Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် နိုင်ငံခြားသား ၃၈ ဦးကို ယခုနှစ်အတွင်း ပြည်နှင်ဒဏ်ပေးခဲ့
Aung Ko Latt
·
December 24, 2019
80732470_1201527243385602_7891179739774189568_o
စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂၀၁၉ ခုနှစ်အတွင်း အထောက်အထားမခိုင်လုံတာ၊ ဗီဇာ စည်းကမ်းဖောက်ဖျက်တာတွေကြောင့် နိုင်ငံခြားသား ၃၈ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့အညီ ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ တိုင်းအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနက သိရပါတယ်။ ပြည်နှင်ဒဏ်ပေးတဲ့ နိုင်ငံခြားသားတွေထဲမှာ စစ်ကိုင်းတိုင်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံက အများဆုံးဖြစ်ပါတယ်။ သူတို့ဟာ များသောအားဖြင့် သတ်မှတ်ထားတဲ့ ဧရိယာထက် ကျော်လွန်ပြီး လာရောက်ကြတာဖြစ်ပြီး အမျိုးသမီး ၄ ဦး၊ အမျိုးသား ၁၆ ဦး စုစုပေါင်း ၂၀ ဦးရှိပါတယ်။  ဒုတိယအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားက ၁၀ ဦးရှိပြီး အိန္ဒိယကနေ ခိုးဝင်တာပါ။ တတိယ အများဆုံးကတော့ တရုတ်နိုင်ငံသား ၆ ဦးဖြစ်ကာ အထောက်အထားမဲ့နေထိုင်တာနဲ့  ဗီဇာ စည်းကမ်း ချိုးဖောက်တာတွေကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် ခိုးဝင်လာတဲ့ အထောက်အထားမဲ့ နယ်သာလန်နိုင်ငံသား ၁ ဦးနဲ့ အမေရိကန်နိုင်ငံသားခံယူထားတဲ့ မြန်မာတဦးလည်း ပါဝင်ပါတယ်။ ပြည်နှင်ဒဏ်ပေးခံရသူတွေ အထဲမှာ အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၃၃ ဦး စုစုပေါင်း ၃၈ ဦးရှိတယ်လို့ သိရပါတယ်။ တိုင်းလဝက ညွှန်ကြားရေးမှူး ဦးယဉ်ထွေးက "အိန္ဒိယနိုင်ငံက များရတာက နယ်စပ်ဖြစ်တာ ကြောင့်ပါ။ သူတို့က ဒီဘက်ကို အကြောင်းအမျိုးမျိုးနဲ့လာရောက်ပြီး ဘယ်လောက် ကီလိုမီတာ ထက်မကျော်ရဆိုတာ ရှိတယ်လေ။ အဲဒါကို မလိုက်နာတဲ့အတွက် ဖြစ်ပါတယ်။ တချို့ကိုတော့ ဥပဒေအရ ထောင်ချရတာတွေလည်း ရှိပါတယ်။"လို့ ပြောပါတယ်။ ဒါ့အပြင် လက်ရှိမှာ တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၆ ဦးကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားပြီး နေရပ်ပြန်ပို့နိုင်အောင် စီစဉ်နေတယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတော့ ပြည်နှင်ဒဏ်ပေးတဲ့ နိုင်ငံခြားသား ၂၃ ဦးရှိပြီး အခုနှစ်မှာ ၃၈ ဦးအထိ တိုးလာတာလည်း ဖြစ်ပါတယ်။ ဒီလိုတိုးလာတာဟာ ဌာနက လိုက်လံကြပ်မတ်ဆောင်ရွက်မှုနဲ့ အရင်ကထက်ပိုပြီး ဖိဖိစီးစီး ဆောင်ရွက်နိုင်လာတာကြောင့် ဖြစ်တယ်လို့ တိုင်းလဝက တာဝန်ရှိသူက ပြောပါတယ်။ စစ်ကိုင်းတိုင်းမှာ အမြဲတမ်းနေထိုင်တဲ့ နိုင်ငံခြားသား ၆၄၅ ဦးရှိပြီး အများစုက တရုတ်နိုင်ငံသားတွေဖြစ်ကာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ လာရောက်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။  မုံရွာလက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ စံပယ်/ကြေးစင် စီမံကိန်းမှာတင် တရုတ်နိုင်ငံသား ၄၀၀ ကျော်ရှိပြီး ကသာခရိုင်အတွင်းက တကောင်းနီကယ်စီမံကိန်းမှာလည်း ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ တခြားနိုင်ငံခြားသားတွေကတော့ နည်းပါးပြီး ပညာရေးအတွက်လာရောက်နေတဲ့ နိုင်ငံခြားသား တချို့တော့ ရှိသလို  စိုက်ပျိုးရေးလို လုပ်ငန်းကိစ္စအတွက် လာရောက်ကြတဲ့ နိုင်ငံခြားသားတွေလည်း ရှိပါတယ်။ စစ်ကိုင်းတိုင်းအတွင်း လာရောက်နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေနဲ့ပတ်သက်ပြီး အထောက်အထားခိုင်လုံမှု ရှိမရှိ၊ ဗီဇာစည်းကမ်းနဲ့ ညီမညီဆိုတာကိုလည်း မြို့နယ်အလိုက် လစဉ်စစ်ဆေးနေပြီး လိုအပ်သလို အရေးယူနေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024