နယ်စပ်ကုန်သွယ်ရေးစခန်း ၂ ခု ထပ်ဖွင့်မည် – ဦးတင်ရဲဝင်း
ရွှေအောင်
·
May 22, 2013

မေလဆန်းပိုင်းမှာ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းအသစ် ၂ ခု ထီးခီးနဲ့ မောတောင်ဖွင့်လှစ်ခဲ့ပြီး နယ်နိမိတ်တိုင်းတာရေးကိစ္စတွေပြီးပြတ်ရင် ဘုရားသုံးဆူနဲ့ မဲစဲ နယ်စပ် စခန်း ၂ ခု ထပ်ဖွင့်သွားမယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာန ၀န်ကြီးရုံး ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောပါတယ်။
[caption id="attachment_39753" align="alignright" width="300" caption="မေလ ၁၁ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲရှိ ထီးခီးနယ်စပ်ကူးသန်း ရောင်းဝယ်ရေးစခန်း (ဓာတ်ပုံ - ကိုပိပိ)"]
[/caption]
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးစခန်းတွေအနေနဲ့ အရင်က မြိတ်၊ ကော့သောင်း၊ တာချီလိတ်နဲ့ မြ၀တီစခန်း ၄ ခုရှိခဲ့ရာက အခု ကုန်သွယ်ရေးစခန်း ၆ ခု ဖွင့်လှစ်ပြီး နှစ်နိုင်ငံနယ်စပ် ကုန်သွယ်လုပ်ငန်းတွေ လုပ်ဆောင်နိုင်နေပြီ ဖြစ်ပါတယ်။
စီးပွားကူးသန်းဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။
နယ်စပ်ဂိတ်တွေနဲ့ ပတ်သက်လို့ ဘယ်လိုတွေလုပ်ဆောင်ထားပါလဲ။ နောက်ထပ် ဘယ်ဂိတ်တွေ ဖွင့်ဖို့ ရှိဦးပါမလဲ။
“လက်ရှိတော့ မေလထဲမှာ ထိုင်းနဲ့ ပတ်သက်တဲ့ မျက်နှာစာမှာ ထီးခီးနဲ့ မောတောင် ၂ ခု တရားဝင် ဖွင့်ပေးလိုက်ပါတယ်။ ၈ ရက်နေ့က မောတောင်၊ ၁၁ ရက်နေ့က ထီးခီး ဖွင့်ခဲ့တယ်။ ဒါက နှစ်နိုင်ငံ အကြိုသဘောတူညီချက်တွေလည်း ယူထားတယ်။ နောက် ထိုင်းနဲ့ ကျနော်တို့ကြား စခန်းဖွင့်တဲ့နေရာတွေမှာ နယ်နိမိတ်တိုင်းတာရေးကိစ္စတွေ ပြီးပြတ်သွားတဲ့အတွက် ဖွင့်ပေးလိုက်တာပါ။ နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်တော့မယ်ဆိုရင် နယ်နိမိတ်ကိစ္စပြီး၊ မပြီး ဆိုတာလည်း အရေးကြီးပါတယ်။ နယ်နိမိတ်ပြီးရင် နှစ်နိုင်ငံသဘောတူညီချက် ယူပြီး နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ဖွင့်ပေးပါတယ်။ ကျန်နေသေးတဲ့ လျာထားတဲ့ ဘုရားသုံးဆူနဲ့ ပတ်သက်တာကိုလည်း နှစ်နိုင်ငံနယ်နိမိတ်ကိစ္စတွေ ပြီးပြတ်ရင် နှစ်ဖက် ရက်ညှိပြီး ဖွင့်ပေးဖို့ သဘောတူထားပါတယ်။ နောက် ကယားပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ထိုင်းနိုင်ငံ မဲစဲမှာလည်း နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်ဖို့ အကြိုညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ ဒါပေမယ့် တဖက်မှာတော့ မဲစဲနဲ့ ဆက်စပ်နေတဲ့ မဲဟောင်ဆောင်ခရိုင်နဲ့ ကျနော်တို့ ကယားပြည်နယ်အပိုင်းမှာတော့ နယ်နိမိတ်ကိစ္စတွေ ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးလို့ ပြီးမှပဲ အပြီးသတ်အပိုင်းတွေ ဆက်ဆွေးနွေးပြီး မဲစဲမှာလည်း ဖွင့်ဖို့ လျာထားပါတယ်။ အကြမ်းဖျင်းပြောရရင် မဲစဲနဲ့ ဘုရားသုံးဆူမှာဖွင့်ဖို့ အကြိုလေ့လာ ညှိနှိုင်းမှုတွေ၊ ဆွေးနွေးမှုတွေလုပ်ထားပါတယ်။ နယ်နိမိတ်ကိစ္စတွေ ပြီးပြတ်ရင် နှစ်နိုင်ငံ ရက်ရွေးချယ်ပြီး ဖွင့်လှစ်ဖို့ စီစဉ်ပေးပါမယ်။”
နယ်နိမိတ်ကိစ္စဆိုတာကို ရှင်းပြပေးပါ။
“တနိုင်ငံနဲ့တနိုင်ငံကြား နယ်နိမိတ် တိုင်းတာ ပြီးပြတ်မှုလေးတွေ လုပ်ရတာပါ။ ကျနော်တို့နဲ့ ထိုင်းနိုင်ငံ အကြမ်းဖျင်း မိုင် ၁၃၀၀ ကျော်ကျော် ဆက်စပ်နေပါတယ်။ နေရာတိုင်းမှာ နယ်နိမိတ်ကိစ္စတွေ မပြီးပြတ်သေးပါဘူး။ နယ်နိမိတ်ကိစ္စတွေ ညှိနှိုင်းဆောင်ရွက်ရမယ့် နေရာလေးတွေ ကျန်နေပါတယ်။ အဲနေရာတွေမှာ နှစ်နိုင်ငံ နယ်နိမိတ်တိုင်းတာရေး ကိစ္စတွေ ပြီးပြတ်တဲ့အချိန်ကို ဆိုလိုတာပါ။”
လတ်တလော ဖွင့်သွားတဲ့ စခန်းအသစ် ၂ ခု၊ အဲမှာရော ကုန်သွယ်လုပ်ငန်းတွေစနေပြီလား။ လက်ရှိအထိ ဘယ်လိုအခြေအနေ ရှိပါပြီလဲ။
“မောတောင်မှာ ၈ ရက်နေ့က စဖွင့်ပြီး တရားဝင်ကုန်သွယ်မှုလုပ်ငန်းတွေ အခုထိ လုပ်နေပါတယ်။ ထီးခီးမှာလည်း ၁၁ ရက်နေ့ကစဖွင့်ပြီး အခုထိ ကုန်သွယ်မှုလုပ်နေပါတယ်။ အဲနေရာတွေက ကုန်သွယ်မှုစခန်းမဖွင့်ကတည်းက ဒေသ တဖက်နဲ့တဖက် ကူးလူးဆက်ဆံမှုရှိတဲ့ နေရာတွေပါ။ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ နယ်နိမိတ်တိုင်းတာရေးကိစ္စတွေ မပြီးပြတ်သေးလို့ တရားဝင် မဖွင့်ပေးနိုင်သေးတာပါ။ အရင်တုန်းကတော့ တရားမ၀င် နယ်စပ်ဖြတ်ကျော်သွားလာမှု၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတွေလုပ်နေတဲ့ နေရာတွေကို နှစ်နိုင်ငံအစိုးရ သဘောတူညီချက်နဲ့ တရားဝင်ဖြစ်အောင် လုပ်ပေးတဲ့ သဘောပါ။”
၂ ခုအသစ်တိုးလိုက်တော့ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုနဲ့ ပတ်သက်လို့ ဘာတွေတိုးတက်လာနိုင်ပါလဲ။ ဘယ်အပိုင်းတွေ ကုန်သွယ်မှုအပိုင်းတိုးတက်လာနိုင်ပါလဲ။
"နယ်စပ်ကုန်သွယ်မှုသဘောကတော့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နေရာတွေမှာ အပြန်အလှန် ကုန်ကူးသန်းရောင်းဝယ်မှုဖြစ်ပါတယ်။ ဥပမာအားဖြင့် မောတောင်ဆိုရင် မောတောင်နယ်စပ်ကနေ ၂ မိုင်သွားလိုက်တာနဲ့ ပရာကျွတ်ကီရီခန်ဆိုတဲ့ ထိုင်းနိုင်ငံက မြို့ကို ရောက်ပါတယ်။ တနည်းအားဖြင့် အဲဒါသည် ထိုင်းနိုင်ငံ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်တဲ့ ဟိုင်းဝေးပေါ်မှာရှိပြီး ဘန်ကောက်နဲ့ ၃ နာရီပဲ ကွာဝေးပါတယ်။ အဲအတွက်ကြောင့် တနင်္သာရီတိုင်းအတွက် လိုအပ်ချက်တွေကို ပင်လယ်ရေကြောင်းကနေတဆင့် တင်သွင်းတင်ပို့ခြင်း လုပ်နေရတဲ့ အနေအထားမျိုးကနေ ကုန်တွင်းပိုင်း တင်သွင်းတင်ပို့တဲ့ စနစ်မျိုးတွေဖြစ်အောင် လုပ်ကိုင်လာနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ အချိန်နဲ့ ကုန်ကျစရိတ်တွေ အများကြီး သက်သာပါတယ်။”
နယ်နိမိတ်သတ်မှတ်ဖို့ ကျန်နေတဲ့ ဘုရားသုံးဆူနဲ့ မဲစဲ နယ်စပ်စခန်းတွေကို ခန့်မှန်းခြေ ဘယ်တော့လောက် ဖွင့်နိုင်မလဲ။
“နှစ်နိုင်ငံ နယ်နိမိတ်တိုင်းတာတဲ့ကိစ္စကတော့ အဓိက နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မြေစာရင်းဦးစီးဌာနက အဓိက တာဝန်ယူပြီးတော့ ဆောင်ရွက်ပါတယ်။ ဆောင်ရွက်တဲ့နေရာမှာ အကန့်အသတ်လေးတွေ ရှိပါတယ်။ နယ်မြေလုံခြုံရေးကိစ္စတွေ၊ နှစ်နိုင်ငံ အပြန်အလှန် နှစ်ဖက်ညှိနှိုင်းပြီးတော့ နယ်မြေတိုင်းတာမှုကိစ္စတွေကို မြေပြင်မှာဆင်းပြီး တိုင်းတာရတာတွေ ရှိသလို အဲဒါနဲ့ ပတ်သက်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို လုပ်ရတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီနှစ်ထဲမှာ ပြီးမယ်၊ မပြီးမယ်ဆိုတာကတော့ ယတိပြတ် မပြောနိုင်သေးပါဘူး။”
