ICJ တွင် မြန်မာအပေါ်တရားစွဲထားသည် ဂမ်ဘီယာ Report အား ကောက်နုတ်သုံးသပ်ချက်
DVB
·
November 28, 2019

မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိ ရိုဟင်ဂျာများအား လူမျိုးတုံးသတ်ဖြတ်မှု (ဂျီနိုစိုက်)နှင့် စပ်လျဉ်း၍ ကျူးလွန်ခဲ့ခြင်း၊ ပါ၀င်ပတ်သက်ခဲ့ခြင်း၊ ဖုံးဖိထားခဲ့ခြင်း၊ Genocide Convention ပဋိညာဉ် သဘောတူညီချက်အား ချိုးဖောက်ခြင်းများ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံအစိုးရ အပါအဝင် ပြစ်မှုကျူးလွန်သူများအား စုံစမ်းစစ်ဆေး အပြစ်ပေးပါရန် ဂမ်ဘီယာနိုင်ငံက ICJ (ကုလသမဂ္ဂ တရားရုံး)တွင် ၁၁၊ နိုဝင်ဘာ၊ ၂၀၁၉ ရက်စွဲဖြင့် ၄၇ မျက်မှာပါ တရားစွဲဆိုချက် တင်သွင်းခဲ့သည်။
ထိုတရားစွဲဆိုချက်ပါ အချက်အလက်များအား အများနားလည်လွယ်စေရန် ကျစ်လျစ်အောင်ပုံဖော် ခြုံငုံသုံးသပ်ထားသဖြင့် စိတ်ရှည်၊ အချိန်ယူ ဖတ်ရှုလေ့လာ ပေးပါရန်လည်း စာရေးသူက မေတ္တာရပ်ခံအပ်ပါသည်။
ဂမ်ဘီယာ ဘာကြောင့်တရားစွဲသလဲ
ဂမ်ဘီယာနှင့် မြန်မာသည် Genocide Convention သဘောတူညီချက်လက်မှတ်ထိုး ထားသည့် နိုင်ငံများတွင်ပါဝင်ကြောင်း၊ ဇန်နဝါရီလ ၁၉၅၁ မှ အစပြု၍ Genocide Convention ပါ အချက်အလက်များအား ဂရုတစိုက် အမှူးထား လိုက်နာပါကြောင်း၊ ICJ ၏ အခန်းကဏ္ဍနှင့် ယူဂိုစလားဗီးယား၊ ရဝမ်ဒါ ဂျီနိုစိုက်ဖြစ်စဉ်များအား အသေးစိတ် သိထားနားလည်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ခဲ့ကြသော ရိုဟင်ဂျာ လူနည်းစုများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့်၊ ကျူးလွန်နေဆဲ လက္ခဏာများ ဆယ်စုနှစ် အချို့ကြာရှိခဲ့၊ လက်ရှိဖြစ်နေဆဲကိုလည်း မျက်ဝါးထင်ထင် မှတ်သားထားပါကြောင်း၊ စိုးရိမ်ရေမှတ် ရောက်နေပြီဖြစ်သည့် ရိုဟင်ဂျာ ဂျီနိုစိုက် နမိတ်လက္ခဏာများအတွက် မြန်မာအစိုးရအား OIC အပါအဝင် UN General Assembly များမှတဆင့် အကြိမ်ကြိမ် သတိပေးခဲ့ဖူးသော်လည်း မြန်မာအစိုးရဘက်က ဂရုမပြု လျစ်လျူရှုခဲ့ ကြောင်း၊ နိုင်ငံတကာမှ လက်ဝယ်ရရှိထားပြီးဖြစ်သော သက်သေအထောက်အထား အခိုင်အမာကို အခြေပြု၍ ယခုလို တရားစွဲရခြင်းဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။
မြန်မာပြည်နှင့် ရိုဟင်ဂျာဂျီနိုစိုက် လက္ခဏာကို ချိတ်ဆက်ဖော်ပြ
မြန်မာပြည်တည်ရှိရာ ထိစပ်နယ်နိမိတ် ပထဝီအနေအထား၊ လူမျိုးစု၊ ကိုးကွယ်ဘာသာ စသည်တို့ကို ဖော်ပြထားကာ သမိုင်းကြောင်းအရ ယှဉ်တွဲနေထိုင်လာခဲ့ကြသော်လည်း ပြီးခဲ့သည့် ဆယ်စုနှစ် အချို့အတွင်း ရိုဟင်ဂျာလူနည်းစုဝင်များအား သတ်ဖြတ်ခြင်း၊ အထိအနာတရပြုခြင်း၊ ခွဲခြားဆက်ဆံပြီး တနယ်ကျေးသားဟု အစဉ်တစိုက် စွပ်စွဲခြင်း၊ စိတ်ပိုင်း-ရုပ်ပိုင်းဆိုင်ရာဒဏ်ရာ ဖြစ်စေခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အဆောက်အအုံ၊ လူနေအိမ်ရာ ဘာသာရေးပရဝုဏ် ဖျက်ဆီး ပစ်ခြင်း၊ ခရီးသွားပိတ်ပင် သားမွေးထိမ်းချုပ်ခြင်း၊ လူအုံနဲ့ကျင်းနဲ့ အတင်းအဓမ္မ မောင်းထုတ် ပြောင်းရွေ့ခိုင်းခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ကလေးသူငယ် သက်ကြီးရွယ်အို လူမမယ်များအား ရက်စက်စွာ သတ်ဖြတ်ခြင်း၊ အသက်ရှင် ဘဝရပ်တည်မှုကို ခက်ခဲစေခြင်း၊ လူမျိုးတုံးစေရန် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပစ်ခြင်းစသည့် ဂျီနိုစိုက် လက္ခဏာများ ကျူးလွန်ရာရောက်ကြောင်း။
UN Genocide Convention ပဋိညာဉ်ကို မြန်မာချိုးဖောက်ဟုဆို
သို့ပါ၍ မြန်မာနိုင်ငံသည် UN Genocide Convention ပဋိညာဉ်အား မစောင့်ထိန်း မထီမဲ့မြင်ပြု ချိုးဖောက်ရာရောက်ပြီး ပြည်တွင်း၌ ရိုဟင်ဂျာလူမျိုးတုံးအောင်
(၁)ကျူးလွန်ခြင်း၊
(၂) ပူးပေါင်းကြံစည်ခြင်း၊
(၃) အမုန်းဖန်တီးပြီး ကျူးလွန်ရန် ညွှန်ကြားခြင်း၊
(၄) ပါ၀င်ပတ်သက် ကျူးလွန်ရန် ကြိုးစားခြင်း၊
(၅) ပြောဆိုလုပ်ဆောင်ချက်များ မှားယွင်းစွာ တဖက်သတ်ဆန်ပြီး ကျူးလွန်သူများနှင့် ကြံရာပါအသွင် တရားမမျှတခြင်း၊
(၆) လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေခြင်းအား ရပ်တန့်အောင် မကြိုးစားသလို ကျူးလွန်သူများအား အပြစ်ပေးရန် ပျက်ကွက်ခြင်း စသည့် နိုင်ငံတကာ ဥပဒေစံနှုန်းကိုလည်း ချိုးဖောက်ရာရောက်ကြောင်း စွဲချက်တင်ထားသည်။
ဂျီနိုစိုက်ကျူးလွန်သည်ဟု အကိုးအကားများဖြင့် မီးမောင်းထိုး
ဤစွဲဆိုချက်နှင့်ပက်သက်၍ များစွာသော အကိုးအကား အခိုင်အမာရှိထားပြီး အောက်ပါ အချက်အလက်အချို့ကို ဖော်ပြရလျှင်
- UN လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Yanghee Lee ၏ ထုတ်ပြန်ချက်တွင် မြန်မာတပ်မတော်ခေါင်းဆောင်ပိုင်းနှင့် အခြားတာဝန်ရှိ ပုဂ္ဂိုလ်များသည် ရိုဟင်ဂျာ ဂျီနိုစိုက်လုပ်ရပ်၏ တရားခံများဖြစ်သည်ဟု ဖော်ပြထားခြင်း။
- UN ဂျီနိုစိုက်ကာကွယ်ရေးဆိုင်ရာ အကြံပေး Mr. Adama Dieng ကလည်း ဖြစ်ပျက်ခဲ့သည့် တွေ့ရှိချက်များ၏ သက်သေအထောက်အထား ပြည့်စုံစွာစုစည်းလိုက်လျှင် ဂျီနိုစိုက်မြောက်လေပြီဟု ထုတ်ပြန်ထားခြင်း။
- UNHRC Fact-Finding Mission (FFM) ၏ ၂၄၊ မတ်လ၊ ၂၀၁၇ မှ အစပြုခဲ့သည့် အချက်အလက် စုဆောင်းမှု၊ လူသက်သေများ ဒုက္ခသည်များ အယောက် ၆၀၀ ကျော်အား အင်တာဗျူးမှု၊ NGOs များ ပညာရှင်များ ပရဟိတများ မီဒီယာများ ဌာနဆိုင်ရာများ အစရှိသည့် ၂၅၀ ကျော်အား အင်တာဗျူးမှု၊ UN အာကာသစနစ်ဖြင့် မှတ်တမ်းဖော်ထုတ်ရေးအဖွဲ့ (UNOSAT) ၏ တွေ့ရှိချက် ဓါတ်ပုံ ဗီဒီယို မှတ်တမ်းများရှိထားမှု စသည်တို့အပေါ် အခြေခံ၍ ထုတ်ပြန်ချက်အရ ဂျီနိုစိုက် ကျူးလွန်သူများသည် အစိုးရယန္တရားမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တပ်မတော်ပိုင်း ဆိုင်ရာများမှ ဖြစ်သည်ဟု ဖော်ပြထားခြင်း။
- နယူးယောက်တိုင်မ်း သတင်းစာတွင် မြန်မာစစ်တပ်မှ ဂျီနိုစိုက်ကို အထောက်အကူဖြစ်စေမည့် Propaganda များအား Facebook ကဲ့သို့သော ဆိုရှယ်မီဒီယာများကို အသုံးချ စနစ်တကျ Campaign လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားခြင်း။
- UN လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) နှင့် Amnesty International ဖော်ထုတ်ချက်များကိုလည်း ဂမ်ဘီယာဘက်က စုဆောင်းထားပြီး ဖြစ်ကြောင်း ဤစွဲဆိုချက်တွင် အသေးစိတ်ပါရှိသည်။