မော်ချီးဒေသက ဖာလာစိုက်တောင်သူတို့၏ ဖာလာသီး ခူးဆွတ်ချိန်
နော်နိုရင်း
·
October 25, 2019

မနက်စောစော ဝေလီဝေလင်းအချိန် မိသားတစုဟာ အထုပ်အပိုးတွေပြင်၊ စားသောက်ဖို့ အခြေခံစားစရာ ဆန်၊ ဆီ၊ ဆား၊ ငရုပ်နဲ့ မိုးကာ၊ သံဇကာ၊ ဓါးအစရှိတဲ့ အခြေခံလိုအပ်ချက်တွေကို ပြင်ဆင်နေကြပါတယ်။
ဒီမိသားတစုကတော့ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ လိုခါးလိုကျေးရွာကဖြစ်ပြီး သူတို့ စိုက်ပျိုးထားတဲ့ ဖာလာစိုက်ခင်းတွေဆီကို သွားရောက်ခူးဆွတ်ဖို့ ပြင်ဆင်နေတာပဲဖြစ်ပါတယ်။
ဖာလာ (ခေါ်) cardamom ဟာ နှစ်ရှည်ပင်တမျိုးဖြစ်ပြီး မြန်မာပြည်မှာတော့ ကရင်ပြည်နယ် နဲ့ ကယားပြည်နယ်တွေမှာ အများဆုံးစိုက်ပျိုးတဲ့ သီးပင်တမျိုးဖြစ်ပါတယ်။
ဖာလာအပင်ဟာ ဂျင်းပင်လိုမျိုးဖြစ်ပြီး အသီးကတော့ ပင်စည်အောက်အမြစ်နားမှာ သီးပါတယ်။ ဒီဖာလာပင်တွေဟာ နှစ်ရှည်သီးပင်မျိုးဖြစ်ပြီး ဆေးဝါးနဲ့အစားအသောက်တွေမှာ အသုံးပြုလေ့ရှိကာ အများအားဖြင့် တရုတ်ပြည်က ဝယ်ယူကြပါတယ်။
လိုခါးလိုကျေးရွာမှာတော့ ဒေသခံတွေဟာ သတ္တုခဲကျင်းတွေနဲ့ အသက်မွေးဝမ်းပြုကြသလိုပဲ တပိုင်တနိုင်ဝင်ငွေရရှိဖို့ ဖာလာစိုက်ပျိုးရေးလုပ်ငန်းတွေလည်း လုပ်ကိုင်ကြပါတယ်။
အခုလို ဖာလာပင်တွေ ခူးဆွတ်မယ့်အချိန်ရောက်ရင် ဒေသခံရွာသားတွေဟာ သူတို့စိုက်ပျိုးထားတဲ့ ဖာလာပင်တွေကို မိသားစုလိုက် သွားရောက်ခူးဆွတ်ကြဖို့ ပြင်ဆင်နေကြတာပဲဖြစ်ပါတယ်။
လိုခါးလိုကျေးရွာနဲ့ ဖာလာစိုက်ပျိုးတဲ့နေရာသွားဖို့ဆိုရင် ၇ မိုင် ၈ မိုင်လောက်သွားရပါတယ်။ သူတို့ရဲ့စိုက်ပျိုးရေးခြံအများစုဟာ အရင် အင်္ဂလိပ်လက်ထက်က အသုံးပြုခဲ့တဲ့ မော်ချီး-တောင်ငူကားလမ်း ဟောင်း အနားမှာရှိပါတယ်။ ဒါပေမယ့် ဒီလမ်းက လက်ရှိအချိန်မှာတော့ အသုံးပြုလို့မရပါဘူး။
အဆိုပါလမ်းပေါ်မှာ တပ်မတော်နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(ကေအန်ပီပီ) တပ်စခန်းတွေချထားတဲ့အတွက် ဒေသခံတွေအနေနဲ့ သူတို့ခြံရှိတဲ့နေရာကို သွားရောက်ဖို့ တခြားပတ်လမ်းကို အသုံးပြုပြီးသွားလာကြရတာပါ။ အကြောင်းရင်းတော့ တပ်စခန်းနားသွားခွင့်မရသလို မိုင်းအန္တရာယ် ရှိတာကြောင့် သွားခွင့်မပြုတာလို့သိရပါတယ်။
“တကယ်လို့သာ ဒီလမ်းသွားလို့ရရင်တော့ သွားလာရေးနဲ့ သယ်ယူပို့ဆောင်ရေးအတွက်အရမ်းကို လွယ်ကူပြီး နီးလာမယ်။”လို့ ဖာလာစိုက်ပျိုးတဲ့ ဒေသခံ တောင်သူ တဦးက ပြောပါတယ်။
ကားလမ်းဟောင်းအတိုင်း သွားလို့မရပေမယ့် ဒေသခံတွေကတော့ ပတ်လမ်းနဲ့ တောင်တက်တောင်ဆင်းတွေမှာ ဆိုင်ကယ်ကိုယ်စီနဲ့ ဆိုင်ကယ်စီးတဝက် ခြေလျှင်လှောက်တဝက်နဲ့ သွားလာကြပါတယ်။
လမ်းခရီးက တောင်တက်တောင်ဆင်းကြမ်းပြီး သိပ်ကို ခက်ခဲပေမယ့် ဆိုင်ကယ်စီးတဲ့နေရာမှာ ကျွမ်းကျင်လှ့တဲ့ ဒေသခံတွေကတော့ ပစ္စည်းသယ်ရပြုရတာ အနည်းငယ်တော့ သက်သာတယ်လို့ဆိုရမှာပါ။
တောင်ပေါ်ကနေ တောင်အောက်ကိုရောက်ဖို့ လူသွားလမ်းတလမ်းစာသာရှိတဲ့လမ်းကို ဆိုင်ကယ်စီးပြီး ဆင်းသွားတာကလည်း ကြောက်မက်ဖွယ်ရာ၊ စိတ်တုန်လှုပ်ခြောက်ခြားစရာပါ။ တခါ တောင်တက်ပြန်တော့လည်း မိုးရွာထားတာကြောင့် လမ်းက စိုစွတ်ပြီးလမ်းချော်တဲ့အတွက် ဆိုင်ကယ်စီးသမားတွေက အတွက် အရမ်းကို ပင်ပန်းခက်ခဲ့ပါတယ်။ ပစ္စည်းအပြည့်တင်သွားတဲ့ ကောင်လေးတယောက်ဆိုရင် ပစ္စည်းတွေ အလေးချိန်များလို့ ဆိုင်ကယ် မကြာခဏလဲကျ ပြန်ထူရတာလည်း အကြိမ်ကြိမ်ပါပဲ။
ဆိုင်ကယ်နောက်လိုက်ပါစီးနင်းတဲ့ အမျိုးသမီးတယောက်ဆိုရင် ချောင်းကနေ တောင်ကုန်းကို အတက်မှာ ဆိုင်ကယ်ပြန်လန်ကျတာကြောင့် လူပေါ်ဆိုင်ကယ်ပြန်ပိမိပြီး ချောင်းထဲပြန်ပြုတ်ကျခဲ့ပါ တယ်။ ကံကောင်းထောက်မစွာပဲ ဒဏ်ရာအနည်းအကျင်းသာရခဲ့တာပါ။သို့မဟုတ် မတွေးဝံ့စရာပဲ။
ဒီလိုခက်ခဲတဲ့လမ်းသွားရတဲ့ ဒေသခံတွေကတော့ဒီလို ဖာလာခူးဆွတ်ချိန် သယ်ရပြုရတဲ့အချိန်မှာ ကားလမ်းဟောင်းလေးပြန်လည်အသုံးပြုနိုင်ဖို့လည်း မျှော်လင့်နေကြပါတယ်။
ကားလမ်းကို အဖြောင့်အတိုင်းမသွားရဘဲ တောင်တတောင်ကိုဆင်းပြီးတတောင်ကို ပတ်ပြီးမှတခါ ဂိတ်တွေကို ကျော်ပြီးတခါ ကားလမ်းပြန်ရောက်လာပါတယ်။ ကားလမ်းပေါ်ရောက်တာနဲ့ ရှေ့ဆက် ခြေလျှင်နဲ့သာ သွားကြရပါတယ်။ အမှန်တကယ်တော့ ဆိုင်ကယ်စီးကျွမ်းကျင်တဲ့ သူတို့အဖို့ ဆိုင်ကယ်နဲ့သွားလို့ရပေမယ့် အဖွဲ့အစည်းတခုက ဆိုင်ကယ်နဲ့သွားခွင့်မပေးတော့တာကြောင့် ခြေလျှင်နဲ့သာ လျှောက်ကြရပါတယ်။
ဒီလိုပင်ပန်းခက်ခဲ့တဲ့လမ်းခရီးဆိုပေမယ့် သဘာဝသစ်တောတွေဖြတ်သန်းသွားရတာ၊ လေကောင်းလေသန့်တွေ ရှုရှိုက်ခွင့်ရတာကလည်း လူကိုလန်းဆန်းစေသလို တောင်ပေါ်က သစ်ပင်တွေပေါ်မှာ သစ်ခွပန်းတွေ အပြင် ငှက်မျိုးစုံရဲ့တေးသံတွေကို ကြားရတာလည်းက ကြည်နူးစရာဖြစ်ရပြန်ပါတယ်။ “မောတော့မောတာပေါ့ ဒါပေမယ့်မမောဘူး။”လို့ သီချင်းတွေ ဆိုကြပြန်ပါတယ်။
ခြေလျှင် ၄၅ မိနစ်လောက်လျှောက်ပြီးတော့မှပဲ လိုခါးလိုကျေးရွာက မိသားစုရဲ့ ဖာလာခြံထဲကို စိုက်စိုက်မြိုက်မြိုက် ရောက်ပါတော့တယ်။ ဖာလာတွေခူးဆွတ်ချိန်နဲ့ မြက်ရှင်းချိန်မှာ နားခိုလို့ရတဲ့ တဲတခု တည်ဆောက်ထားပြီး နားနေနိုင်ဖို့ နေရာလေး ပြင်ဆင်ထားပါတယ်။
ခြံထဲရောက်ပြီဆိုတာနဲ့ လူကြီးတွေရော ကလေးတွေပါ စားစရာတွေအပြင် ရေရဖို့ ရေသွယ်၊ ဖာလာခူးရင်ထားမယ့်နေရာနဲ့ အခြောက်လှမ်းဖို့နေရာတခါ ပြင်ဆင်ကြပါတယ်။ ဒီလိုနဲ့ ညနေရောက်တော့ ကလေးတွေက ကြွက်ထောင်ချောက်တွေကိုယ်စီယူပြီး ကြွက်တွေသွားထောင်၊ လူကြီး တောပစ်ဝါသနာပါသူတွေကတော့ အိမ်ကတည်းက ပြင်ဆင်လာတဲ့ တူမီးသေနတ်တွေထမ်းပြီးတောထဲဝင် တောကောင်တွေပစ်ဖို့ ထွက်သွားကြပါတယ်။ ကျန်သူတွေကတော့ နားသူနားပြီး ဝိုင်းဖွဲ့ကာ ရယ်စရာမောစရာတွေ ပြောကြ၊ မိတ်သဟာရဖွဲ့ကြနဲ့ ပျော်ဖို့တော့ ကောင်းနေပြန်ပါတယ်။
ည ၇ နာရီ ၈ နာရီလောက်မှာတော့ အခုနက တောပစ်ထွက်သွားတဲ့သူတွေ ပြန်ရောက်လာပြီး တချို့ကတော့ ငှက်တွေ၊ ရှဉ့်တွေ ကိုယ်စီပစ်လာပြီး အဲဒီရလာတဲ့သားကောင်တွေကို အမွှေးနှုတ်မီးဖုတ် ကြတာပေါ့။ တောပစ်ရလာတဲ့ သားကောင်ကြောင့်လည်း မိုးလင်းရင်တော့ ဟင်းကောင်းစားရအုန်းမှာပေါ့လေ။
ဒီလိုနဲ့ မနက်မလင်းတလင်းအချိန် ထပြီး ထမင်းချက်သူက ချက်၊ ရေခတ်သူက ခတ်၊ ညကတည်းက ထောင်ထားတဲ့ ထောင်ချောက်တွေမှာ သားကောင်မိလိုမိငြား ထွက်သွားကြည့်သူက ကြည့် မနက်မိုးမလင်းခင်ကတည်းက ကိုယ်စီ အလုပ်တွေ ရှုပ်နေကြပြန်တယ်။
မိုးလင်းပြီဆိုတာနဲ့ ထမင်းစား၊ ပြီးရင်တော့ ဖာလာခူးဖို့ ပလိုင်း၊ တချို့က အိတ်တွေ တယောက်တ လှည့်ကိုယ်စီကိုင်ပြီး ဖာလာစိုက်ခင်း တောထဲဆင်းကြတာပေါ့။
ဖာလာဆိုတာ ပင်ရင်းကနေသီးတာမို့ ပင်ရင်းမှာ ကုန်းကုန်းကွကွနဲ့အသီးတွေကို ခူးစွတ်ကြတာပေါ့။ ဖာလာခူးရင်း ဖာလာတောထဲက မကောင်းတော့တဲ့အပင်တွေ၊ ဖာလာတော ထဲပေါက်နေတဲ့မြက်တွေကို ရှင်းရင်းခူးရင်း ရယ်စရာမောစရာတွေပြောကြရတာကလည်း ပင်ပန်းကြပေမယ့် ပျော်ဖို့ ကောင်းနေပြန်ပါတယ်။
ဖာလာဆိုတာ အတွဲလိုက်သီးတာကြောင့် ဒီလိုခူးဆွတ်ပြီးရလာတဲ့ဖာလာသီးတွေကို ပုံပြီး ညရောက်တဲ့အခါမှာ ဝိုင်းဖွဲ့ကာ အသီးတွေကို တခါပြန်ချွေ ပြီးရင်တော့ မီးနဲ့အခြောက်လှန်းကြရ ပါတယ်။ နေ့မှာခူးပြီးညမှာတော့ ထင်းမီးဖိုပြီး ဆန်ကာအကြီးနဲ့ ခြောက်နေအောင် ပြန်လှန်းရပါတယ်။ ဒီလိုမှရလာတဲ့ ဖာလာခြောက်တွေကို ရောင်းဝယ်ကြတာဖြစ်ပါတယ်။
လတ်တလော ဖာလာ တပိဿာ ပေါက်ဈေးက ကျပ်ငွေ တသောင်း ဖြစ်ပါတယ်။ အဝယ်လိုက်ရင်တော့ ဖာလာဈေးဟာ ကျပ် တသောင်းခွဲ၊ နှစ်သောင်း နီးပါးလောက်ထိ ပေးဝယ်ကြပါတယ်။
ဖာလာကို ခူးဆွတ်ချိန်မှာ အဆင်ပြေနေသလို ရှိပေမယ့် ဖာလာစိုက်တောင်သူတွေရဲ့ အဓိက အခက်အခဲကတော့ သယ်ယူပို့ဆောင်ရတဲ့အခက်အခဲဖြစ်ပါတယ်။
တောင်ငူ-မော်ချီး ကားလမ်းဟောင်းအတိုင်းသာသွားလို့ရရင်တော့ ဒေသခံတွေအနေနဲ့ ဆိုင်ကယ်ကိုအသုံးပြုပြီး သယ်ယူပို့ဆောင်နိုင်မှာပါ။ အဲဒီကားလမ်းအသုံးပြုခွင့်မရဘဲ တောတောင်ထဲကွေ့ပတ်ရတာကြောင့် သယ်ယူ စရိတ်က ပိုလာပါတယ်။
ဖာလာခင်းများတဲ့ တောင်သူတွေကတော့ နေ့စားငှားပြီး ခူးဆွတ်ကြရပါတယ်။ ဖာလာခူးဖို့ နေ့စားခကို ကျပ် ၇၀၀၀ ကနေ ၁၀၀၀၀ ပေးဆောင်ငှားရမ်းရပါတယ်။
ဖာလာကို မြန်မာပြည်တွင်းမှာဆိုရင် များသောအားဖြင့် ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်မှာ စိုက်ပျိုးကြပြီး ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ဘက်မှာဆိုရင် စက်တင်ဘာလမှာ ခူးဆွတ်ကြပါတယ်။ ကယားပြည်နယ်ဘက်မှာတော့ အောက်တိုဘာလနဲ့ နိုဝင်ဘာလလောက်အထိ ခူးဆွတ်ကြပါတယ်။
ဖာလာကို အရင်တုန်းက အခွန်အခတောင်းခံမှုတွေရှိပေမယ့် ၂၀၁၇ စက်တင်ဘာလ ၁၃ ရက်နေ့မှာ ကျင်းပတဲ့ သံယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန စီမံခန့်ခွဲမှု ကော်မီတီ အစည်းအဝေးဆုံးဖြတ်ချက်အရ သစ်တောနယ်မြေပြင်ပ၊ ပုဂ္ဂလိကမြေနဲ့ကိုယ်ပိုင် ဥယာဉ်ခြံမြေမှာ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်တဲ့ ဖာလာကို သစ်တောထွက်ပစ္စည်းများအား သစ်တောဦးစီးဌာနမှာ မှတ်ပုံတင်ခြင်းနှင့် ကူးသန်းရောင်းဝယ်ရေးအတွက် သယ်ယူပို့ဆောင်ခြင်းအတွက် သစ်တောဦးစီးဌာနရဲ့ မျှောစာနှင့်ထောက်ခံချက်ရယူခြင်းကနေ ကင်းလွတ်ခွင့်ပြုကြောင်း ၂၀၁၇ စက်တင်ဘာ ၂၅ ရက်က ကြေညာထားပါတယ်။
အစိုးရက ကင်းလွတ်ခွင့်တွေပေးထားပေမယ့် ဖာလာကို သယ်ယူ ရောင်းဝယ်ရေး လုပ်ဆောင်တဲ့သူတွေဟာ အခွန်ပေးဆောင်ရတာတွေရှိနေသလိုပဲ လက်နက်ကိုင်အဖွဲ့အစည်းတွေက လည်း ကောက်ခံပါတယ်။
သံတောင်ကြီးမြို့နယ်က ဖာလာစိုက်တောင်သူ တဦးကတော့ သူ့ခြံထွက်ဖာလာ ကိုသယ်တဲ့အခါမှာ အဖွဲ့အစည်းတခုကို ဖာလာတပိဿာ ကျပ် ၅၀၀ ပေးဆောင်ခဲ့ရတယ်လို့ ပြောပါတယ်။
အခုနှစ်မှာလည်း ဖာလာစိုက်တောင်သူတွေဟာ ကိုယ့်ခြံထွက် ဖာလာတွေ သယ်ယူမှုအတွက် ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေကို ငွေဘယ်လောက်ပေးကြရဦးမလဲဆိုတာ မသိသေးပေမယ့် အရင်နှစ်တွေထက် လျော့နည်းပြီး ပေးဆောင်ရဖို့လည်း မျှော်လင့်နေကြပါတယ်။
ဘယ်လိုပဲ ပေးဆောင်ရပါစေ မိသားစုစားဝတ်နေရေးနဲ့ လုပ်ကိုင်စားသောက်ရတာ အဆင်ပြေစေဖို့ အတွက် ဖာလာစိုက်တောင်သူတွေကတော့ အခွန်အခတွေ ပေးဆောင်ပြီး ဖာလာ စိုက်ပျိုးတဲ့ လုပ်ငန်းကို ဆက်လက် လုပ်ကိုင်စားသောက်နေကြရဦးမှာ မဟုတ်ပါလား။