Home
မေးမြန်းခန်း
စစ်ကိုင်းတိုင်းတွင် သတ္တုရှာဖွေစမ်းသပ်ခွင့်ရရှိထားသည့် ကုမ္ပဏီနှင့် ဒီဗွီဘီမေးမြန်းချက်
DVB
·
June 9, 2020
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဝန်းသို၊ ပင်လည်ဘူး၊ ဗန်းမောက် စတဲ့ မြို့နယ်တွေမှာ ဧက ၁၈၀၀၀၀ ကျော်ကို ကြေးနီနဲ့ ဆက်စပ်သတ္တုတွေ ရှာဖွေစမ်းသပ်ဖို့အတွက် ဩစတြေးလျအခြေစိုက်  Pan Aust ကုမ္ပဏီကို  သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ မေလမှာ ခွင့်ပြုမိန့် ထုတ်ပေးခဲ့ပါတယ်။ သတ္တုရှာဖွေမယ့် ကိစ္စနဲ့ပတ်သက်လို့ နိုင်‌ငံရေးသမားတွေ၊ ပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေ၊ ဒေသခံတွေ ကြားထဲမှာ ဝေဖန်တာတွေ အများကြီးရှိခဲ့ပါတယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူတွေ သိချင်နေကြတဲ့အကြောင်းအရာတွေကို သိရှိနိုင်ဖို့ Pan Aust ကုမ္ပဏီရဲ့ လက်အောက်ခံ Wuntho Resources Company Limited (WRCL) ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ စီမံကိန်းနဲ့ပတ်သက်လို့ ဒေသခံကိုယ်စားလှယ်တွေ၊ တိုင်းအစိုးရ၊ ဒေသခံပြည်သူတို့ဆီကနေ သဘောထားတောင်းခံတာ မရှိခဲ့ဘူးလို့ သိရတယ်။ ဘယ်လို လုပ်ဆောင်ခဲ့တာပါလဲ။ WRCL- “ကျနော်တို့  ကုမ္ပဏီအနေနဲ့ အခုရရှိတဲ့စမ်းသပ်ရှာဖွေခွင့်လိုင်စင်နဲ့ပတ်သက်လို့ လူထုနဲ့ဆွေးနွေးတွေ့ဆုံမှု များစွာလုပ်ခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ လိုင်စင်စ ရတဲ့ အချိန်ကတည်းက ဒီလို လူထုတွေ့ဆုံဆွေးနွေးမှုတွေကို တောက်လျှောက်လုပ်လာခဲ့တာပါ။” “မြန်မာနိုင်ငံမှာ သတ္ထုစမ်းသပ်ရှာဖွေရေးလိုင်စင်တစ်ခုရဖို့ဆိုတာ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်း ဒေသကြီးနဲ့ ပြည်ထောင်စုအစိုးရ  ဝန်ကြီးဌာနများစွာကနေ မရေမတွက်နိုင်တဲ့ ထောက်ခံမှုပေါင်း များစွာကို ရရှိအောင်ကြိုးစားရပါတယ်။ ပြည်ထောင်စုအစိုးရရဲ့ ထောက်ခံမှုတစ်ခုတည်းနဲ့ မရပါဘူး။ ကျနော်တို့ အနေနဲ့ ဝန်းသိုမြို့နယ်က ခွင့်ပြုချက်ကို ပြည်သူအများနဲ့တွေ့ဆုံဆွေးနွေးမှုများစွာ ပြု လုပ်အပြီး ၂၀၁၉ ဇွန်လ ၄ ရက်နေ့က ရရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ခွင့်ပြုချက်ကိုတော့ ၂၀၁၉ ဇူလိုင်လ ၂၉ ရက်နေ့က ရရှိခဲ့ပါတယ်။” “ပြည်ထောင်စုအစိုးရရဲ့ ဝန်းသို ၃ သတ္ထုစူးစမ်းရှာဖွေခွင့်ပြုချက်လိုင်စင်ကိုတော့ ယခု ၂၀၂၀ မေလ ၂၇ ရက်နေ့က ရရှိခဲ့ပါတယ်။ ကျနော်တို့ရဲ့ ထောက်ခံသဘောတူမှုရရှိထားတဲ့ Environmental Management Plan (သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်) ကို လည်း ကျနော်တို့ရဲ့ ဝက်ဘ်ဆိုက်  www.panaust.com.au/myanmar မှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။” အခုက စမ်းသပ်ခွင့်ပြုတာပဲ ရှိသေးတယ်။ ဘယ်နေရာတွေမှာ ဘယ်လို စမ်းသပ်မှာလဲ။ စမ်းသပ်ကာလအတွက် ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်ရှိပါသလဲ။ စမ်းသပ်ကာလ ဘယ်လောက်ကြာမှာလဲ။ WRCL- “ခုလက်ရှိ ကျနော်တို့ သတ္ထုစမ်းသပ်ရှာဖွေဖို့ စစ်ကိုင်းတိုင်းမြောက်ဘက်မှာ ရရှိထားတဲ့ ဧရိယာ အကျယ်အဝန်းစုစုပေါင်းက ၁၅၀၀ စတုရန်းကီလိုမီတာဖြစ်ပါတယ်။ ကျနော်တိုရဲ့ သတ္ထုရှိနိုင် မရှိနိုင် စူးစမ်းရှာဖွေတဲ့နည်းကတော့ ဒေသတွင်းမှာရှိတဲ့ မြစ်ချောင်းအင်းအိုင်တွေက အနယ်အနှစ်တွေနဲ့ မြေသားနမူနာရယူခြင်းနည်းလမ်းတွေရယ်၊ ကျောက်ခဲအပဲ့အပြားလေးတွေ နမူနာကောက် ယူခြင်း၊ မြေပြင်အနေအထားဆာဗေးတိုင်တာခြင်း၊ ဝေဟင်မှ ဆာဗေးတိုင်တာခြင်း၊ တချို့သော သတ်မှတ်ထားတဲ့နေရာအဝန်းအဝိုင်းလေးတွေမှာ အနည်းငယ်စမ်းသပ်မြေတူးခြင်း စတာတွေဖြစ် ပါတယ်။ လက်ရှိမှာ ကျနော်တို့ မည်သို့သောသတ္ထုကိုမှ စီးပွားဖြစ်ထုတ်ရန် တူးဖော်ခြင်းမျိုးလုံး၀ မရှိပါဘူး။” “အထူးအရေးတကြီးမှတ်သားဖို့လိုတာကတော့ ဒီလုပ်ရပ်တွေအားလုံးဟာ သဘာဝပတ်ဝန်းကျင်နဲ့ နေထိုင်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုတွေကို ထိခိုက်မှုမရှိသလောက်ကိုနည်းတယ်ဆိုတာ ပါပဲ။ အခုလို စူးစမ်းလေ့လာမှုတွေကို ရလဒ်ပေါ်မူတည်လို့ နောက်ထပ် ၅ နှစ်ကနေ ၁၂ အထိ ပြုလုပ် သွားရဦးမှာဖြစ်ပါတယ်။” အဓိကအားဖြင့် ဘာတွေကို စမ်းသပ်မှာလဲ။ အဓိက ရှားပါးမြေသတ္တု rare earth ထုတ်ချင်လို့ ဆိုပြီးတော့ သတင်းတွေထွက်ပေါ်နေတာရှိတယ်။ ဒီအပေါ်မှာကော ဘာများပြောချင်ပါသလဲ။ WRCL- “ဒါဟာ လုံးဝကိုမှားယွင်းနေတဲ့သတင်းပါ။ ကျနော်တို သတ္ထုစမ်းသပ်ရှာဖွေခွင့်လိုင်စင်က ကြေးနီနဲ့ သူနဲ့ဆက်စပ်တဲ့သတ္ထုတွေအတွက်ပါ။ ကျနော်တို့ ရရှိထားတဲ့သတ္ထုစမ်းသပ်ရှာဖွေခွင့် လိုင်စင်ထဲမှာပါတဲ့ စည်းမျဉ်းစည်းကမ်း သဘောတူညီမှုတွေအတိုင်း ကြေးနီနဲ့ဆက်စပ်သတ္ထုများ ကိုပဲစမ်းသပ်ရှာဖွေသွားမှာဖြစ်ပါတယ်။” စမ်းသပ်ဧရိယာထဲမှာဆိုရင် ကျေးရွာတွေ၊ လယ်ယာမြေတွေ၊ သစ်တောမြေတွေလည်းရှိနေတယ်။ ဒါတွေအတွက်ကော ဘယ်လိုစီမံထားပါသလဲ။ WRCL- “ သတ္ထုစမ်းသပ်ရှာဖွေတဲ့လုပ်ငန်းစဉ်တွေကို လုပ်ကိုင်ရာမှာ ကျနော်တို့ ကုမ္ပဏီကကျင့်သုံးလုပ်ဆောင်တဲ့နည်းလမ်းတွေဟာ  ရွာတွေ၊ လယ်မြေတွေနဲ့ သစ်တောတွေကို မထိခိုက်သလောက်ပါပဲ။ တကယ်လို့ အနည်းငယ်ထိမိခိုက်မိဖြစ်သွားတယ်ရှိခဲ့ရင်သော်မှ ကျနော်တို့မှာ နိုင်ငံတကာမှာ လက်ရှိကျင့်သုံးနေတဲ့ နည်းလမ်းတွေနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်အတိုင်း မြန်မာဥပဒေနဲ့အညီ ပြုလုပ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။” စမ်းသပ်တာကို ဒေသခံတွေက ကန့်ကွက်တာတွေပြုလုပ်ရင် ဘာတွေ ဆက်လုပ်သွားမလဲ။ WRCL- “ကျနော်တို့ကုမ္ပဏီအနေနဲ့ ၂၀၁၆ ခုနှစ်ကတည်းက အဲဒီဒေသမှာပဲ ခုလို သတ္ထုစူးစမ်းရှာဖွေမှုတွေကို  စတင်ပြုလုပ်နေခဲ့ပြီး အဲဒီကတည်းက ဒေသခံတွေရဲ့ လိုလားစွာ ထောက်ခံမှုကိုလည်းရရှိခဲ့တာပါ။ PanAust အနေနဲ့လည်း အများပြည်သူကနေ သူတို့ရဲ့ အမြင်နဲ့ ထင်မြင်ယူဆချက်တွေကို  ငြိမ်းချမ်းစွာ လွတ်လွတ်လပ်လပ်ထုတ်ဖော်ပြောခွင့်ကို အင်မတန်မှ ထောက်ခံပါတယ်။” မြန်မာနိုင်ငံက ပြည်သူတွေအကြားမှာ  အစဉ်အဆက်အားဖြင့် ဒီလိုစီမံကိန်းတွေကြောင့် အသက်တွေ၊ စည်းစိမ်ဥစ္စာတွေ ဆုံးရှုံးမှုတွေအများကြီး ကြုံခဲ့ကြရတယ်။ ဥပမာ လက်ပံတောင်းလိုပေါ့။ ဒီလိုမဖြစ်အောင်အတွက်ကော ဘာတွေ စီမံထားပါသလဲ။ WRCL- “ ကျနော် အထက်မှာပြောခဲ့သလိုပဲ သတ္ထုစမ်းသပ်ရှာဖွေတဲ့လုပ်ငန်းစဉ်တွေကို လုပ်ကိုင်ခြင်းက လူတွေနဲ့ သူတို့ရဲ့ အသက်မွေးကျောင်းမှုကို မထိခိုက်သလောက်နည်းပါတယ်။  ကျနော်တို့ တစ်ခု အထူးအလေးထားပြောလိုတာကတော့ ကျနော်တို့ရဲ့ လာအိုမှာရှိတဲ့ သတ္ထု တူးဖော်ရေးလုပ်ငန်းခွင်ဟာဆိုရင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းကျောင်းပဲ့ကိုင်မှုအပါအဝင် အသက်အန္တရာယ်လုံခြုံမှု၊ လုပ်ငန်းခွင့်အတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုတို့ကို အမြင့်ဆုံးအရည် အသွေးနဲ့တည်ဆောက်ထားပြီး လုပ်ကိုင်နေခြင်းဖြစ်ပါတယ်။ လက်ရှိ လာအိုနိုင်ငံမှာလုပ်ကိုင်နေ တဲ့ပုံစံအတိုင်း မြန်မာပြည်မှာ သတ္ထုတူးလို့ရလောက်တဲ့အနေအထားရှိမရှိ ရှာဖွေရာမှာပါ လုပ်ဖို့ ရည်ရွယ်ပါတယ်။” နောက်တစ်ချက်အနေနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး သဘာဝဘေးဒဏ်အဆိ အဆိုးဝါးဆုံးခံစားရတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကလည်း ပါဝင်နေတယ်။ ဒီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအတွက်ကော ဘယ်လို စီမံထားပါသလဲ။ WRCL- “ကျနော်အထက်မှာပြောခဲ့သလိုပဲ သတ္ထုစမ်းသပ်ရှာဖွေတဲ့လုပ်ငန်းစဉ်တွေကို လုပ်ကိုင်ခြင်းက လူတွေနဲ့ သူတို့ရဲ့ အသက်မွေးကျောင်းမှုကို မထိခိုက်သလောက်နည်းပါတယ်။ တကယ်လို့ အနည်းငယ်ထိမိခိုက်မိဖြစ်သွားတယ်ရှိခဲ့ရင်သော်မှ ကျနော်တို့က နိုင်ငံတကာမှာ လက်ရှိကျင့်သုံးနေတဲ့ နည်းလမ်းတွေနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်အတိုင်း မြန်မာဥပဒေနဲ့အညီ ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” စမ်းသပ်ကာလအတွင်းမှာ ဒေသခံ၊ နိုင်ငံတော်အတွက် တစ်စုံတစ်ရာ နစ်နာမှု ရှိခဲ့ရင်ကော ဘယ်လို တာဝန်ယူဖြေရှင်းပေးသွားမလဲ။ WRCL- “မေးခွန်း နံပါတ် ၇ မှာ ဖြေဆိုခဲ့တဲ့ အတိုင်းပါပဲ။” စမ်းသပ်ကာလပြီးသွားရင်ရရှိတဲ့ ရလဒ်တွေအပေါ်မူတည်ပြီး  ဘာတွေ ဆက်လုပ်သွားမလဲ။ WRCL- “တကယ်လို့ စီးပွားဖြစ်တူးဖော်ရလောက်တဲ့အထိ သတ္ထုအနေအထားရှိတယ်ဆိုရင်တော့ ကျနော်တို့ ကုမ္ပဏီအနေနဲ့ အကြီးစားသတ္ထုတူးဖော်ခွင့်လိုင်စင်ကို မြန်မာပြည်ဥပဒေအတိုင်း ဆက်လက်လျှောက်ထားဖို့ရည်ရွယ်ချက်ရှိပါတယ်။” အခုစီမံကိန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်  MIC က ဘယ်လို သတ်မှတ်ချက်တွေနဲ့ ခွင့်ပြုလိုက်တာလဲ။ WRCL- “ ဥပဒေအရ သတ္ထုစမ်းသပ်ရှာဖွေခွင့်လိုင်စင်အတွက် MIC ရဲ့ သဘောတူခွင့်ပြုချက်တောင်းခံ စရာမလိုအပ်ပါဘူး။” စီမံကိန်းနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောကြားချင်တာများရှိရင် ပြောကြားပေးပါဦး။ WRCL- “အရေးကြီးတာကတော့ ခုကျနော်တို့ သတ္ထုစမ်းသပ်ရှာဖွေးရေးလုပ်ကွက်အားလုံးအတွက် ရရှိထားတဲ့ စုစုပေါင်း ဧရိယာအကျယ်အဝန်း ၁၅၀၀ စတုရန်းကီလိုမီတာဟာ land grant လို့ခေါ်တဲ့ မြေနေရာကိုပေးလိုက်တာ မဟုတ်ဘူးဆိုတာပါ။ ဒီခွင့်ပြုချက်လိုင်စင်က ကျနော်တို့ကို အပေါ်ယံ မြေလွှာပေါ်မှာ သတ္ထုရှာဖွေခွင့်အတွက် ခွင့်ပြုပေးလိုက်တာသာဖြစ်ပါတယ်။ တကယ်လို့ ကျနော်တို့ အနေနဲ့ တချို့နေရာတွေမှာ အဲဒီမြေနေရာအတွက်ပါ လိုချင်တယ်ဆိုရင်တော့ မြေပိုင်ရှင်နဲ့ သီးသန့် သဘောတူညီမှု ဆက်လက်ရယူပြီးမှပဲ လုပ်လို့ရမှာပါ။” “ထပ်မံဖြည့်စွက်ပြောချင်တာကတော့ ကျနော်တို့ အနေနဲ့ ခုလို အများပြည်သူကြားမှာ ဒီလုပ်ငန်းနဲ့ ပတ်သက်တဲ့သဘောသဘာ၀ သိသင့်သိထိုက်တာတွေကို ရှင်းပြခွင့်ရတာအတွက်  ကျေးဇူးတင်ပါတယ်။” “မြန်မာပြည်ရဲ့ သတ္ထုတူးဖော်မှုကဏ္ဍအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ရင် လွဲမှားစွာ ထင်မြင်ယူဆမှုနဲ့ နားလည်မှုလွဲနေတာလေးတွေက အမြဲဖြစ်နေကျလိုဖြစ်နေလို့ပါ။ တခြားကုမ္ပဏီတွေ အတွက်တော့ မသိပေမယ့် ကျနော်တို့ ကုမ္ပဏီအတွက် ပြောလို့ရတာကတော့ ခု ကျနော်တို့ရဲ့ သတ္ထု စမ်းသပ်ရှာဖွေမှုအဆင့်ကနေ မြန်မာနိုင်ငံမှာ အန္တရာယ်ကင်း လုံခြုံ စိတ်ချရပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစွာနဲ့ တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိတဲ့ နိုင်ငံနဲ့ အများပြည်သူကိုအကျိုးပြုတဲ့ သတ္ထုတူးဖော်မှုမျိုး ရှေ့ဆောင်လမ်းပြအနေနဲ့လုပ်လို့ရနိုင်ဖို့အတွက် ယုံကြည်မှုအပြည့်ရှိပါတယ်။” “တကယ်လို့ ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်ဆက်လက်ဆွေးနွေးလိုတယ်ဆိုရင်လည်း အချိန် မရွေး ဖိတ်ခေါ်ကြိုဆိုပါတယ်လို့ ပြောကြားလိုပါတယ်။”    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024