မုတ္တမ ကမ်းလွန်ပင်လယ်ပြင် ထောက်ပံ့ရေးစခန်းစီမံကိန်း ဒေသခံများ ကန့်ကွက်
DVB
·
November 16, 2019
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဖာလိန်ဒေသ၊ အံဒင်ကျေးရွာအုပ်စု၊ ဓမင်းဆိပ်ကျေးရွာအနီးမှာ Forever Thanlwin ကုမ္ပဏီက အကောင်အထည်ဖော်ဆောင်ရွက်မယ့် မုတ္တမ ကမ်းလွန်ပင်လယ်ပြင်ထောက်ပံ့ရေး အခြေစိုက်စခန်း စီမံကိန်းကို ဒေသခံတွေက ကန့်ကွက်ခဲ့ကြပါတယ်။
မုတ္တမ ကမ်းလွန်ပင်လယ်ပြင်ထောက်ပံ့ရေး အခြေစိုက်စခန်း (Offshore Supply Base) စီမံကိန်းနဲ့ပတ်သက်လို့ ဒေသခံပြည်သူလူထုနဲ့တိုင်ပင်ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းက စီမံကိန်းလျာထားနေရာမှာ ပြုလုပ်ဖို့ ကုမ္ပဏီဘက်က ဖိတ်ကြားခဲ့ပေမယ့် လမ်းတလျှောက် ရာနဲ့ချီတဲ့ဒေသခံတွေ ကန့်ကွက်ခဲ့တာကြောင့် ပျက်ပြယ်ခဲ့ပါတယ်။
အဲဒီစီမံကိန်းနဲ့ပတ်သက်လို့ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) ဆောင်ရွက်ဖို့ ဒေသခံတွေကို ချပြရှင်းလင်းပြီး ဝေဖန်အကြံပြုနိုင်အောင် ဆောင်ရွက်တာလို့ ကုမ္ပဏီဘက်က ဖိတ်ကြားစာမှာ ဖော်ပြထားပါတယ်။
ဒီစီမံကိန်းကို အကြောင်းမဲ့ ကန့်ကွက်နေတာ မဟုတ်ဘဲ ဒေသခံတွေရဲ့ လူမှုစီးပွားဘ၀ကို ကြီးမားစွာ ထိခိုက်နိုင်တာကြောင့် ကန့်ကွက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။်
အံဒင်လူငယ်အဖွဲ့မှ မိနီမာဦးက “လှိုင်းကာတံတားကြောင့် ဒေသခံတွေရဲ့ ငါးဖမ်းလုပ်ငန်းက ခက်ခဲသွားမယ်၊ အဓိက အသက်မွေးဝမ်းကျောင်း ပျက်စီးသွားမယ်၊ မြေကိစ္စနဲ့ပတ်သက်လို့ တရားဝင်လမ်းကြောင်းကနေမလာဘဲ အတင်းအကျပ် ဖိအားပေးပြီးတော့ ပွင့်လင်းမြင်သာမှုမရှိ၊ တာဝန်ယူ တာဝန်ခံမှုမရှိတဲ့သဘော၊ အဲဒီအကြောင်းတွေကြောင့်လည်း ကုမ္ပဏီနဲ့ ဒေသခံတွေကြား ယုံကြည်မှုတည်ဆောက်လို့ မရဘူး၊ ဒီကလူငယ်တွေက ကုမ္ပဏီအလုပ်တွေ မလုပ်လို့ အခြားဒေသက လူတွေဝင်လာရင် လူမျိုးရေး၊ ဘာသာရေးပြဿနာတွေလည်း အမျိုးမျိုး ဖြစ်လာနိုင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အံဒင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က “ဒီစီမံကိန်းက ဒေသခံ ပြည်သူလူထုတွေရော၊ ကျေးရွာသံဃာတော်များအားလုံး ပြည်သူအားလုံး ကျနော် အပါအဝင် လုံးဝ လုံးဝ သဘောမတူဘဲ ဒီကိစ္စကို လုပ်တာတော့ ကျနော့်အနေနဲ့ လုပ်ထုံးလုပ်နည်းအရ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ မြင်ပါတယ် " လို့ ပြောပါတယ်။
စီမံကိန်းချပြဆွေးနွေးပွဲ ပျက်ပြားရတာနဲ့ပတ်သက်ပြီး ကုမ္ပဏီကို အကြိမ်ကြိမ် ဖုန်းခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
Forever Thanlwin ကုမ္ပဏီအနေနဲ့ အံဒင်ဓမင်းဆိပ်ကျေးရွာအနီးက မြေဧက ၆၈ ဒသမ ၁၁ ဧကပေါ်မှ ကမ်းလွန်ထောက်ပံ့ရေးအခြေစိုက် ဝန်ဆောင်မှုလုပ်ငန်းကို စွမ်းအင်ဝန်ကြီးဌာန ခွင့်ပြုချက်ရရှိချိန် ဆောင်ရွက်မှာ ဖြစ်ကြောင်း၊ နောင်မှာ ဒေသထွက်ကုန်များ အခြေခံကာ စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ပြီး တန်ဖိုးမြှင့်ကုန်ပစ္စည်းများ ထုတ်လုပ်ကာ ဆိပ်ကမ်းမှ တင်ပို့ရောင်းချနိုင်မှာ ဖြစ်ကြောင်းနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ကုမ္ပဏီ၏ နှစ်စဉ်အသားတင်အမြတ်မှ ၂ ရာခိုင်နှုန်း သုံးစွဲသွားမယ်လို့ သိရပါတယ်။
ဝင်းနိုင်သက်
