စစ်ကိုင်းတိုင်းတွင် ပထမဆုံးအကြိမ် မျိုးစေ့ပြပွဲနှင့် နှီးနှောဖလှယ်ပွဲကျင်းပ
Aung Ko Latt
·
October 22, 2019

မျိုးစေ့ပြပွဲနဲ့ မျိုးစေ့ထုတ်လုပ်မှု နှီးနှောဖလှယ်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမမှာ တိုင်းစိုက်ပျိုးရေးဦးစီးဌာနနဲ့ ဂျာမနီနိုင်ငံအခြေစိုက် Welt Hunger Hilfe (WHH- INGO) အဖွဲ့တို့ ပူးပေါင်းကာ ထမဦးဆုံးအကြိမ်အဖြစ် ဒီကနေ့ ကျင်းပပါတယ်။
ဒီအခမ်းအနားမှာ ကုမ္ပဏီပေါင်း ၁၀ ခုကျော်က စပါး၊ ပဲအမျိုးမျိုးနဲ့ ဆီထွက်သီးနှံ၊ ဂျုံ စတဲ့မျိုးစေ့တွေကို ပြသရောင်းချခဲ့ကြပါတယ်။
အခုလို မျိုးစေ့ပြပွဲကို ပြုလုပ်တာက တောင်သူတွေအတွက် အဓိကအရေးကြီးတဲ့ မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးစီးပွားစျေးကွက်ချဲ့ထွင်နိုင်ရေး၊ ရေရှည်အကျိုးဖြစ်ထွန်းရေးကို ရည်ရွယ်ကာ ကျင်းပတာလို့ စစ်ကိုင်းတိုင်းစိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှုး ဦးဝင်းလှိုင်ဦးက ပြောပါတယ်။
"စစ်ကိုင်းတိုင်းဒေသကြီးမှာ လိုအပ်နေတဲ့ မျိုးစေ့တွေဖြည့်ဆည်းပေးနိုင်ဖို့ သက်ဆိုင်သူတွေ ပါဝင်တဲ့ တွေ့ဆုံနှီးနှောဖလှယ်ပွဲဖြစ်ပါတယ်။ မျိုးစေ့က စိုက်ပျိုးရေးရဲ့အသက်ဖြစ်ပါတယ်။ မျိုးကောင်းမျိုးသန့်ရရှိမှသာ စိုက်ပျိုးရေးကဏ္ဍတခုလုံးက ရေရှည်တည်တံ့ပြီးတော့ ထွက်ကုန်တွေ အားလုံးက အရည်အသွေးမှီမှီနဲ့ စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။ ဒီပွဲလုပ်တဲ့အတွက် တောင်သူတွေက သူတို့လိုချင်တဲ့ မျိုးစေ့၊ စိုက်ပျိုးနည်းစနစ်တွေ ကိုယ်တိုင်လေ့လာနိုင်တာဖြစ်လို့ သူတို့အတွက် အကျိုးအများကြီး ဖြစ်ထွန်းစေပါတယ်။ အခုလို မျိုးစေ့ပြပွဲအပြင် တောင်သူတွေအတွက် GAP ကောင်းမွန်တဲ့ စိုက်ပျိုးနည်းစနစ်တွေ ခရိုင်အလိုက် နှီးနှောဖလှယ်ပွဲတွေ လုပ်ဖို့ရှိတယ်။"
စစ်ကိုင်းတိုင်းမှာ နွေစပါးနဲ့ မိုးစပါး၂၁.၈ သိန်းဧက၊ ပဲမျိုးစုံ ၂၅.၃ သိန်းဧက၊ ဆီထွက်သီးနှံ ၂၄.၅ သိန်းဧကနဲ့ အခြားသီးနှံမျိုးစုံ စိုက်ပျိုးထွက်ရှိပါတယ်။
စိုက်ပျိုးရေးဌာနနဲ့ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေပူးပေါင်းပြီး စစ်ကိုင်းနဲ့ မန္တလေးတိုင်းက မြို့နယ် ၆ မြို့နယ်မှာ ၂၀၁၇ ခုနှစ်ကစတင်ကာ မျိုးစေ့ထုတ်တောင်သူအသင်း ၇ သင်းကို ဖွဲ့စည်းဆောင်ရွက်နေကာ အဲဒီအဖွဲ့တွေကနေ စပါး၊ ပဲတီစိမ်း၊ မတ်ပဲ၊ ကုလားပဲ၊ နေကြာ၊ နှမ်း၊ မြေပဲ၊ ပဲစင်းငုံ စတဲ့ သီးနှံ ၈ မျိုးကို အဓိကထား မျိုးစေ့ ထုတ်လုပ်နေတာပါ။
စစ်ကိုင်းတိုင်းစိုက်ပျိုးရေးဦးစီးဌာနအနေနဲ့လည်း မျိုးစေ့သန့်စင်စက်ကို စစ်ကိုင်း၊ ဘုတလင်၊ ပုလဲ၊ ကသာနဲ့ ကန့်ဘလူမြို့နယ်တွေမှာ ချထားဆောင်ရွက်ပေးနေပြီး မျိုးသန့်ခြံ ၈ ခြံထားရှိဆောင်ရွက်နေပါတယ်။
ဒါ့အပြင် စိုက်ပျိုးရေးဌာန ပညာပေး ရှေ့တန်းစခန်းပေါင်း ၅၇ ခုကိုလည်း ပြန်လည်ပြုပြင်တာတွေ လုပ်ဆောင်ကာ တောင်သူတွေကို အသိပညာပေးတာတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားမယ်လို့ တိုင်းစိုက်ပျိုးရေးဌာန တာဝန်ရှိသူက ပြောပါတယ်။
အခုလာမယ့် စာသင်နှစ်ကစတင်ကာ ရွှေဘိုစိုက်ပျိုးရေးသိပ္ပံကျောင်းနှင့် ဟုမ္မလင်းစိုက်ပျိုးရေး သိပ္ပံကျောင်းတွေကိုလည်း ဖွင့်လှစ်သင်ကြားပေးနိုင်ဖို့ လုပ်ဆောင်နေပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်ဝန်းကျင်ကလည်း စစ်ကိုင်းတိုင်းမှာ ဂရိတ်ဝေါလ်ကုမ္မဏီက ဖြန့်ဖြူးတဲ့ မျိုးစပါးနဲ့ပတ်သက်လို့ တောင်သူတွေနစ်နာတဲ့အတွက် ဆန္ဒပြတဲ့အထိ ဖြစ်ပေါ်ခဲ့ပါသေးတယ်။