Home
မြန်မာသတင်း
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီများ ဆွေးနွေး
ရွှေအောင်
·
September 28, 2012
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ရန်ကုန်အခြစိုက် နိုင်ငံရေး ပါတီ ၂၆ ခုတို့ စက်တင်ဘာ ၂၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ရန်ကုန်တိုင်း လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး နိုင်ငံရေး ပါတီခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။   [caption id="attachment_31420" align="alignright" width="300" caption="ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီကိုယ်စားလှယ်များ ရန်ကုန်တိုင်း လွှတ်တော်အဆောက်အအုံတွင် တွေ့ဆုံစဉ်"][/caption] ပြီးခဲ့တဲ့ ၂၀၁၂ ခု ကြားဖြတ်ရွေးကောက်ပွဲအပေါ် အခြေခံပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို ပိုပြီး လွတ်လပ်သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ ဆွေးနွေးခဲ့ကြ ပါတယ်။ ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံအရေးတွေမှာ နိုင်ငံရေးပါတီတွေအနေနဲ့ ဥပဒေဘောင်အတွင်းက  ပါဝင်ဆောင်ရွက်ကြဖို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟာ ပါတီတွေနဲ့ မတွေ့ခင် ၁ ရက် မှာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲ နှစ်ခုစလုံးကို တက်ရောက်ခဲ့တဲ့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက သူ့အနေနဲ့ အားရကျေနပ်မိတဲ့အကြောင်း  သုံးသပ် ပြောပါတယ်။ “တွေ့ဆုံပွဲ ၂ ပွဲလုံး အားရကျေနပ်မှုရှိတယ်။ တွေ့ဆုံပွဲ ၂ ခုစလုံးက တဖက်နဲ့ တဖက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်။ ၈၈ နဲ့ဆိုရင် အစည်းအဝေးပုံစံတောင် မဟုတ်ဘူး။ ပရိုဂရမ်တွေဘာတွေလည်း မရှိဘူး။ လုပ်ငန်းစဉ်တွေလည်း မရှိဘူး။ လွတ်လွတ်လပ်လပ်ပဲ တယောက်ပြီး တယောက်ပြောကြတာ။ တယောက်နဲ့ တယောက်လည်း တော်တော်လေးလည်း ယုံကြည်မှုရပါတယ်။ စောင့်ကြည့်မှုကွန်ရက်ဆိုတာလည်း ကျနော်တို့ကော်မရှင်အနေနဲ့ လက်ခံတယ်။ ဒါမျိုးကရှိသင့်တယ်။ တချိန်ကျရင် ရွေးကောက်ပွဲစောင့်ကြည့်တဲ့ ကွန်ရက်နဲ့ ကျနော်တို့ ကော်မရှင်နဲ့တောင် ညှိနှိုင်းပြီး ပူးပေါင်းပြီး လုပ်ငန်းတချို့တောင် လုပ်နိုင်မလားမသိဘူး။ လုပ်ငန်းတချို့ဆိုတာက ပြည်သူကို ပညာပေးတာပေါ့။ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ပေါ့။ အဲလိုမျိုး good results တွေလည်း နောင်မှာ ပေါ်လာနိုင်စရာ ရှိတယ် လို့ မြင်တာပေါ့။ “နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးခဲ့တာလည်း တော်တော်လေးကောင်းပါတယ်။ ပါတီအနေနဲ့ကလည်း အခုမှ ဥက္ကဋ္ဌကြီးနဲ့ တွေ့ဆုံဆွေးနွေးတာ ဒုတိယအကြိမ်ဆိုတော့ သူတို့လည်းပြောစရာအများကြီး ရှိတယ်။ ပါတီတွေနဲ့ ပတ်သက်ပြီးတော့လည်း ကော်မရှင်အနေနဲ့က အားပေးတဲ့ သဘောပေါ့နော်။ အထူးသဖြင့် ပါတီငယ်လေးတွေ သူတို့အပေါ်မှာလည်း ကော်မရှင်က အနာဂတ်မှာ ကြည့်ရှုမယ့် သဘော၊ အားပေးမယ့် သဘောလေးတွေလည်း တွေ့ရပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အရင် ပြီးခဲ့တဲ့ မဲစာရင်းနဲ့ ပတ်သက်လို့ နာမည်တော်တော်လေး ထွက်လာခဲ့တာပေါ့။ ကြားဖြတ်မှာ မဲစာရင်းလုပ်တာ။ ဒါတွေနဲ့ပတ်သက်လို့ အားနည်းချက်တွေကိုလည်း  လုံးဝ ပြန်လည် ပြုပြင်ဖို့လည်း ဥက္ကဋ္ဌကြီးအနေနဲ့ စဉ်းစားထားပြီးသား။ ဘယ်လိုပြုပြင်မယ်ဆိုတာကိုလည်း နိုင်ငံရေးပါတီတွေကို ချပြထားပြီးသား။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း ကြားဖြတ်ရွေးကောက်ပွဲထက် ကောင်းမွန်တဲ့ ရွေးကောက်ပွဲ တခု ပေါ်ပေါက်လာလိမ့်မယ်လို့ မြင်ပါတယ်။” ကော်မရှင်ဥက္ကဋ္ဌနဲ့ တွေ့ဆုံပွဲတက်ခဲ့တဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင် ကိုနေမျိုးဝေကလည်း နားလည်မှုပိုရအောင် တွေ့ကြတဲ့ပွဲလို့ အခုလို ပြောပါတယ်။ [caption id="attachment_15084" align="alignleft" width="234" caption="ဦးနေမိုးဝေ"][/caption] “တယောက်နဲ့တယောက် နားလည်မှုပိုရအောင်၊ ကော်မရှင်နဲ့ ပါတီတွေကြားမှာ နားလည်မှုပိုရအောင် ဆွေးနွေးတဲ့ သဘောများဖြစ်ပါတယ်။ ခေါင်းစဉ်နဲ့ဖော်ပြပြီး ဆွေးနွေးကြသလိုမျိုးမဟုတ်ဘဲနဲ့ အကြမ်းဖျင်း ရွေးကောက်ပွဲကော်မရှင် နဲ့ ပါတီတွေကြားမှာရှိတဲ့ ဆက်ဆံရေး ဒါတွေဆွေးနွေးကြ တာပါ။” ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ရွေးကောက်ပွဲ စောင့်ကြည့်မှုကွန်ရက် ၈၈ မျိုးဆက်ကျောင်းသားတို့ တွေ့ဆုံခဲ့ရာမှာ ပြည်သူကို ရွေးကောက်ပွဲ အသိပညာပေး လုပ်ဆောင်သွားဖို့ ဆွေးနွေးခဲ့တယ်ဆိုတဲ့ အပေါ် ၈၈ မျိုးဆက်ကျောင်းသား ဦးပြုံးချိုက အခုလို ပြောပါတယ်။ [caption id="attachment_24913" align="alignright" width="283" caption="ဦးပြုံးချို"][/caption] “ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေကို ပြန်ကြည့်မယ်ဆိုရင် ကျနော်နိုင်ငံမှာ ပြည်သူလူထုက မဲတွေသာထည့်လိုက်ကြတယ်။ မဲထည့်ပြီးနောက်ပိုင်း ဖြစ်လာတဲ့ ရွေးကောက်တဲ့မြှောက်ခံရတဲ့ ပုဂ္ဂိုလ်တွေနဲ့ပတ်သက်လို့၊ နောက်ပြီးတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေရဲ့ အားနည်းချက် အားသာချက်တွေနဲ့ ပတ်သက်လို့ အာရုံစိုက်မှု တော်တော်နည်းနေတာကို သွားတွေ့ရတယ်။ ဝေးလံတဲ့နေရာဒေသတွေမှာဆိုရင် ဒါကို အလေ့အထ တခုလိုသာ ဖြတ်သန်းခဲ့ကြတယ်။ ဒီမိုကရေစီမှာ ရွေးကောက်ပွဲရဲ့ အခန်းကဏ္ဍက အင်မတန်အရေးကြီးတယ်၊ ရွေးကောက်ပွဲရဲ့ အဆုံးအဖြတ်တွေဟာ ဒီသက်တမ်းတခုအတွင်းမှာ အခိုင်အမာ စမ်းသပ်နိုင်မှု နည်းလမ်းတွေ အများကြီးရှာဖွေရမယ်။ အဲနည်းလမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိဖို့လိုတယ်။ ဒါကြောင့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးရေးကိစ္စတွေမှာ ကျနော်တို့ တတ်နိုင်သလောက် ရုပ်မြင်သံကြားဌာနတွေကရော၊ ရေဒီယိုဌာနတွေကရော၊ နိုင်ငံမှာ ထုတ်ဝေနေတဲ့ သတင်းစာတွေကရော၊ ကျောင်းတွေမှာရော အစရှိတဲ့နေရာအားလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနိုင်မယ်ဆိုရင် ပိုထိရောက်နိုင်တယ်။ ” ပြည်သူတွေ အာရုံစိုက်မှုနည်းပါးတယ် ဆိုတာ ဘာကို ဆိုလိုတာလဲလို့ မေးမြန်းရာမှာ ဦးပြုံးချိုက အခုလိုပြောပါတယ်။ “ဒီမိုကရေစီ နိုင်ငံတခုကို သွားမယ်ဆိုရင် ရွေးကောက်ပွဲတခုကို ဖြတ်သန်း ရမယ်။ ရွေးကောက်ပွဲကို ဖြတ်သန်းပြီး တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေဟာ တိုင်းပြည်အတွက် တကယ် အလုပ်လုပ်တဲ့ ကိုယ်စားလှယ်တွေဖြစ်ရမယ်။ လူထုအကျိုးစီးပွားအတွက် ထမ်းရွက်နေဆဲလူတွေဖြစ်ရမယ်။ သို့သော်လည်း ဒီအချိန်မှာ ရွေးချယ်ခံရတဲ့သူ တော်တော်များများဟာ ပြည်သူထဲပြန်ဆင်းပြီး ပြည်သူတွေအခက်အခဲကို ကိုယ်စားပြုတင်ပြချက်တွေက အင်မတန်အားနည်းနေတာ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ထိတွေ့တဲ့ ပြည်သူလူထုရဲ့ ကျနော်တို့ကို တိုက်ရိုက်ပြောရဲတယ်၊ နီးနီးကပ်ကပ် တင်ပြတယ်၊ ရင်ဖွင့်တယ်။ အဲလိုမျိုး သူတို့ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေ၊ နောက် ပြည်နယ်နဲ့ တိုင်းအသီးသီးရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို ပိုပြီး ဒီအလုပ်တွေ စေခိုင်းနိုင်မယ်ဆို ပိုပြီး ထိရောက်မှု ရှိနိုင်သလို၊ ဒီလူတွေဟာလည်း သက်ဆိုင်ရာရောက်ရှိနေတဲ့ လွှတ်တော်တွေမှာ အချက်အလက်တွေကို မကွယ်မ၀ှက်ဘဲနဲ့ ထိထိရောက်ရောက် တင်ပြနိုင်မယ်ဆိုရင် ပြည်သူရဲ့ စီးဆင်းမှု၊ လွှတ်တော်ထဲကို ရောက်ရှိမှုအသံတွေဟာ ပိုပြီး ထိရောက်နိုင်မယ်။ ပိုပြီး မှန်ကန်တဲ့အချက်အလက်တွေ ရရှိနိုင်တယ်။” “သို့သော် ဒီနေ့တွေ့ရတာက လူထုက သူရွေးချယ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြန်ပြီး ချဉ်းကပ်တာ၊ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူလူထုကို ဆင်းသက်နားထောင်တာ အင်မတန်နည်းတာတွေ့ရလို့ ဒီအလေ့အထတခုဟာ စနစ်ကြီးတခုမှာ အလေ့အကျင့်ကောင်းတခုအဖြစ် မရသေးတာ သွားတွေ့ရတယ်။” ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီတွေ ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့တွေ နောင်မှာ ၁ နှစ်  ၃-၄ ကြိမ် တွေ့ဆုံဆွေးနွေး သွားကြဖို့ ရှိတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024