လျှပ်တပြက် ကလော
DVB
·
October 30, 2018
သီတင်းကျွတ်အားလပ်ရက် လည်လည်ထွက်မယ်ကြံတော့ ရှမ်းပြည်နယ်တောင်ပိုင်းက ပင်လောင်းမြို့ကို အခြေတည်ပြီး ခရီးထွက်ဖို့ စဉ်းစားဖြစ်တယ်။ ပင်လောင်းက နယ်စပ်ဖွံ့ဖြိုးရေးကျောင်းတကျောင်းမှာ အခြေကျနေတဲ့ သားချင်းတယောက်ရှိတာကြောင့် ဒီလိုစဉ်းစားရတာဖြစ်ပြီး သားချင်းဖြစ်သူက လာလည်ဖို့ အတန်တန်ဖိတ်နေတာလည်း ကြာပြီမို့ ပင်းလောင်းဘက် ခရီးထွက်ဖြစ်တယ်။ ရုံးပိတ်ရက်ရှည်တွေဆို ကားလက်မှတ်ခက်၊ တည်းခိုရေး ခက်လေ့ရှိတာကြောင့် ပင်လောင်းမသွားခင် ဆယ်ရက်အလိုလောက်ကတည်းက အဝေးပြေးကားလက်မှတ်နဲ့ တည်းမယ့်ဟိုတယ်ကို ကြိုတင်ဘွတ်ကင်လုပ်ရတယ်။ ဒါတောင်မှ ကားလက်မှတ်ဖိုးရော ဟိုတယ်ခပါ ပုံမှန်အချိန်တွေထက် အနည်းငယ်ပိုယူကြတာ တွေ့ကြုံခဲ့ရပြီး ဒီတချက်ကိုတော့ ပြည်တွင်းခရီးသွားလုပ်ငန်းမှာ ပြင်စရာဖြစ်တယ်။ ညနေ ၄ နာရီထွက်မယ်ဆိုတဲ့ ရန်ကုန်-လွိုင်ကော် အဝေးပြေးဘတ်စ်ကားက ၄ နာရီခွဲပြီးလို့ ၅ နာရီထိုးခါနီးမှ အောင်မင်္ဂလာကားဂိတ်က ထွက်ပြီး ပင်လောင်းကို နောက်တနေ့မနက် ၄ နာရီခွဲမှာ ရောက်တယ်။ အဝေးပြေးလမ်းတလျှောက် နားခဲ့တဲ့ စားသောက်ဆိုင်နေရာတွေမှာ ထားတဲ့ သန့်စင်ခန်းတွေ သန့်ရှင်းသပ်ယပ်သလို အထူးသဖြင့် အောင်ပန်း-ကလော လမ်းဆုံက ဓာတ်ဆီဆိုင်ဝင်းထဲမှာရှိတဲ့ သန့်စင်ခန်းဟာ တော်တော့်ကို အဆင့်မြင့်တာ သတိထားမိတယ်။ လေတဖြူးဖြူးနဲ့ အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ် ကြိုဆိုနေတဲ့ ပင်လောင်းမြို့ဟာ လွယ်မွေတောင်တန်းတောင်ခြေမှာ တည်ရှိပြီး တောင်ခြေက ဟိုတယ်လေးကလည်း နွေးနွေးထွေးထွေးရှိတယ်။ တရေးတမောအိပ် နားပြီး ရေပူရေအေးစပ် ရေချိုးချလိုက်တော့ တညလုံး ကားစီးခဲ့ရတဲ့ ပင်ပန်းညောင်းညာမှုတွေ ပြေပျောက်ပြီး လူကို လန်းဆန်းသွားစေတော့တယ်။ ပင်လောင်းကောင်းကင်မှာ မိုးတိမ်တွေတွေ့လို့ ဖုန်းထဲကနေ မိုးလေဝသသတင်း ဖတ်ကြည့်လိုက်တော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေပြီး ရှမ်းအရှေ့နဲ့ ရှမ်းတောင်မှာ မိုးရွာမယ်လို့ မိုးလေဝသဌာနက ခန့်မှန်းဖော်ပြထားတယ်။
ဒေသခံသားချင်းမိသားစုက ဒီနေ့တော့ ကလောဘက်သွားလည်ကြရအောင်ဆိုပြီး ဟွန်ဒါဖစ်ဆိုတဲ့ ကားလေးနဲ့ လာခေါ်လို့ မနက်စာစားပြီး ကလောဘက် ထွက်ခဲ့ကြတယ်။ ကလောဆိုတဲ့ နာမည်ကြီးမြို့လေးကို ဟိုးလွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်လောက်က ကားနဲ့ဖြတ်သန်းခဲ့ဖူးရုံပဲရှိပြီး မြေနီနီတွေနဲ့ သာယာလှပအေးချမ်းတဲ့မြို့လို့ မှတ်သားဖူးတယ်။ အဆိုတော်ကိုကြည်တိုးရဲ့ ကလောအလွန်တဘူတာ သီချင်းနဲ့ အလားတူ ကလောအလွန်တဘူတာဆိုတဲ့ ရုပ်ရှင်လည်း နာမည်ကြီးတယ်။ ၁၉၇၀ ကျော်ကာလတွေက မြန်မာရုပ်ရှင်ဇာတ်ကားတွေ ကြည့်လိုက်ရင် အင်မတန်လှပတဲ့ ကလောအခြေခံ ရှမ်းပြည်တဝိုက်ကို နောက်ခံထားပြီး ရိုက်ကူးပြသလေ့ရှိတော့ ရှမ်းပြည်ဆိုတာဟာ ရုပ်ရှင်ကြိုက်ပရိသတ်တွေအတွက် စိမ်းမနေဘူး။ ဒီလိုပဲ ၁၉၈၀ တဝိုက်က လုံးချင်းဝတ္ထုတွေ ဖတ်လိုက်ရင်လည်း ရှမ်းပြည်နယ်ကို အခြေခံပြီး ရေးဖွဲ့လေ့ရှိတာကြောင့် ရှမ်းပြည်နယ်ဟာ စာဖတ်ပရိသတ်နဲ့ အကျွမ်းတဝင်ရှိလှတယ်။
အဲ့ဒီအချိန်တွေတုန်းကတော့ ရှမ်းပြည်နယ်ဘက် ခရီးထွက်ဖို့ အခွင့်အရေးဆိုတာ လူတိုင်းအတွက် မဖြစ်နိုင်တာကြောင့် ရုပ်ရှင်တွေကြည့် ဝတ္ထုတွေဖတ်ပြီးတော့ပဲ ရှမ်းကို ရော်ရမ်း မျှော်မှန်းကြည့်ခဲ့ရတာပေါ့။ ဟော ခုတော့ ကိုယ်တိုင်ရောက်ရပြီ။ ပင်လောင်း-ကလောသွား လမ်းပေါ်မှာ ပထမဆုံး သတိထားမိတာ တခုကတော့ လမ်းဘေးဝဲယာတလျှောက်က အိမ်တွေပဲဖြစ်ပြီး ငယ်ငယ်က ကစားလည်းကစား စားလည်းစားခဲ့ဖူးတဲ့ ဝေဖာအိမ်လေးတွေ ပြေးမြင်မိတယ်။ လမ်းဘေးဝဲယာတလျှောက်မှာ ရောင်စုံဝေဖာနှစ်ထပ်အိမ်လေးတွေ အစီအရီ မြင်တွေ့ရပြီး အိမ်တိုင်း တပုံစံတည်းဖြစ်လို့ ဒေသခံက ဒီဘက်မှာ အိမ်ဆောက်တဲ့ အင်ဂျင်နီယာ တယောက်ပဲရှိတယ်လို့ အရွှန်းဖောက်တယ်။ ထူးတာတခုကလည်း အိမ်တိုင်းလိုလိုမှာ အိမ်ဝင်ပေါက်သုံးပေါက် ဖောက်ထားသလို အိမ်ပေါ်ထပ်မှာ ပြတင်းပေါက်လေးပေါက် ဖောက်ထားကြတယ်။ တခါ အိမ်ဘေးနှစ်ဖက်မှာလည်း ပြင်တင်းပေါက် သုံးပေါက်စီ ဖောက်ထားပြန်တာကြောင့် တအိမ်တအိမ်မှာ ပြတင်းပေါက်ပေါင်း ဆယ်ပေါက်ရှိတာ တွေ့မြင်ခဲ့ရတယ်။
တောင်ပတ်လမ်း တောင်တက်လမ်း တောင်ဆင်းလမ်းတွေနဲ့ ပင်လောင်း-ကလော လမ်းတလျှောက် အင်မတန်လှပတဲ့ ရှုခင်းတွေ
တွေ့မြင်ရပြီး အတူပါလာတဲ့ သမီးက ဓာတ်ပုံဆင်းရိုက်မယ်ချည်း လုပ်နေလို့ အပြန်ကျမှ ရိုက်ပါလို့ တားယူရတယ်။ ပင်လောင်းကထွက်လာပြီး တနာရီလောက်ရှိတော့ လမ်းဘေးမှာ ဒေသခံ တိုင်းရင်းသားဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ဈေးရောင်းဈေးဝယ်တွေနဲ့ စည်ကားနေတဲ့ ဈေးလေးတခု တွေ့မြင်ရပြီး တီကျစ်ဈေးနေ့လို့ ဆိုတယ်။ စာရေးဆရာမြသန်းတင့်ရဲ့ ခရီးသွားဆောင်းပါးတွေထဲ ဖတ်ရလေ့ရှိတဲ့ ဈေးနေ့ပါလားဆိုတဲ့ အတွေးနဲ့ ကားရပ်ပြီး ဝင်လေ့လာဖြစ်ကြတယ်။ (ဒီဘက်ခေတ်တော့ တီကျစ်ဆိုတဲ့ အသံကြားရင် တီကျစ်ကျောက်မီးသွေးစက်ရုံကြောင့် ပတ်ဝန်းကျင်ထိခိုက်လို့ ဒေသခံတွေ ကန့်ကွက်ဆန္ဒပြဆိုတာမျိုး ကြားရလေ့ရှိတယ်)။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲပါတဲ့ ပင်လောင်းမြို့နယ်ထဲက တီကျစ်ဈေးနေ့မှာ ဈေးရောင်းတဲ့သူတွေက ပအိုဝ်းတိုင်းရင်းသားတွေချည်း ဖြစ်သလို ဈေးဝယ်နေတဲ့သူ အများစုကလည်း ပအိုဝ်းတိုင်းရင်းသား အများစုဖြစ်တာ တွေ့ရတယ်။ ဒေသထွက် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေ ရောင်းချနေကြတာ တွေ့မြင်ခဲ့ရပြီး ရန်ကုန်ဈေးနဲ့ယှဉ်ကြည့်ရင် ဈေးထက်ဝက်လောက်ကွာသလို လတ်ဆတ်ပုံကလည်း ယှဉ်မရနိုင်ဘူး။ ဈေးနေ့ကို ရောက်သွားချိန်က ၁၁ နာရီလောက် ရှိသွားပြီမို့ ဈေးကွဲသလောက် ဖြစ်နေပေမယ့် ပလိုင်းကိုယ်စီလွယ်လို့ ဈေးဝယ်နေကြတဲ့ ပအိုဝ်းပျိုဖြူတသိုက်လည်း ဈေးထဲ ဈေးဝယ်နေကြတုန်း၊ ကလေးတန်းလန်းနဲ့ ဈေးဝယ်ပြီး အမောဖြေနေတဲ့ ပအိုဝ်းအမျိုးသမီး တွေ့ခဲ့ရသလို ကားနဲ့ အုပ်စုလိုက် ရွာပြန်ဖို့ပြင်နေတဲ့ ပအိုဝ်းအမျိုးသမီးတွေလည်း တွေ့မြင်ခဲ့ရတယ်။ ဒေသခံအမျိုးသား နည်းနည်းပဲ တီကျစ်ဈေးနေ့မှာ မဆိုစလောက် တွေ့မြင်ခဲ့ရပြီး နည်းနည်းထွေနေကြတာလည်း တွေ့ခဲ့ရတယ်။ ဒေသခံသားချင်းရဲ့ ပြောဆိုချက်အရ တီကျစ်ဈေးနေ့ ပင်လောင်းဈေးနေ့ စတဲ့ ဈေးနေ့ပေါင်း ၅ ခု ပင်လောင်မြို့နယ်ထဲမှာ ရှိပြီး ဈေးဝယ်တွေပဲ ပြောင်းသွားတယ်၊ ဈေးသည်တွေကတော့ ဒီဈေးသည် ဒီဈေးသည်တွေချည်းပဲလို့ သိခဲ့ရတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းက တီကျစ်ဈေးမှာ လော်စပီကာသံ မကြားရ အလှူခံမမြင်ရ ကွမ်းတပျစ်ပျစ်ထွေးနေတာ မတွေ့ခဲ့ရတာလည်း ကုသိုလ်ထူးတယ်။
ကလောတိုးဂိတ်ကိုဖြတ်ပြီး ကလောမြို့ထဲဝင်တော့ ထမင်းစားချိန် ၁၂ နာရီကျော်နေပြီဖြစ်လို့ စားဖို့သောက်ဖို့ဆိုင် အရင်ဆုံးရှာကြရတယ်။ ကလောဈေးရှိတဲ့ ကလောမိန်းလမ်းမပေါ်မှာ စားသောက်ဆိုင်၊ ထမင်းဆိုင်ကြီးတွေ အစီအရီရှိနေကြပြီး ဒီထဲ သုမောင်လို့ နာမည်ပေးထားတဲ့ ထမင်းဆိုင်ကြီးတဆိုင်ဆီ ချီတက်ခဲ့ကြတယ်။ ကိုယ်ကြိုက်တဲ့ စာရေးဆရာ အဆိုတော်မင်းသား သုမောင် နာမည်ကို ကိုယ်ကြိုက်သလို ကြိုက်လို့ နာမည်ပေးထားသလား၊ ဘာလား သေချာမသိခဲ့ရပေမယ့် ကလောက သုမောင်ဆိုင်မှာ ထမင်းစားခဲ့ရတာတော့ မှတ်မှတ်ရရဖြစ်တော့မယ်။ (သုမောင်ဆိုင်လည်း တံခါးလေးပေါက် ပြတင်းပေါက်လေးပေါက်နဲ့ပါ)။ ဆိုင်အောက်ထပ်တထပ်လုံး ထမင်းစားနေတဲ့ ဧည့်သည်တွေနဲ့ ပြည့်နေလို့ ဆိုင်အပေါ်ထပ်တက်ပြီး မှာစားရတယ်။ မြန်မာထမင်းဟင်းအပြင် တရုတ်အစားအစာလည်း မှာစားလို့ရပေမယ့် ရှမ်းရိုးရာအစားအစာတော့ မှာမရဘူး၊ မြန်မာထမင်းဟင်းမှာရင် မြန်မယ်၊ ထမင်းပေါင်းလို အကြော်အလှော်မှာရင်တော့ ကြာမယ်လို့ စားပွဲထိုးကပြောလို့ မြန်မာထမင်းဟင်း မှာကြတယ်။ ဒီထဲ တချို့ကလည်း ထမင်းပေါင်းပဲ စားချင်တယ်ဆိုပြီး မှာစားကြတာ တကယ်လာချတော့ ထမင်းပေါင်းက အရင်ရောက်လာပြီး မြန်မာထမင်းဟင်းက နောက်ကျမှ ရောက်လာလို့ ပြောပြောပြီး ရယ်ခဲ့ကြရသေးတယ်။ လူ ၇ ယောက်မှာစားတာ ၂ သောင်းလောက်ပဲကျလို့ အတူပါလာတဲ့ အိမ်ရှင်မက သဘောကျနေပြီး စားသောက်ပြီးတော့ ဘလက်ကော်ဖီခွက် အသေးလေးတွေ ဖရီးလာချပေးတာလည်း တမျိုးဆန်းခဲ့ပြန်တယ်။ ကလောရာသီဥတုကတော့ ကိုယ်တွေရောက်သွားချိန်မှာ မိုးအုံ့ပြီး အေးစက်နေတယ်။ ရွာမယ်ပြင်နေတဲ့ မိုးတိမ်တွေကြားထဲမှာပဲ ကလောတောင်ပေါ်က နှီးဘုရားဖူး၊ ကလောမြို့လယ်က နာရီစင်နဲ့ ကလောဘူတာသွား ဓာတ်ပုံရိုက်၊ ကလောကို ကားနဲ့ တပတ်ပတ်ခဲ့တယ်။ ကလောမှာ ဟိုတယ်တွေ အမြောက်အမြား တွေ့ခဲ့ရပြီး မြို့ရဲ့ အဓိကလုပ်ငန်းက ခရီးသွားလုပ်ငန်း ဖြစ်လာနေကြောင်း သိရတယ်။ မြင်တွေ့ခဲ့ရသလောက်တော့ ပြည်တွင်းခရီးသွားဧည့်သည်တွေ များပြီး ကမ္ဘာလှည့်ခရီးသွား နည်းတာလည်း သတိထားမိခဲ့တယ်။ ကလောမှာ မြန်မာတရာလောက် လည်ပတ်သွားလာနေတာ မြင်တွေ့ခဲ့ရပြီး ဒီထဲ နိုင်ငံခြားသားက ဆယ်ယောက်လောက်ပဲ တွေ့မြင်ခဲ့ရတယ်။ (မြန်မာ့ခရီးသွားနှစ် ၂၀၁၈ ဆိုပြီး ဆောင်ပုဒ်ထုတ်ရကောင်းနိုးနိုး)။
ကလောကို ဖြတ်သန်းရုံပဲ ဖြတ်သန်းခဲ့ဖူးပြီး အခု ကိုယ်တိုင်ဝင်ရောက်လည်ပတ်ပြီး သတိပြုမိသလောက်တော့ ကလောက မြို့ဆန်နေပြီလို့ ပြောရတော့မယ်။ မြို့က ဧည့်သည်စောင်သည်တွေနဲ့ စည်ကားနေပြီး မြို့ပေါ်မှာ တဝေါဝေါ ဖြတ်သန်းမောင်းနှင်နေတဲ့ အုပ်စုဖွဲ့ ဆိုင်ကယ်တွေလည်း တွေ့မြင်ခဲ့ရလို့ ဧည့်ကောင်းစောင်ကောင်းတွေ ဒီ့ထက်ပိုရောက်လာဖို့ မြို့လုံခြုံရေးကို ပိုတိုးသင့်တယ်၊ စည်းကမ်းကလနားနဲ့ မြို့ဆီရောက်လာမယ့် ဧည့်သည်တွေကို ဒီ့ထက်ပိုပြီး နွေးနွေးထွေးထွေး ကြိုဆိုသင့်တယ်လို့ မြင်တယ်။ (ကလောမြို့နဲ့တူတဲ့အချစ်ဆိုတဲ့ သီချင်းထဲကလို ကလောမြို့လေး အေးချမ်းတာပဲ မြင်လို တွေ့လို ကြားသိလိုလို့ပါ။)
ကလောမြို့ပြင်ထွက်တဲ့လမ်းမှာတော့ ဒေသထွက်ကုန် အသီးအနှံနဲ့ အစားအသောက်ရောင်းတဲ့ ဆိုင်လေးတွေ အစီအရီ မြင်တွေ့ရပြန်တယ်။ မိုးရိပ်တွေ့လို့ ပင်လောင်းဘက် ခပ်သွက်သွက် ပြန်ထွက်ခဲ့ကြပြီး သမီးအလိုကျ ကလောမြို့ဆိုင်းဘုတ်မှာ ကလောမြို့အလွန်က ပန်းရိုင်းအဝါလေးတွေ ကျောက်တောင်တွေနဲ့ လှပတဲ့ရှုခင်းတွေမှာ ရှုမောမဆုံးတဲ့ စိုက်ခင်းလွင်ပြင်တွေမှာ အမှတ်တရဓာတ်ပုံတွေ အမုန်းရိုက်ကြတယ်။ ပြီးတော့ ထုံးစံမပျက် ခုရိုက် ခုတင် ဖေ့စ်ဘွတ်ခ်ပေါ် တင်ကြတယ်။ လမ်းမှာ မြင်းမထိ သဘာဝလိုဏ်ဂူဆိုတာကို ဝင်ကြည့်ကြမယ်လုပ်တော့ မိုးရွာလာပြီး မိုးကြိုးတွေလည်းပစ်တယ်။ မိုးနဲ့လေနဲ့မို့ တလောက ထိုင်းမှာ မိုးကြီးလို့ ရေကြီးနေတဲ့ဂူထဲ ပိတ်မိခဲ့ကြတဲ့ တောဝက်ဘောလုံးသမားလေးတွေအကြောင်း အမှတ်တရပြောပြီး ဂူထဲ လှည့်ပတ်ကြည့်ကြတယ်။ ပေ ၁၀၀၀ ကျော်ရှည်တဲ့ဂူထဲ ဘုရားဆင်းတု ရုပ်ပွားတော်တွေ တောက်လျှောက်တည်ထားတာ တွေ့မြင်ခဲ့ရပြီး ကရင်နဲ့ မွန်ပြည်နယ်ဘက်က ဂူတွေလောက် ဆွဲဆောင်မှုမရှိမှန်း သိခဲ့ရတယ်။ ပင်လောင်းအပြန်လမ်းမှာ ဝေဖာအိမ်လေးတွေနဲ့ ပအိုဝ်းရွာလေးတွေဖြတ်တော့ လတ်ဆတ်အေးမြတဲ့လေက ဆီးကြိုနေပြီး လေသန့်သလို ပတ်ဝန်းကျင်ပါ သန့်ရှင်းနေတဲ့ ရွာလေးတွေကြည့်ပြီး မောင်ကြီးရွာကမပြန်ချင် ဖြစ်ရတယ်။
(လျှပ်တပြက်ကလောလို့ နာမည်ပေးရတာ စာရေးဆရာမင်းကျော်ရဲ့ လျှပ်တပြက်ဂျပန် ဆိုတဲ့ စာအုပ်ကို အားကျပြီးပေးတာပါ။)
ကိုရွှေအောင်


