MCL ဘိလပ်မြေစက်ရုံ ပတ်ဝန်းကျင် ထိခိုက်ပါက ချက်ချင်းအရေးယူမည်
DVB
·
March 9, 2020

ကျောက်မီးသွေးလောင်စာ သုံးစွဲနေတဲ့ မွန်ပြည်နယ်ရှိ MCL ဘိလပ်မြေစက်ရုံရဲ့ လုပ်ငန်းစဉ်တွေကို ပုံမှန် စောင့်ကြည့်နေပြီး ပတ်ဝန်းကျင်ထိခိုက်မှု ဖြစ်ပေါ်လာရင် ချက်ချင်း အရေးယူသွားမယ်လို့ မွန်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောပါတယ်။
မော်လမြိုင် ဘိလပ်မြေစက်ရုံ MCL ဟာ ၂၀၁၆ ခုနှစ်ကစပြီး ပြည်ထောင်စုအစိုးရအဖွဲ့ ခွင့်ပြုချက်နဲ့ ကျောက်မီးသွေးလောင်စာသုံးစွဲပြီး တနေ့ကို ဘိလပ်မြေတန် ၅၀၀၀ ထုတ်လုပ်နေတာပါ။
အခုလို ကျောက်မီးသွေးလောင်စာ သုံးစွဲနေတာကြောင့် ဌာနေဒေသခံတွေက ကျောက်မီးသွေးအစား တခြားလောင်စာ ပြောင်းလဲသုံးစွဲပေးဖို့ နှစ်ကြိမ်တိုင်တိုင် ဆန္ဒပြ တောင်းဆိုထားပါတယ်။
အခုအခါ MCL ဘိလပ်မြေစက်ရုံမှာ ဖြစ်ပေါ်နေတဲ့ ပတ်ဝန်းကျင် ပြောင်းလဲမှုတွေကို အစိုးရအနေနဲ့ နှစ်လ တကြိမ် စစ်ဆေးနေပြီး လေထုညစ်ညမ်းစေတဲ့ ဖုန့်ဓာတ်ပါဝင်မှု အနည်းငယ် မြင့်တက်နေပါတယ်။
ဒါ့အပြင် ကုမ္ပဏီကို ပြီးခဲ့တဲ့ အောက်တိုဘာလက အမျိုးသားအဆင့်ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကျောက်မီသွေးအစား ပလတ်စတစ် လောင်စာ ပြောင်းလဲသုံးစွဲဖို့ ညှိနှိုင်းစာပေးပို့ထားပေမယ့် အကြောင်းပြန်လာတာ မရှိသေးဘူးလို့ ပြည်နယ် သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောပါတယ်။
MCL ဘိလပ်မြေစက်ရုံ တာဝန်ရှိသူကတော့ ပလတ်စတစ်လောင်စာ သုံးစွဲမှု ဖြစ်နိုင်ခြေ ရှိ၊ မရှိကို အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့်အပြင် ကျောက်မီးသွေးသုံးစွဲမှု လျော့ချဖို့ ကြိုးပမ်းနေတယ်လို့ မတ်လ ၇ ရက်မှာ ဒီဗွီဘီကို ပြောပါတယ်။
MCL ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးအစား တခြားလောင်စာ ပြောင်းလဲသုံးစွဲဖို့ ဒေါက်တာအေးဇံ ဝန်ကြီးချုပ် မဖြစ်ခင် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်း လွှတ်တော်ကို အစီရင်ခံစာတင်ဖို့ အတည်ပြုထားပါတယ်။
ဒါပေမဲ့ အခုအခါ MCL ဘိလပ်မြေစက်ရုံရဲ့ EIA ၊ SIA အစီရင်ခံစာချပြပွဲတွေကို ဝန်ကြီးချုပ်ကိုယ်တိုင် ရှင်းလင်းထောက်ခံနေတဲ့အပေါ် မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌက ဝေဖန်လိုက်ပါတယ်။
MCL ဘိလပ်မြေစက်ရုံကို မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ပျားတောင်ဒေသမှာ Pacific Link Cement ကုမ္ပဏီနဲ့ SCG ကုမ္ပဏီတို့ ပူးပေါင်းထူထောင်ထားတဲ့ စက်ရုံတခု ဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်း ၄၀၀ ကျော် ရင်းနှီးမြှုပ်နှံထားပါတယ်။
ဇော်လွင်ထွဋ်