မန်းရွှေစက်တော် ဘုရားဖူးလှည်းယဉ်တန်းကို ဓာတ်ပုံပညာရှင် ၇၀ ကျော် စုပေါင်းရိုက်ကူး
DVB
·
March 7, 2020
ရိုးရာယဉ်ကျေးမှုဓလေ့တခု မပျောက်ကွယ်စေချင်ဖို့အတွက် ရည်ရွယ်ပြီး မင်းဘူး၊ စကုမြို့နယ်၊ မင်းလှကျင်းကျေးရွာက မန်းရွှေစက်တော် ဘုရားဖူး လှည်းယဉ်တန်းကို နိုင်ငံအနှံ့အပြားက ဓာတ်ပုံပညာရှင် ၇၀ ကျော် စုပေါင်းပြီး မတ် ၆ ရက်နေ့က ဓာတ်ပုံ ရိုက်ကူးခဲ့ကြတယ်လို့ သိရပါတယ်။
မကွေးမြို့မှ ဓာတ်ပုံဆရာ ကိုထိန်လင်းက “လှည်းဝိုင်းရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့ကို မပျောက်ကွယ်စေချင်တဲ့အပြင် တနိုင်ငံလုံး သိရှိအောင် ထုတ်ဖော်ချင်လို့ ဝါသနာတူ ဓာတ်ပုံဆရာတွေ စုပေါင်းပြီး ရိုက်ကူးကြတာပါ။ ရှေးယခင်ကတည်းက မြန်မာ့ရိုးရာဓလေ့တခု ဖြစ်ပြီး အခုအချိန်မှာ ဒီတရွာပဲ ကျန်တော့တဲ့အတွက် ပျောက်ကွယ်သွားမှာ စိုးရိမ်နေတာပါ။ ဒီဓလေ့လေးကို မပျောက်ပျက်သွားအောင် အားလုံး ဝိုင်းဝန်းထိန်းသိမ်းပေးစေချင်တယ်” လို့ ပြောပါတယ်။
မကွေးမြို့မှ ဓာတ်ပုံဆရာတဦးဖြစ်တဲ့ ဦးတင်ဌေးက “အခုလိုပုံရိပ်မျိုးဟာ ရှားပါးသွားပြီ ဖြစ်လို့ မြန်မာ့ယဉ်ကျေးမှုဓလေ့တခုအနေနဲ့ရှိ နေစေချင်တယ်။ လှည်းယဉ်တန်းအဖွဲ့ကို ဓာတ်ပုံဆရာတွေ စုပေါင်းပြီး ပံ့ပိုးတာတွေလည်း ပြုလုပ်ပေးပါတယ်။ အခုဓာတ်ပုံတွေကို မန်းရွှေစက်တော် ဂေါပကက ကြီးမှူးကျင်းပမယ့် ဓာတ်ပုံပြိုင်ပွဲအပြင် တခြားပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ” လို့ ပြောပါတယ်။
မင်းလှကျင်းကျေးရွာ အုပ်ချုပ်ရေးမှုး ဦးမောင်ဝင်းက “ဘိုးဘွားတွေ လက်ထက်ကတည်းက နှစ်စဉ် ရိုးရာမပျက် လှည်းယဉ်တွေနဲ့ ဘုရားဖူးထွက်ခဲ့ကြတာပါ။ ရွှေစက်တော်ဘုရားပွဲတော်ချိန်ဆိုင် ရပ်ဝေးမှာ အလုပ်ထွက်လုပ်နေတဲ့သူတွေပါ ရွာပြန်ပြီး စည်းစည်းရုံးရုံး လှည်းယဉ်တွေနဲ့ ဘုရားဖူးထွက်လေ့ရှိပါတယ်။ ယခင်နှစ်တွေက လှည်းအစီး ၅၀ ခန့် ဘုရားဖူးထွက်ခဲ့ရာကနေ ယခုနှစ်မှာတော့ လှည်းအစီး ၃၀ ကျော်သာ ဘုရားဖူး ထွက်ခွာခဲ့ကြတာပါ။ ခရီးစဉ်အနေနဲ့ကတော့ ၅ ညအိပ် ကြာမြင့်မှာဖြစ်ပြီး ကိုယ်တိုင် ချက်ပြုတ်စားသောက်ကာ ဘုရားဖူး အနားယူမှာ ဖြစ်တယ်။ မိမိတို့ ကျေးရွာဓလေ့ကို ပြည်တွင်း ပြည်ပမှ စိတ်ဝင်စားမှု များပြားလာတဲ့အတွက် ရပ်ရွာဖွံ့ဖြိုးဖို့အတွက် လမ်းစတခုလည်း ဖြစ်ပါတယ်။ နောက်နှစ်တွေမှာလည်း အစဉ်အလာမပျက် ယခုလို ဓလေ့ကို ထိန်းသိမ်းစောင့်ရှောက်သွားမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါလှည်းယဉ်တန်းကို မြန်မာနိုင်ငံအနှံ့အပြားက ဓာတ်ပုံပညာရှင် ၇၀ ကျော်လောက်က အလှဓာတ်ပုံတွေ လာရောက်ရိုက်ကူးခဲ့ကြတာပါ။
မင်းထီး




