DVB Logo
Home
ကျန်းမာရေး
တစ်ပတ်ကိုတစ်ကြိမ် ငါးစားသုံးသူတွေက အယ်ဇိုင်းမားဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းလျော့နည်းစေနိုင်
DVB
·
October 19, 2019
တစ်ပတ်ကိုတစ်ကြိမ် ငါးစားသုံးသူတွေက အယ်ဇိုင်းမားဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းလျော့နည်းစေနိုင်
Donate to DVB
ကိုယ်ဝန်ဆောင်တွေဆို DHA ပါတဲ့ ကိုယ်ဝန်ဆောင်အားဆေးတွေ သောက်သုံးလေ့ရှိကြတာ သတိထားမိမှာပါ။ omega-3 fatty acid တစ်မျိုးဖြစ်တဲ့ DHA ကို ငါးနဲ့ ရေညှိလို အပင်တွေကနေ ရရှိနိုင်တာဖြစ်ပါတယ်။ သူက ကလေးကိုယ်ဝန်ဆောင်ချိန်တည်းက သန္ဓေသားရဲ့ဦးနှောက်ဖွံ့ဖြိုးမှုမှာ အရေးပါလှပါတယ်။ သုတေသနတစ်ခုမှာတော့ DHA စားသုံးမှုက မှတ်ဉာဏ်မကောင်းတော့တဲ့ သက်ကြီးပိုင်းအရွယ် တွေမှာ မှတ်ဉာဏ်စွမ်းရည်တိုးတက်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။ Rush Institute for Health Aging နဲ့ MIND Center for Brain Health တို့ရဲ့ဒါရိုက်တာဖြစ်တဲ့ ဒေါက်တာ Martha Clare Morris ရဲ့သုတေသနအရ တစ်ပတ်ကိုတစ်ကြိမ် ငါးစားသုံးသူတွေက အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းလျော့နည်းစေတယ်လို့သိရပါတယ်။ ဆော်လမွန်၊တူနာ၊ မက်ကရယ်၊ ငါးသလောက်နဲ့ ဆာဒင်းတို့လို အဆီများတဲ့ငါးတွေမှာ DHA ကြွယ်ဝပါတယ်။ စားသောက်ပုံအာဟာရထဲမှာ အဆီဓာတ် အထူးသဖြင့် ပြည့်ဝဆီနဲ့ trans fats တွေထက် ဟင်းရွက်ဆီကို ပိုစားတဲ့အခါ ဦးနှောက်အာရုံကြောယိုယွင်းမှုရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

ငါးကို ဘာကြောင့် စားသင့်တာလဲ

အရိုးစူးမှာကြောက်လို့၊ အလုပ်ရှုပ်လို့၊ အနံ့ညှီမှာစိုးလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ငါးဟင်းမစားရရေး တို့အရေး လုပ်နေသူတွေ မရနိုင်တဲ့ အကျိုးကျေးဇူးတွေပါ။ ဉာဏ်ကောင်းအောင် ငါးစားရမယ်လို့ လူကြီးတွေပြောကြတာ အလကားမဟုတ်ပါဘူးနော်။ ဘာကြောင့်လဲ ဆက်ပြီးဖတ်ကြည့်လိုက်ရအောင်။

ကြီးထွားဖွံ့ဖြိုးမှု

ငါးရဲ့အရေးပါဆုံးအကျိုးကျေးဇူးတစ်ခုက ပရိုတင်းပါဝင်မှုပမာဏပါပဲ။ တစ်ခါစားပမာဏလောက်မှာပဲ တစ်နေ့တာလိုအပ်တဲ့ပရိုတင်းပမာဏရဲ့ ၁၅ ရာခိုင်နှုန်းကျော်ကျော်ကိုဖြည့်တင်းပေးလိုက်နိုင်ပါတယ်တဲ့။ ပရိုတင်းဓါတ်ဟာ ကိုယ်တွင်းအင်္ဂါတွေ၊ အမြှေးပါးတွေ၊ ဆဲလ်တွေနဲ့ ကြွက်သားတွေကို ထိုက်သင့်တဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်လာအောင်တိုက်ရိုက်အထောက်အပံ့ပေးပါတယ်။ ဒါ့ကြောင့် ကြွက်သားကြံ့ခိုင်ဖို့၊ ဆဲလ်တွေပြန်လည်ပြုပြင်ဖို့၊ ဇီဝကမ္မဖြစ်စဉ်တွေကို ပိုအဆင်ပြေစေဖို့လည်း ပရိုတင်းကိုလိုအပ်ပါတယ်။

အရိုးကျန်းမာရေး

ငါးတွေမှာ များများပါဝင်နေတဲ့ သတ္တုဓါတ်ကတော့ အရိုးကျန်းမာရေးနဲ့ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ဖော့စဖရပ်စ်ဖြစ်ပါတယ်။ဖော့စဖရပ်စ်ကို သွားနဲ့လက်သည်းကျန်းမာရေးအတွက်လည်း မရှိမဖြစ်လိုအပ်တာပါ။ အသက်ကြီးလာတာနဲ့အမျှ အားနည်းလျော့ရဲလာတဲ့ အရိုးကျန်းမာရေးနဲ့ အရိုးပါးခြင်းတို့ကို ကာကွယ်ပေးနိုင်တဲ့ဓါတ်လည်းဖြစ်ပါတယ်။

ဆီးကျိတ်ကင်ဆာ

ငါးတော်တော်များများမှာ ဆယ်လီနီယမ်ပါဝင်မှုများပါတယ်။ ဆယ်လီနီယမ်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေက သိပ်များသလို ဓါတ်တိုးဆန့်ကျင်အာနိသင်လည်းရှိပါတယ်။ သုတေသနတွေအရ ဆယ်လီနီယမ်က ဆီးကျိတ်ကင်ဆာအပြင် နှလုံးရောဂါပြဿနာတွေကိုကာကွယ်ပေးနိုင်တယ်လို့တွေ့ရှိထားပါတယ်။ free radicalတွေရဲ့သက်ရောက်မှုကိုလျော့နည်းစေဖို့ ဓါတ်တိုးဆန့်ကျင်အာနိသင်နဲ့ကာကွယ်ပေးနိုင်တာမို့ ကင်ဆာကာကွယ်နိုင်တာဖြစ်ပါတယ်။

နှလုံးကျန်းမာရေး

ငါးတွေမှာ အကျိုးပြုအဆီဓါတ်omega-3 fatty acids ကြွယ်ဝတဲ့အတွက် ကိုလက်စထရောနဲ့မကောင်းတဲ့အဆီဓါတ်တွေကိုလျော့နည်းစေနိုင်ပါတယ်။omega-3 fatty acids က နှလုံးသွေးကြောကျဉ်းအပါအဝင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ၊လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ပိုတက်စီယမ်ပါဝင်မှုကြောင့်လည်းသွေးတိုးကျစေပြီး နှလုံးကျန်းမာရေးအတွက်အကျိုးပြုပါသေးတယ်။

ဦးနှောက်ကျန်းမာရေး

ပိုတက်စီယမ်နဲ့ Omega-3 fatty acids တို့က ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး အာရုံကြောလုပ်ဆောင်ချက်တွေကို ပိုကောင်းစေပါတယ်။ ပိုတက်စီယမ်က ဦးနှောက်ကိုအောက်ဆီဂျင်ပို့လွှတ်မှုပိုကောင်းစေပြီးခန္ဓာကိုယ်အနှံ့ အရည်ဓာတ်ထိန်းညှိမှုမှန်ကန်စေဖို့ မရှိမဖြစ်လိုတဲ့ဓာတ်ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အာရုံကြောတုံ့ပြန်မှုကိုထောက်ပံ့ပေးပြီး ဦးနှောက်အပါအဝင် ခန္ဓာကိုယ်အနှံ့က လိုအပ်တဲ့အစိတ်အပိုင်းတွေဆီကို အာဟာရတွေပို့ပေးတာဖြစ်ပါတယ်။

အရွယ်မတိုင်မီ ရင့်ရော်ခြင်း

ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်တဲ့ ဆယ်လီနီယမ်က ဗီတာမင် အီး နဲ့ ဗီတာမင် စီ တို့ကို နှိုးဆွပေးပါတယ်။ ဒီဗီတာမင်နှစ်မျိုးလုံးဟာ အသားအရေရဲ့ ကျန်းမာရေးနဲ့ အလှအပကို ပိုကောင်းစေဖို့ထောက်ပံ့ပေးတဲ့ဓါတ်တွေပါ။ ငါးမှာပါဝင်တဲ့ ဆယ်လီနီယမ် ၂၀ ရာခိုင်နှုန်းကျော်ဟာ free radicalတွေကြောင့်ထိခိုက်မှုရန်က ကာကွယ်ပေးပြီး အသားအရေကိုထောက်ပံ့ပေးတဲ့အကောင်းဆုံးအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ အရေးအကြောင်းတွေ၊ အသားအရေလျော့ရဲတာ၊ အစက်အပျောက်တွေ စတဲ့ ရင့်ရော်မှုလက္ခဏာတွေကို ဒီလိုနည်းလမ်းနဲ့ ကာကွယ်ပေးပါတယ်။

ကိုယ်ခံအားစနစ်နဲ့ သိုင်းရွိုက်လုပ်ဆောင်ချက်

ဆယ်လီနီယမ်က သွေးဖြူဥဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို အားပေးမြှင့်တင်နိုင်တာကြောင့် ကိုယ်ခံအားစနစ်အတွက် အကျိုးပြုပါတယ်။ ဒါ့အပြင် သိုင်းရွိုက်ဂလင်းရဲ့လုပ်ဆောင်ချက်ထိန်းညှိရာမှာ အရေးပါတဲ့အတွက်ဟော်မုန်းလုပ်ဆောင်ချက်တွေကိုလည်း ထိန်းချုပ်နိုင်စေပါတယ်။ ဒါ့ကြောင့် ဇီဝကမ္မဖြစ်စဉ်ကိုထိန်းညှိနိုင်ပြီး ကိုယ်တွင်းအင်္ဂါလုပ်ဆောင်ချက်တွေပိုကောင်းစေတယ်၊ ခန္ဓာကိုယ်ရဲ့ ဓာတုတုံ့ပြန်မှုတွေကို ပုံမှန်ဖြစ်စေပါတယ်။

ရေးသားသူ  ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013