မိုင်းဖုန်းဆရာတော်ပြောပြတဲ့ ငယ်ဘဝအကြောင်း
နန်းမြနဒီ
·
January 22, 2019

ထိုင်း၊ မြန်မာ၊ လာအိုနဲ့ ဘူတန်နိုင်ငံတွေက သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တွေ ပေးအပ်ချီးမြှင့်ခြင်းခံရပြီး လူအများက ကြည်ညိုလေးစားတဲ့ တာချီလိတ် ရွှေတြိဂံဒေသ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရဟာ သူ့ရဲ့ ငယ်ဘဝဇာတ်ကြောင်းနဲ့ ပတ်သက်ပြီး ဒကာ ဒကာမတွေကို ပြန်ပြောပြတဲ့ အသံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
အဆိုပါ အသံဖိုင်မှာ ဆရာတော်က သူမွေးဖွားစဉ်ကစပြီး ကိုရင်လေးဘဝ ရောက်တဲ့ထိ မှတ်မိသမျှတွေကို ရှမ်းဘာသာနဲ့ ပြောပြထားပါတယ်။
Shan Video News က ယူကျုပေါ်တင်ထားတဲ့ ၁၅ မိနစ်ခန့်ကြာ အသံဖိုင်ထဲမှာ ဆရာတော်ဟာ သူ့အနေနဲ့ မျက်နှာမရချင် (နာမည်မကြီးချင်) ကြောင်း၊ ရှိတဲ့မျက်နှာတခုလေးမှာတောင် မျက်နှာသစ်ရမှာ ပျင်းသေးတယ်လို့ ဟာသနှောပြီး ပြောပါတယ်။
ဆရာတော်ကို လူတွေက မိုင်းဖုန်းဆရာတော်လို့ ခေါ်ကြပေမယ့် အမည်ရင်းက ဝုန်းစုမ့် ဖြစ်ပါတယ်။ ဆရာတော်ရဲ့ မိဘနှစ်ပါး စိုင်းခမ်းလာနဲ့ နန်းဆိုင်လာတို့ဟာ ဆင်းရဲပြီး ဆရာတော်ကို မွေးဖွားချိန် ပြာသိုလဆန်း ၃ ရက် အင်္ဂါနေ့မှာ အချိန်အခါမဟုတ် မိုးတွေရွာသွန်းကာ တဲခေါင်မိုးပေါ်ကနေ မိုးရေတွေ တစိမ့်စိမ့်ယိုကျလာလို့ အဲဒီအဓိပ္ပါယ်ရတဲ့ ဝုန်းစုမ့်ဆိုတဲ့ အမည် တွင်ခဲ့တာလို့ ဆိုပါတယ်။
ဆရာတော်ရဲ့ မိဘဘိုးဘွားတွေကတော့ မြန်မာနိုင်ငံအရှေ့ပိုင်း မိုင်းယောင်းမြို့နယ်ဘက်ကဖြစ်ပြီး မိဘတွေက တာချီလိတ်ခရိုင် မိုင်းဖုန်းဘက်ဆင်းလာကာ ထိုင်းဘက်ခြမ်းမှာ အလုပ်သွားလုပ်စဉ် ဆရာတော်ကို မိုင်းဖုန်းနဲ့ ဆက်စပ်နယ်မြေဖြစ်တဲ့ ချင်းရိုင်းခရိုင် မဲ့ကျန်းမြို့နယ် ဘန့်တိုက်ကျေးရွာမှာ မွေးဖွားခဲ့ပါတယ်။
ဆရာတော် ၆ လသားအရွယ်မှာ ဖခင်ဖြစ်သူ စိုင်းခမ်းလာ (၂၅ နှစ်) က ဝမ်းကိုက်ရောဂါနဲ့ ကွယ်လွန်သွားပြီး မိခင်မုဆိုးမက အငှားကောက်စိုက်၊ စပါးရိတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဆရာတော်ဟာ ငယ်စဉ်ကတည်းက ထမင်းကို ငှက်ပျောသီး၊ ကြံသကာ၊ ဟင်းရွက် စတာတွေနဲ့ပဲ စားခဲ့ပြီး အသားငါးကို စားလို့မရကြောင်း၊ အခြားသံဃာတွေနဲ့အတူ ဆွမ်းဘုဉ်းပေးရတဲ့အခါ တခါတလေ မလွှဲမရှောင်သာ သားငါးတွေပါလာလို့ မိုင်းနောင်ဆရာတော်ကြီးက ရှိတာနဲ့ ဖြစ်အောင်စားတတ်ဖို့ သွန်သင်ထားပေမယ့် အသားငါးတွေက ဆရာတော်နဲ့ ဓာတ်မတည့်ကြောင်း၊ အနံ့တောင် ခံလို့မရဘူးလို့ ပြောပါတယ်။
ဆရာတော် ၃ နှစ်သားလောက်မှာ မိခင်၊ အဘွားတို့နဲ့အတူ ချင်းမိုင်ကို ပြောင်းလာကြကြောင်း၊ ချင်းမိုင်ဆိုပေမယ့် မြို့ထဲမှာမဟုတ်ဘဲ တောတောင်အနီး ရွာတရွာမှာသာ နေရကြောင်း၊ သူတို့တဲအိမ်ဟာ ခေါင်းရင်းဘက်ခြမ်းပဲ နံရံရှိပြီး အိမ်ကနေ တခါတခါ ကျားဟိန်းသံ၊ တောခွေးဟောင်သံတွေပါ ကြားရတယ်လို့ ဆိုပါတယ်။
ဆရာတော်တို့ မိသားစုဟာ ဆင်းရဲလွန်းတာကြောင့် အဝတ်တထည် ကိုယ်တခုစီနဲ့ မိသားတစုလုံးမှာ စောင်အနီလေးတထည်သာ ရှိကြောင်း၊ အဘွားနဲ့အတူပါလာတဲ့ ညီဝမ်းကွဲနဲ့ စောင်ကို အမြဲတမ်း ဟိုဘက်ဒီဘက် ဆွဲလုခြုံပြီး ဆောင်းတွင်းဆို မီးဖိုဘေးမှာပဲ ကွေးပြီး အိပ်ခဲ့ရတယ်လို့ ပြောပါတယ်။
အဲဒီမှာ အဘွားဖြစ်သူ ဆုံးပါးသွားတော့ မိခင်တယောက်တည်း ရုန်းကန်ရှာဖွေရကြောင်း၊ မိခင်က မုဆိုးတယောက်နဲ့ နောက်အိမ်ထောင်ပြုကာ ကလေး ၂ ယောက် ထပ်ရကြောင်း၊ ဒါပေမယ့် အငယ်မလေးက ၂ နှစ်အရွယ်မှာ ခွေးကိုက်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။
မုဆိုးမှာ အသားမပါရင် ထမင်းမစားတတ်ဘဲ ဆရာတော်မှာတော့ အသားစားလို့မရကြောင်း၊ တနေ့ မိခင်က ဆရာတော်စားနိုင်အောင် မုန်ညင်းဟင်းချက်ရာမှာ မုဆိုးက အသားမပါလို့ စိတ်ဆိုးပြီး ဟင်းပန်ကန်နဲ့ ကောက်ပေါက်ရာ ခေါင်မိုးပေါ်မှာ ဟင်းဖတ်တွေ တွဲခိုကုန်တယ်လို့ ဆိုပါတယ်။
ဆရာတော်တို့ မောင်နှမမှာ ပထွေးမုဆိုးရဲ့ ရိုက်နှက်တာလည်း အမြဲခံရလို့ မိခင်မှာ စိတ်ဆင်းရဲပြီး စိတ်ဝေဒနာသည်လို ဖြစ်လာကြောင်း၊ စားစရာ ခက်ခဲလာလို့ ဆရာတော်တို့ မောင်နှမမှာ ဝမ်းရေးအတွက် ရွာထဲ လိုက်လံတောင်းစားရကြောင်း၊ တချို့က ပေးကမ်းပြီး တချို့က ငြိုငြင်ကာ ခွေးနဲ့ရှူးတိုက်တာလည်း ခံခဲ့ရတယ်လို့ ပြောပါတယ်။
အဲဒီနောက် ဆရာတော်တို့မိသားစု ချင်းမိုင်ကနေ ချင်းရိုင်းကို ပြန်ပြောင်းလာကြောင်း၊ ကျောက်ငရုတ်ဆုံတခုကို ဘတ် ၄၀ နဲ့ ရောင်းချပြီး လမ်းစရိတ်လုပ်ခဲ့ကြောင်း၊ လမ်းစရိတ်ပြတ်တော့ သူများကို တောင်းပန်ပြီး ကားအလကား လိုက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဆရာတော်တို့ ကျိန်းဆဲန် (ချင်းရိုင်းခရိုင်) မှာ ပြောင်းလာပြီး မကြာခင် ပထွေးဖြစ်သူလည်း ရောဂါနဲ့သေဆုံးပြီး ရောဂါသည် မိခင်မှာလည်း ကလေးတွေကို မကျွေးနိုင်လို့ ကလေးတွေကို ဆွေမျိုးတွေဆီ ခွဲဝေမွေးစားစေခဲ့ကြောင်း၊ ဆရာတော်မှာ ဘကြီးနဲ့ လိုက်သွားရပြီး ဘန့်တိုက်ကျောင်းတိုက်မှာ ကပ္ပိယလုပ်ခဲ့ကာ ထိုင်းကျောင်းကိုလည်း ၄ တန်းထိ နေခဲ့ရပါတယ်။
ဆရာတော် ၁၁ နှစ်သားအရွယ်မှာ ကိုရင်ဝတ်ပြီး မိုင်းဖုန်းကို ပြန်ပြောင်းလာကြောင်း၊ ကိုရင်ငယ်ဘဝကစ အရွယ်နဲ့မလိုက်အောင် တရားထိုင်ခြင်း၊ ဘာဝနာပွားခြင်းတွေပြုပြီး နားထဲမှာ ဘုရားစာတွေ အလိုလိုကြားရကြောင်း၊ နမိတ်ရတာတွေလည်းရှိလို့ ထူးခြားတဲ့ ကိုရင်လေးအဖြစ် လူတွေရဲ့ ကြည်ညိုမှုကို ခံရပြီး လူသိများလာပါတယ်။
အသက် ၁၂ နှစ်အရွယ်မှာ ချင်းမိုင်သို့ ပင့်ဆောင်ခြင်းခံရပြီး အမျိုးမျိုး မေးမြန်း စမ်းသပ်ခံရကြောင်း၊ တချို့က ပျံလွန်သွားတဲ့ ဟိုဆရာတော် ဒီဆရာတော် ဝင်စားတာလို့လည်း ပြောကြောင်း၊ ဆရာတော်မှ မိမိကိုယ်မိမိ အံ့သြမိတာဟာ တချို့မေးခွန်းတွေမှာ သူ့အလိုလို ဖြေထွက်သွားပြီး မှန်ကန်နေလို့ ထိုစဉ်က ချင်းမိုင်မြို့စားကိုယ်တိုင် ခူးဝါးနွဲ့ (ဆရာတော်လေး) အဖြစ် အသိအမှတ်ပြုခဲ့တယ်လို့ ပြောပါတယ်။
ဆရာတော် နာမည်မကြီးခင် ကိုရင်လေးဘဝက မြန်မာဘက်ကိုပြန်တော့ ထိုင်းကိုရင်ဆိုပြီး ပြည်သူ့စစ်တွေက မြန်မာပြည်ထဲ အဝင်မခံကြောင်း၊ ဆရာတော်ရဲ့ တရားဒေသနာ ကြိုးစားအားထုတ်မှုတွေကြောင့် အခုဆိုရင် ဘယ်နိုင်ငံသွားသွား အနှင်မခံရတော့ဘဲ ထိုင်းနိုင်ငံရော ဘူတန်နိုင်ငံကပါ နိုင်ငံသားအဖြစ် လက်ခံတယ်လို့ ဆရာတော်က မိန့်ပါတယ်။
အခုလို ငယ်ငယ်က ဆင်းရဲခဲ့တဲ့အကြောင်းတွေ ပြန်ပြောတာကို တချို့က ဝေဖန်ကြမယ်ဆိုပေမယ့် ဆရာတော်အနေနဲ့ အရှိကိုအရှိတိုင်း ပြောတာဖြစ်ကြောင်း၊ သူ့ဘဝဟာ ငယ်ငယ်ကလည်း တောင်းရမ်းစားသောက်ပြီး အခုလည်း တောင်းစား (ဆွမ်းခံ) စားနေရကြောင်း၊ သူ့မှာ ရွှေငွေလည်း မလိုအပ်၊ သေရင်လည်း ပါသွားမယ့်အရာမဟုတ်၊ ဒါကြောင့် လှူသမျှအရာတွေ အားလုံး ပြန်လည်စွန့်ကြဲရခြင်းဖြစ်ကြောင်း ပြောပါတယ်။
အခု ဒကာ ဒကာမတို့ လှူထားတဲ့ဗန်းထဲက ငွေတွေလည်း ပြန်စွန့်ကြဲကြောင်း၊ ဆရာတော်ဟာ ဒကာတို့ဆီက ငွေကို အလိုမရှိဘဲ နှလုံးသားထဲက မေတ္တာတရားသာ အလိုရှိကြောင်း မိန့်ကြားသွားပါတယ်။
မိုင်းဖုန်းဆရာတော်ဟာ လူသူမနီး တောထဲတောင်ထဲ၊ ဂူထဲတွေမှာ တရားထိုင်လေ့ရှိပြီး နီပေါနိုင်ငံ ဟိမဝန္တာတောင်တန်းထိလည်း သွားရောက် တရားထိုင်ခဲ့ဖူးပါတယ်။
ဆရာတော်ဟာ ကိုရင်လေးဘဝကတည်းက အလှူအတန်းတွေ ပြန်လည်စွန့်ကြဲခြင်း၊ ဘုရားကျောင်းကန်စေတီ တည်ထားကိုးကွယ်ခြင်းတွေ ပြုပြီး ထိုင်း၊ မြန်မာ၊ ရှမ်း၊ လိရှမ်း၊ တရုတ်၊ ဘူတန် ဘာသာစကားတွေနဲ့ တရားဟောတတ်ပါတယ်။
မြန်မာနိုင်ငံ အစိုးရက ဆက်ကပ်တဲ့ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့နဲ့ အဂ္ဂမဟာ ကမ္မဌာနာစရိယ (ကမ္မဋ္ဌာန်းနည်းပြ ပထမဆင့်) ဘွဲ့တွေရရှိခဲ့ပြီး လက်ရှိ သက်တော် ၅၆ နှစ်ရှိပြီ ဖြစ်ပါတယ်။
နှစ်စဉ် ဇန်နဝါရီလ ၅ ရက်နေ့ရောက်တိုင်း ဆရာတော်ရဲ့မွေးနေ့ ပူဇော်ပွဲကို တာချီလိတ်ခရိုင် မိုင်းဖုန်းမြို့နယ် လွယ်လိန်းကျောင်းတိုက်မှာ ကျင်းပရာ အနယ်နယ်အရပ်ရပ်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ သွားရောက်ဖူးမြော်ကြပါတယ်။