DVB Logo
Home
Lead Story
မြန်မာ့မျိုးရင်း ကြယ်လိပ်များ မျိုးသုဉ်း ပျောက်ကွယ်မသွားစေလို
DVB
·
February 10, 2020
မြန်မာ့မျိုးရင်း ကြယ်လိပ်များ မျိုးသုဉ်း ပျောက်ကွယ်မသွားစေလို
Donate to DVB

မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိ မျိုးစိတ်မှာ ပါဝင်တဲ့ မြန်မာ့ဒေသမျိုးရင်းဖြစ် ကြယ်လိပ်တွေ မျိုးသုဉ်း ပျောက်ကွယ်မသွားစေရေးအတွက် ဆောင်ရွက်နေတယ်လို့ မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနက  သိရပါတယ်။

မကွေးတိုင်းဒေသကြီး မင်းဘူး၊ စကုမြို့နယ် ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်းရှိ မြန်မာ့ဒေသမျိုးရင်းဖြစ်တဲ့ ကြယ်လိပ်များ မျိုးသုဉ်း ပျောက်ကွယ်မသွားစေရေးအတွက် ကြယ်လိပ်တွေ သားဖောက်မွေးမြူခြင်းလုပ်ငန်းနဲ့ သဘာဝတောထဲကို ပြန်လည်လွှတ်ပေးတာတွေလည်း ဆောင်ရွက်နေကြပါတယ်။

ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံမှာသာရှိပြီး ရှားပါးတဲ့ မြန်မာ့ကြယ်လိပ်တွေကို အင်္ဂလိပ်လို Star Tortoise လို့ အမည်ရှိပြီး ဒေသအခေါ်က ဆီချိုလိပ် ဒါမှမဟုတ် ပန်းလိပ်လို့ ခေါ်ကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့က မန်းရွှေစက်တော် ဘေးမဲ့တော ကြယ်လိပ်ခြံအတွင်းက ကြယ်လိပ်တွေ အခိုးခံခဲ့ရပါတယ်။

ရွှေစက်တော် ဘေးမဲ့တော ကြယ်လိပ်ခြံမှာ တာဝန်ထမ်းဆောင်နေတဲ့ တောအုပ် ဦးရွှေဘက​ ရွှေစက်တော် ဘေးမဲ့တော ကြယ်လိပ်ခြံမှာ မွေးမြူထားတဲ့ ကြယ်လိပ်တွေထဲက ကြယ်လိပ်အကောင်ရေ ၁၅၇ ကောင် ခိုးယူခံရကြောင်း ပြောပြပါတယ်။

ကြယ်လိပ်ခြံကို သွားရောက်စစ်ဆေးခဲ့တဲ့ ဘေးမဲ့တောဦးစီးအရာရှိ ဦးသိန်းလွင်က “ကြယ်လိပ်ခြံရဲ့ အပြင်ဘက် သံဆူးကြိုးကို သံဖြတ်ကတ်ကြေးနဲ့ ကိုက်ဖြတ်ထားပြီး တံခါးသော့ကို ကန့်လန့်ဖြတ် ချိုးဖျက်ကာ ကြယ်လိပ်ခြံအတွင်းမှာရှိတဲ့ ကြယ်လိပ်အကြီး ၂၆ ကောင်၊ အလတ် ၁၃၁ ကောင်၊ စုစုပေါင်း ၁၅၇ ကောင် ခိုးယူခံလိုက်ရတယ်၊ ကြယ်လိပ်တကောင်ရဲ့ ပျမ်းမျှတန်ဖိုး ၃၀၀၀၀ ကျပ်နှုန်းနဲ့ စုစုပေါင်းတန်ဖိုးငွေ ၄၇၁၀၀၀၀ ကျပ်ခန့် ဆုံးရှုံးသွားတယ်လို့ ပြောပါတယ်။

ရွှေစက်တော် ဘေးမဲ့တော ကြယ်လိပ်ခြံမှာ တာဝန်ချထားတဲ့ ဝန်ထမ်းတွေရဲ့ ပေါ့ဆမှုကြောင့် ကြယ်လိပ်တွေ ခိုးယူသွားတာ ဖြစ်နိုင်ကြောင်းနဲ့ ကြယ်လိပ် ခိုးယူခံရခြင်းနဲ့ပတ်သက်ပြီး (ပ)၃/(၂၀၂၀)၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်း‌ရေးနယ်မြေ ကာကွယ်‌စောင့်ရှောက်ခြင်းဆိုင်ရာ ဥပ‌ဒေပုဒ်မ-၄၁(က) နဲ့ စကုနယ်‌မြေရဲစခန်းက အမှုဖွင့် ဆောင်ရွက်ထားကြောင်း အမှုစစ်ရဲအုပ်ခင်မောင်ဇော်က ​ဆိုပါတယ်။

မြန်မာ့ဒေသမျိုးရင်းဖြစ်တဲ့ ကြယ်လိပ်တွေဟာ ရှားပါးလာလို့ တာဝန်ရှိသူတွေက ပြန်လည်ရှာဖွေတော့ ၁၉၉၆ ခုနှစ်လောက်မှာ ဘေးမဲ့တောအတွင်း သဘာဝအတိုင်း သွားလာနေတဲ့ ကြယ်လိပ် အထီး ၆ ကောင်နဲ့ အမ ၆ ကောင်ကို ရှာဖွေတွေ့ရှိပါတယ်။ နည်းမျိုးစုံကြောင့် မျိုးသုဉ်းပျောက်ကွယ်မှာ စိုးရတဲ့အတွက် ၁၉၉၉ ခုနှစ်မှာ ကြယ်လိပ်အထီး ၆ ကောင်နဲ့ အမ ၆ ကောင်ကို ရွှေစက်တော် ဘေးမဲ့တော ကြယ်လိပ်ခြံမှာ ခြံလှောင်ပြီး စတင်မွေးမြူခဲ့တယ်လို့ ဘေးမဲ့တောဦးစီးအရာရှိ ဦးသိန်းလွင်က ဆိုပါတယ်။

စတင်မွေးမြူထားတာ သဘာဝအနေအထား ဆန့်ကျင်သွားလို့ ၂၀၁၀ အထိ သားမပေါက်ဘဲ ၂၀၁၁ ခုနှစ်မှာ စတင်သားပေါက်ပါတယ်။ ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း ခြံလှောင်ထိန်းသိမ်းမွေးမြူပြီး အရွယ်ရောက်လာတဲ့ ကြယ်လိပ် အကောင်တွေကို သဘာဝတောအတွင်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ကောင်ရေ ၁၅၀နဲ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ကောင်ရေ ၅၀ စေလွှတ်ခဲ့တဲ့အပြင် ဒီနှစ် ၂၀၂၀ အထိ ခြံထဲမှာ ကြယ်လိပ်ကောင်ရေ ၃၂၆ ကောင် မွေးနိုင်ခဲ့ပြီး ဒီအကောင်တွေထဲက ၁၅၇ ကောင် ပျောက်ဆုံးသွားခဲ့တယ်။ ကြယ်လိပ်တွေ ထပ်မံပျောက်ဆုံးမှု မရှိစေရေးအတွက် လုံခြုံရေး တိုးမြှင့်ချထားလျက်ရှိတယ်လို့ ဦးသိန်းလွင်က ​ရှင်းပြပါတယ်။

မြန်မာ့ကြယ်လိပ်တွေ အရွယ်ရောက်ချိန်က ၅ နှစ် ဖြစ်ပါတယ်။ ဇူလိုင်လကနေ သြဂုတ်လအထိ မိတ်လိုက်ကြပါတယ်။ ဥအုချိန်က အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ၊ ဥအုနှုန်းက တကြိမ် ၄ လုံးကနေ ၁၃ လုံးအထိ၊ ဥပေါက်ချိန်က မေလမှ ဇူလိုင်လအထိ ဖြစ်ပြီး ဥပေါက်နှုန်းက ၅၀ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ ကြယ်လိပ်တွေရဲ့ အစားစာက ကန်စွန်းရွက်၊ ဘူးသီး ဘူးရွက်၊ ဖရုံသီး ဖရုံရွက်၊ ချဉ်ပေါင်ရွက်၊ ခရမ်းချဉ်သီး၊ ဖရဲသီး၊ သခွပ်ပွင့်နဲ့ မလွှပွင့်တို့ ဖြစ်ပါတယ်။

ကြယ်လိပ်တွေ ကျက်စားရာဒေသက မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အပူပိုင်းဒေသ ခြောက်သွေ့တောတွေ ဖြစ်တယ်။ မူရင်းဒေသ မျိုးစိတ်က ရွှေစက်တော် ဘေးမဲ့တောနဲ့ မင်းဇုန်တောင် ဘေးမဲ့တောတို့ ဖြစ်တယ်လို့ ဦးစီးမှူးဦးသိန်းလွင်က ပြောပါတယ်။

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံမှာသာရှိပြီး ရှားပါးတဲ့ မြန်မာ့ကြယ်လိပ် ခေါ် ပန်းလိပ်တွေကို မျိုးတုံးပျောက်ကွယ်မသွားစေရန်အတွက် အစိုးရဘတ်ဂျက်ကနေ ကျွေးမွေးစရိတ်၊ ဆေးဝါးကုသစရိတ် ပေးထားပါတယ်။ ကြယ်လိပ်တကောင်ကို တနေ့ ကျပ် နှစ်ဆယ်ဖိုးခန့် ကျွေးရကြောင်း ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော တောခေါင်း ဒေါ်အေးအေးချိုက ပြောပါတယ်။

ရွှေစက်တော တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဟာ မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ ငဖဲမြို့နဲ့ စေတုတ္တရာမြို့နယ်တွေနဲ့ ထိစပ်နေတဲ့ မုန်းချောင်း၊ မန်းချောင်းအကြား ဧက (၁၁၄၇၁၆.၁၈) စတုရန်းမိုင်အကျယ် ရှိကြောင်း သိရပါတယ်။

ရွှေစက်တော တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း နို့တိုက်သတ္တဝါ ၁၄ မျိုး၊ ကုန်းနေ ရေနေ သတ္တဝါ ၄၃ မျိုး၊ လိပ်ပြာမျိုးစိတ် ၃၉ မျိုး၊ ငှက်မျိုးစိတ် ၁၄၆ မျိုး၊ ရေချိုငါးမျိုးစိတ် ၂၂ မျိုး ရှင်သန်ကျက်စား နေထိုင်​ကြောင်းနဲ့ မြန်မာ့ကြယ်လိပ်တွေ လက်ရှိ မျိုးသုဉ်းဖို့ အလွန်နီးနေတဲ့အတွက် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ (၁၉၉၄) နှင့် ငါးလုပ်ငန်းဥပဒေ (၁၉၉၃) အရ ကာကွယ်ထားကြောင်း မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနက သိရပါတယ်။

တင်ရွှေ(မင်းဘူး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013