DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံရှိ လူဦးရေ ၁၀ သိန်းကျော်အတွက် WFP က စားနပ်ရိက္ခာထောက်ပံ့မည်
DVB
·
December 24, 2019
မြန်မာနိုင်ငံရှိ လူဦးရေ ၁၀ သိန်းကျော်အတွက် WFP က စားနပ်ရိက္ခာထောက်ပံ့မည်
Donate to DVB

လာမယ့်နှစ်တွေမှာ မြန်မာနိုင်ငံက လူဦးရေ ၁၀ သိန်းကျော်အတွက် စားနပ်ရိက္ခာထောက်ပံ့ဖို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)  သဘောတူလိုက်ပါတယ်။

မြန်မာနိုင်ငံ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာနနဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)တို့ဟာ နောက် ၅ နှစ်အတွက် မဟာဗျူဟာ စီမံချက်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာပါ။

ဒီစီမံချက်အရ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့က ပဋိပက္ခဘေးသင့် လူထုတွေနဲ့ တခြားတိုင်းနဲ့ ပြည်နယ်တို့က ထိခိုက်လွယ်ပြည်သူ စုစုပေါင်း ၁၀ သိန်းကျော်ကို စားနပ်ရိက္ခာ ထောက်ပံ့ပေးမှာဖြစ်ပြီး အာဟာရပြည့်မီရေးကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က “မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) ဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် လမ်းပြမြေပုံတရပ်ဖြစ်ပါတယ်။ ဒီလို နိုင်ငံဆိုင်ရာ အစီအစဉ်တွေကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့ဆိုရင် နိုင်ငံတော်အစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအကြား နီးနီးကပ်ကပ်တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်တာဟာ အလွန်အရေးပါ ပါတယ်” လို့ ပြောပါတယ်။ 

၂၀၁၈ ခုနှစ်မှာ WFP အနေနဲ့ လူဦးရေပေါင်း ၉၅၄,၀၀၀ ကို အထောက်အပံ့လုပ်ငန်းမျိုးစုံနဲ့ ထောက်ပံ့ခဲ့ပြီး အဲဒီထဲမှာ ကချင်၊ ရခိုင်၊ ရှမ်း၊ ကရင်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းတို့နဲ့ အရှေ့တောင်ပိုင်း‌‌‌ ဒေသမှာ နေထိုင်တဲ့ လူဦးရေ ၄၇၄,၀၀၀ ကို အရေးပေါ်တုံ့ပြန်မှု စားနပ်ရိက္ခာ အထောက်အပံ့နဲ့ ကူညီခဲ့တယ်လို့ WFP မြန်မာရဲ့ ဆက်သွယ်ဆက်ဆံရေးအရာရှိက ပြောပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ လစဉ် လူဦးရေ ၆ သိန်းခွဲ ဝန်းကျင်ကို အထောက်အပံ့လုပ်ငန်းမျိုးစုံနဲ့ ကူညီထောက်ပံ့ပေးနေတယ်လို့လည်း ဆိုပါတယ်။

WFP ဟာလက်ရှိမှာ ရခိုင်ပြည်နယ်က စစ်ဘေးရှောင်တွေအပါအဝင် စားနပ်ရိက္ခာ မလောက်ငှသူပေါင်း ၂၄၀,၀၀၀၊ ကချင်ပြည်နယ်က စစ်ဘေးရှောင် ၄၅,၀၀၀ နဲ့ ရှမ်းပြည်နယ်က စစ်ဘေးရှောင် ၁၄,၀၀၀ တို့ကို အရေးပေါ်ကူညီထောက်ပံ့နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

၂၀၁၉ နိုဝင်ဘာက စပြီးတော့ ချင်းပြည်နယ ပလက်ဝမြို့နယ်က စစ်ဘေးရှောင် ၆၀၀ ကျော်ကိုလည်း စတင် ထောက်ပံ့ပေးနေပြီ ဖြစ်ပါတယ်။

ပြီးတော့ တိုင်းနဲ့ ပြည်နယ် ၁၁ ခုက ကျောင်းသားဦးရေ ၃ သိန်းကျော်ကို ခွန်အားမြှင့် ဘီစကစ်တွေ၊ ကျောင်းတွင်းချက် နေ့လယ်စာတွေ ထောက်ပံ့ပေးနေပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသ၊ အပူပိုင်းဒေသနဲ့ ဝေးလံခေါင်ပါးတဲ့ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့က ထိခိုက်လွယ် လူထုတွေကိုလည်း အထောက်အပံ့တွေ ပေးနေတယ်လို့ WFP က ဆိုပါတယ်။

  လက်ရှိ WFP ရဲ့  ပုံမှန်အထောက်အပံ့လုပ်ငန်းတွေ ပဲခူး၊ ဧရာဝတီတိုင်းနဲ့ နေပြည်တော်တို့က လွဲရင် တနိုင်ငံလုံးမှာ လုပ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013