင်ရွာ၊ ဒါးလက်အနောက်ရွာ ဒါးလက်ရွာဟောင်း၊ ဒါးလက်သငယ်၊ ဒါးလက်အလယ်ကျွန်း၊ ဘွေးဝ၊ မင်္ဂလာဒုံ၊ ကံလက်၊ ကွေ့ရှည်၊ ရှမ်းကုန်း၊ သင်္ဂနက်အိုင်၊ ဇံသီး၊ ကျင်းဝင်၊ ကွမ်းဝ၊ ဆင်းဦးတိုက်၊ အမ်းပြ၊ ညောင်ပင်ကွင်း၊ ဘင်္ဘောမှောက်၊ သဖန်းပင်၊ အိုင်ဝိုင်း၊ နန်းရာကုန်း၊ ပေါင်းဝ၊ ငုတ်ဝ၊ မော်စွန်း၊ နှမ်းချောင်း၊ အရိုးတောင်၊ လိပ်ကုန်းနှင့် ကဇုကိုင်းအုပ်စုမှ ကဇုကိုင်း၊ စွေ့ချောင်း၊ ဂျိုတ်ချောင်း၊ ယောချောင်းနှင့် ကမ်းထောင့်ကြီး စတဲ့ ကျေးရွာတွေကနေ စစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်။ “စစ်ဘေးရှောင်တွေကို စဉ်စားတဲ့အခါမှာ သူတို့ရဲ့စားဝတ်နေရေးတစ်ခုတည်းကို မဟုတ်ဘဲနဲ့။ သူတို့ မျိုးဆက်သစ် ကလေးတွေရဲ့ ပညာရေးကိုလည်း အများကြီး ထည့်စဉ်းစားပေးဖို့ လိုလိမ့်မယ်။ ပြီးတော့ ဆန်ပေး ဆီပေးရုံ မကဘူး။ သူတို့ကျောင်းတက်နိုင်ဖို့အတွက် ကျောင်းတွေကို ဒုက္ခသည်စခန်းတွေမှာ ဖွင့်ပေးဖို့လည်း လိုအပ်ပါလိမ့်မယ်။” လို့ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာမြန်မာအင်စတီကျု(MIPS)မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ဆိုပါတယ်။ ပဋိပက္ခဒေသတွေက ဒုက္ခသည်အမျိုးသမီးတွေရဲ့ဘေးကင်းလုံခြုံရေးအတွက် ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်မှသာ ဆက်လက်ဆွေးနွေးရဦးမှာ ဖြစ်တယ်လို့လည်း တိုင်းရင်းသားလက်နက်ကိုင်တွေဖက်က ဆိုပါတယ်။ “လူသားတစ်ယောက်ရဲ့ လုံခြုံရေး၊ အမျိုးသမီးတစ်ယောက်ရဲ့လုံခြုံရေး ကလေးသူငယ်တစ်ယောက်ရဲ့လုံခြုံ ရေးစသည် အားဖြင့် အများကြီးရှိမှာပေါ့။ အဓိကတော့ ဒီထဲမှာ ၂၀၂၀ အလွန် အကောင်အထည်ဖော်ဖို့က ခေါင်းစဉ်အကြီးကြီးတွေ ဖြစ်တယ်။ဒီလိုခေါင်းစဉ် အသေးလေးတွေကို ခွဲထုတ်ရဦးမယ်။ ဒီအလွန်မှာ ခေါင်းစဉ်အကြီးတွေ အကောင်အထည်ဖော်ဖို့ ကြိုးစားရင်းနဲ့ပဲ ကျမတို့ ကြိုးစားရမှာဖြစ်ပါတယ်။” လို့ စောမြရာဇာလင်း က ပဋိပက္ခဒေသထဲက အမျိုးသမီးတွေရဲ့ ဘေးကင်းလုံခြုံ ရေးအခြေအနေ တွေကို ရှင်းပြပါတယ်။ သြဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးမှာတော့ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း ၃ ကို လက်မှတ်ရေးထိုးအတည်ပြုခဲ့ကြပါတယ်။ “NCA သဘောတူမှုဆိုင်ရာမူဘောင် (၁၅) ချက် ချထားတယ်။အဲဒီအထဲမှာ အကောင်အထည်ပေါ် လာပြီ ဆိုလို့ရှိရင် NCA ထဲမှာ အမျိုးသမီး Issue တွေရှိတယ်။ အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်ရေး ဆိုတာမျိုးတွေ ရှိပါတယ်။ (၂၀၂၀) အလွန်မှာ ကျမတို့ အကောင်အထည်ဖော်ရမယ့် ကိစ္စကိုကြားတဲ့အခါမှာ ဖက်ဒရယ် တည်ဆောက်ရေးတွေ ရှိတယ်။ အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရေးတွေ ရှိတယ်။ စီးပွားရေးစနစ်တွေရှိတယ်။ စီးပွားရေးဆိုကတည်းက စီးပွားရေးအထဲထဲမှာ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေးနဲ့ အမျိုး သမီးတွေရဲ့ဘဝ အသက်ရှင်ရေးတွေကအစ စီးပွာရေးမှာ ပါလာမယ်။ ထို့နည်းလည်းကောင်း လူမှုရေးမှာလဲ အဲဒီလိုမျိုးပဲပါလာမှာဖြစ်ပါတယ်။” လို့စောမြရာဇာလင်းက ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့အတူ အမျိုးသမီးတွေအရေးနဲ့ ဆက်လက်အကောင်အထည်ဖော်မှာတွေကို ရှင်းပြပါတယ်။ “ဤပြည်ထောင်စုအတွင်း နေထိုင်ကြသော နိုင်ငံသားအားလုံးကို လူမျိုးရေး၊ဘာသာရေး၊ယဉ်ကျေးမှုနှင့် လိင်ကွဲပြားမှုတို့ကြောင့် ခွဲခြားဆက်ဆံခြင်းမပြုဘဲ တန်းတူရည်တူ အခွင့်အရေးရရှိစေရန်။” လို့ ပြည်ထောင်စုသဘောတူစာချုပ်အပိုဒ် ၃ ၏ နောက်ဆက်တွဲ က ၂ မှာဖော်ပြထားပါတယ်။ “သေနတ်သံတွေမကြားရတော့ရင် အိမ်ပြန်ချင်ပါတယ်။” လို့ မစန္ဒာအေးက သူမရဲ့လသားအရွယ်ကလေးလေးကို နို့တိုက်နေရင်း မှောင်မည်းလာနေတဲ့မိုးတိမ်တွေကိုကြည့်ရင်း ဆိုပါတယ်။ အပြင်ဖက်မှာတော့ ရွာလုဆဲဆဲမိုးသားတိမ်တိုက်တွေဟာ သာယာလှပတဲ့ အမ်းတောင်တန်းတွေကို ဖုံးကွယ်ထားပြီး ဖြစ်သလို အနောက်မုတ်သုန်လေတွေက ခပ်ပြင်းပြင်း တိုက်ခတ်နေပါတော့တယ်။ မုတ်သုန်လေတွေနဲ့အတူ မနန်းဝေရဲ့ ပူဆွေးညည်းတွားသံတွေက ပြေးလွှားနေတဲ့တိမ်တိုက်တွေနဲ့အတူ ပျံ့လွှင့်ပျောက်ကွယ်သွားခဲ့ပါတယ်။ ကောင်းမြတ်နိုင် hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024