DVB Logo
Home
Lead Story
တန်ဖိုးသိမှ တန်ဖိုးရှိမည်
DVB
·
June 15, 2018
တန်ဖိုးသိမှ တန်ဖိုးရှိမည်
Donate to DVB

တလောက အွန်လိုင်းမီဒီယာတခုရဲ့ အလုပ်ခေါ်စာကို ဖေ့စ်ဘွတ်ခ်မှာ တွေ့လိုက်ရပါတယ်။ Digital Platform ဖွံ့ဖြိုးလာတာနဲ့အမျှ ဆိုရှယ်မီဒီယာ တော်တော်များများလည်း ပေါ်ထွက်လာတာကတော့ ဝမ်းသာစရာပဲ။

ဒါမှလည်း မျိုးဆက်သစ် သတင်းသမားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ များလာသလို ရွေးချယ်စရာတွေလည်း များလာတာကြောင့်ပါ။ ဒါနဲ့ အဲဒီ အွန်လိုင်းမီဒီယာရဲ့ အလုပ်ခေါ်စာကို ကြည့်မိတော့ အတော်လေး အံ့အားသင့်သွားသလို စိတ်မကောင်းလည်း ဖြစ်မိသွားတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ အလုပ်သမားတဦးရဲ့ အနိမ့်ဆုံးလုပ်ခလစာက တရက်ကို ၄၈၀၀ ကျပ် တရားဝင်သတ်မှတ်ထားတယ်။ အဲဒီအလုပ်ခေါ်စာ ခေါ်တဲ့အချိန်မှာတော့ ၃၆၀၀ ကျပ်ပဲ ရှိသေးတယ်။

သာမန်အလုပ်သမားတယောက်တောင် တရက် ကျပ် ၃၆၀၀၊ တလကို ကျပ် ၁၂၀၀၀၀ ဝန်းကျင် ရနေတဲ့အချိန်မှာ အလုပ်ခေါ်စာမှာ သတင်းထောက်တယောက်ကို တလ ကျပ် ၁၀၀၀၀၀ သာ ပေးနိုင်တယ်ဆိုပြီး ခေါ်ထားတယ်။

သြော် ကျနော်တို့ရဲ့ သတင်းထောက်မျိုးဆက် လူငယ်တွေက ဒီလောက်ပဲ တန်သလား၊ ဒီလိုပဲ သတ်မှတ်ခံရသလားလို့ တဆက်တည်း ​တွေးမိပါတယ်။

တကယ်တော့ လုပ်ငန်းရှင်ဘက်က မမှားပါဘူး။ သူပေးနိုင်တဲ့ ပမာဏက ဒီလောက်ပဲ၊ ကြိုက်ရင်လာလုပ် မကြိုက်ရင် မလုပ်နဲ့ပေါ့။ ဒါက ရွေးချယ်မှုတခုလို့ သတ်မှတ်လို့ ရနိုင်သေးတယ်။

ဒါပေမယ့် သူတို့ အလုပ်ခေါ်စာမှာပါတဲ့ အရည်အချင်း၊ ဘွဲ့ဒီဂရီ သတ်မှတ်ချက်တွေ၊ အခြား တတ်မြောက်တာတွေနဲ့ ကိုယ်ပေးထားတဲ့ ပမာဏဟာ မျှတမှုရှိရဲ့လားလို့ မေးခွန်းထုတ်ရမယ်၊ ပြီးတော့ လူငယ်တွေရဲ့ Professional အလုပ်တခုကို ချိုးနှိမ် ဖျက်ဆီးလိုက်သလိုပါပဲ။

အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှာ သတင်းအတတ်ပညာ ဘာသာရပ်ကို သင်ယူနေတဲ့ ကျောင်းသူတဦးက “လိုချင်တဲ့ အရည်အချင်းနဲ့ ပေးနိုင်တဲ့လစာက အရမ်းကို ကွာဟလွန်းတယ်။ ညီမတို့ဆို အခု မီဒီယာနဲ့သက်ဆိုင်တဲ့ ကျောင်းတက်နေတယ်။ ဘာပဲဖြစ်ဖြစ် ဒီဘွဲ့ကိုယူထားတယ် ဆိုရင်တော့ ဒီဟာနဲ့သက်ဆိုင်တဲ့ အလုပ်ကို လုပ်ချင်လို့ပဲ။ ဒါပေမယ့် အလုပ်ခေါ်စာတွေမှာ ဒီလို လစာမျိုးတွေ မြင်နေရတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ။ ဒါ့ကြောင့် တခြားကုမ္ပဏီက အလုပ်တွေကို ပြောင်းလုပ်ရမလို ဖြစ်နေပြီ။ Professional Work အတွက် အာမခံချက် မရှိဘူး” လို့ ပြောပါတယ်။

တကယ်တော့ လူ့အဖွဲ့အစည်းမှာ ဘယ်အလုပ်မဆို ထူးခြားမြင့်မြတ် ကြီးကျယ်မှုဆိုတာ မရှိပါဘူး။ နေရာတိုင်းမှာ ကိုယ့် Professional Work ကို တာဝန်ယူမှု တာဝန်ခံမှုနဲ့သာ လုပ်ကိုင်ကြရတာပါ။

တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်းမှာသာ ဘယ်အလုပ်ကဖြင့် ဘယ်လိုနေရာတွေမှာ အရေးပါတယ်၊ ဘာတွေကို ကိုယ်စားပြုနိုင်သလဲဆိုတဲ့ စံနှုန်းတွေအရ ကွဲပြားသွားတာပါ။

မီဒီယာလုပ်ငန်းဆိုတာ အခွင့်ထူးခံ မဟုတ်ပေမယ့် သူ့ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေဟာ အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် သတင်းထောက်တွေဟာ သူတို့ရဲ့ Professional Work မှာ တာဝန်ယူမှု တာဝန်ခံမှုဟာ အလွန်အရေးပါပါတယ်။

သတင်းတပုဒ် မှားယွင်းတာကြောင့် ဆုံးရှုံးနစ်နာမှုတွေ၊ ပေးဆပ်လိုက်ရတာတွေက အများကြီးပါ။ ဒါကြောင့် သာမန်လစာလောက်နဲ့တော့ သတင်းထောက်တွေရဲ့ လစာကို နှိမ်မထားသင့်ပါဘူး။

မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာနဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ဦးဇေယျာလှိုင်က “အဓိက ပြည်တွင်းမီဒီယာ အတော်များများမှာ မီဒီယာပိုင်ရှင် သူဌေးတွေရဲ့ ထိန်းချုပ်မှု အရမ်းများနေတယ်။ နောက်ပြီး လွတ်လပ်ခွင့်တောင် မရှိတော့ဘူး။ ကျနော်တို့ သတင်းစာပညာဆိုတာ လွယ်လွယ်နဲ့ လုပ်လို့ရတာ မဟုတ်ဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှုက အရေးကြီးတယ်။ ဒါတွေကို တိုက်ပိုင်ရှင်သူဌေးတွေက နားမလည်ဘူး။ ပေါပေါပဲပဲနဲ့ သတင်းစာဆရာတွေရဲ့ Professional Work ကို နှိမ့်ချထားတယ်။ အဲလို အလုပ်ခေါ်စာမျိုးတွေ မြင်ရရင် သိပ်စိတ်ပျက်မိတယ်။ အဲဒီထဲမှာ စက္ကန့်နဲ့အမျှ ကြော်ငြာတွေကနေ ငွေရနေတဲ့ မီဒီယာတိုက် အကြီးကြီးတွေတောင် ပါသေးတယ်။ အောက်ခြေက ဝန်ထမ်းဘဝရဲ့ Professional Work ကို နားမလည်ကြဘူး” လို့ ဆိုပါတယ်။

ကျနော်လုပ်ခဲ့ဖူးတဲ့ မီဒီယာတိုက်ကြီးတခု ဆိုရင်လည်း သတင်းထောက်တွေကို နိုင်ငံက သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်ခစာကိုတောင် မပေးဘဲ ခိုင်းနေတာတွေ ရှိခဲ့ပါတယ်။

လက်ရှိ ပြည်တွင်းသတင်းမီဒီယာတိုက်တွေမှာ အငယ်တန်း သတင်းထောက်တဦးရဲ့ လစာဟာ ပျမ်းမျှ ၂ သိန်းဝန်းကျင်မှာသာ ရှိပြီး အလုပ်သင် သတင်းထောက်တဦးရဲ့ လစာကတော့ တသိန်းခွဲဝန်းကျင်မှာသာ ရှိပါတယ်။ ဒါတောင် စာမူခ သတ်မှတ်ထားပေမယ့် ပုံမှန်မပေးနိုင်တဲ့ မီဒီယာတိုက်တချို့လည်း ရှိပါသေးတယ်။

“သတင်းမီဒီယာတချို့က အခုချိန်မှာ ရပ်တည်ဖို့ အရမ်းခက်နေတယ်။ ဆက်လက် ထုတ်ဝေနိုင်ရေးကို အာရုံစိုက်နေရတဲ့ အခြေအနေဆိုတော့ ကျန်တာတွေကို ထပ်မဖြည့်ဆည်းနိုင်တော့ဘူး။ Digital ဘက်မှာ ဆိုရှယ်မီဒီယာတွေ အားကောင်းလာတာနဲ့ ဒီဘက်က သတင်းစာ၊ ဂျာနယ်ဘက်မှာ ရပ်တည်ဖို့ ခက်ခဲလာတာကလည်း ပြဿနာတခုပဲ” လို့ ဦးဇေယျာလှိုင်က ပြောပါတယ်။

လက်ရှိ ပြည်တွင်းမီဒီယာလောကဟာ ခေတ်ပျက်ထဲကို ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။ စာပေစိစစ်ရေး မရှိတော့တဲ့နောက်ပိုင်း ပြည်တွင်း ပုဂ္ဂလိက မီဒီယာတွေ အများအပြား ပေါ်ထွက်ခဲ့ပေမယ့် လက်ရှိမှာတော့ သတင်းစာ၊ ဂျာနယ် တော်တော်များများဟာ ရပ်ဆိုင်းနေပါပြီ။

သတင်းစာထုတ်ဝေမှုနှုန်းဟာလည်း စာရင်းတွေအရ အရင်ထုတ်ဝေမှုနှုန်း ၁၀၀ ရာခိုင်နှုန်းကနေ အခု ထုတ်ဝေမှုနှုန်းဟာ ၃၈ ဒသမ ၀၉ ရာခိုင်နှုန်းပဲ ရှိပါတော့တယ်။

သတင်းအေဂျင်စီတွေ အများအပြား မှတ်ပုံတင်ထားပေမယ့် ခိုင်ခိုင်မာမာ လည်ပတ်နိုင်မှုက အလွန်ပဲ အားနည်းနေပါသေးတယ်။

ဆိုရှယ်မီဒီယာတွေ အားကောင်းလာတာနဲ့အမျှ သတင်းအေဂျင်စီ အများအပြား ပေါ်ထွက်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ များလာပေမယ့် လူငယ်သတင်းသမားတွေအတွက် ရပ်တည်ဖို့ ခက်ခဲနေပါသေးတယ်။

ဒါ့အပြင် မီဒီယာသင်တန်းတွေ အများအပြား ပေါ်ထွက်လာသလို မီဒီယာကြီးတွေက ပြန်လည်ဖွင့်လှစ်တဲ့ သတင်းမီဒီယာ သင်တန်းကျောင်းတွေရဲ့ သင်တန်းကြေးဟာလည်း ကျပ်သိန်း ဆယ်ဂဏန်းကျော်မှာ ရှိနေပါတယ်။

မာလ်တီမီဒီယာ အကယ်ဒမီ သင်တန်းကျောင်းရဲ့ ပရိုဂရမ်မန်နေဂျာ မစကားဝါအောင်က “နောက်ပိုင်း လူငယ်တွေရဲ့သတင်းမီဒီယာလုပ်ငန်းအပေါ် စိတ်ဝင်စားမှု များပြားလာတယ်။ နိုင်ငံတကာက တက္ကသိုလ်တွေနဲ့ ပေါင်းပြီး အဆင့်မြင့်သင်တန်းတွေ ပေါ်လာခဲ့ပေမယ့် အားနည်းချက်က သင်တန်းက ဆင်းလာတဲ့သူတွေကို ဒီနယ်ပယ်မှာ အလုပ်ပြန်မပေးနိုင်ဘူး။ နောက်ပြီး သူတို့တက်ခဲ့တဲ့ သင်တန်းကြေးတွေနဲ့ ခေါ်တဲ့လစာက ရပ်တည်လို့မရဘူး ဖြစ်နေတယ်။ အဓိကက ဒီနယ်ပယ်မှာ ကျွမ်းကျင်တဲ့ လူငယ်သတင်းသမားတွေကို နေရာမပေးနိုင်ဘူး” လို့ ပြောပါတယ်။

လက်ရှိ ပြည်တွင်းမီဒီယာလောက အဓိကပြဿနာတွေထဲမှာ မီဒီယာကို ထိန်းချုပ်ထားတဲ့ တိုက်ပိုင်ရှင် သူဌေးတွေရယ်၊ အဲဒီသူဌေးတွေကို မျက်နှာသာပေးထားတဲ့ မီဒီယာဥပဒေတွေကို  ပြန်လည်ပြင်ဆင်ဖျက်သိမ်းရမှာ ဖြစ်သလို အရင်အာဏာရှင်ခေတ်က ခွင့်ပြုလုပ်ကိုင်နေကြတဲ့ မီဒီယာတိုက်ကြီးတွေကို ပြန် Review လုပ်သင့်တယ်လို့ ဦးဇေယျာလှိုင်က မြင်ပါတယ်။

ဒါ့အပြင် ဒီမီဒီယာတိုက်ကြီးတွေကို အခြားပြည်ပမီဒီယာတွေနဲ့ ယှဉ်ပြိုင်ခိုင်းသင့်တယ်၊ အစိုးရအနေနဲ့ ဒီအချိန်မှာ သတင်းစာထုတ်ပြီး မီဒီယာလုပ်နေတာ ပုံစံမကျဘဲ ဒီအချိန်မှာ နိုင်ငံပိုင် သတင်းစာဆိုတာ မရှိသင့်တော့ဘူးလို့ သူက ဆက်လက် သုံးသပ်ပြောပါတယ်။

ရှေးက သတင်းစာဆရာကြီးတွေ ပြောခဲ့တဲ့ စကားအရဆိုရင် ခေတ်ရဲ့သမိုင်းကို  သတင်းစာတွေက ဖော်ပြနေတာပါ။ နိုင်ငံတနိုင်ငံမှ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ မီဒီယာရဲ့ အခန်းကဏ္ဍက တာဝန်ယူမှု ကြီးမားတာကြောင့် မျိုးစေ့မမှန်ရင်တော့ အပင်မသန်နိုင်ပါဘူး။

ကျွမ်းကျင်မှု အရည်အချင်းတွေ အများကြီးတောင်းပြီး လစာတော့ မဖြစ်စလောက်ဆိုရင် အသစ်တွေ ဂျူနီယာတွေအတွက် ရပ်တည်ဖို့ အဆင်မပြေဘူး၊  လစာနည်းပေမယ့် သင်ကြားပေးမယ့် နေရာမျိုးဆိုရင် လုပ်ကြမှာပါလို့ ရုပ်သံသတင်းထောက် ကိုဖြိုးထက်အောင်က ပြောပါတယ်။

“မကြိုက်ရင် မလျှောက်နဲ့ပေါ့လို့ ပြောစရာရှိပေမယ့် အကုန်လုံးနီးပါးက ဒီလိုဖြစ်နေရင် ခံယူချက်နဲ့ ဝင်လာမယ့် မျိုးဆက်သစ် သတင်းထောက်ကောင်းတွေကို သွန်ပစ်သလို ဖြစ်သွားနိုင်ပါတယ်။ ရွေးချယ်စရာမရှိလို့ နောက်ထပ်ဝင်မလာကြတော့ရင် မီဒီယာလောကအတွက် ရေရှည်မကောင်းနိုင်ပါဘူး။ ဘယ်လုပ်ငန်းမှာမဆို ကျွမ်းကျင်တဲ့သူကို ခေါ်မယ်ဆိုရင်တော့ ကျွမ်းကျင်သူအဆင့် လုပ်ခလစာ ပေးရမှာပဲ။ နှိမ်ထားတာမျိုး ဆိုရင်တော့ လုပ်ငန်းပိုင်းမှာ ကောင်းမွန်တဲ့ထုတ်ကုန် ရလာဖို့ နည်းပါးမှာပါ။ ပြီးတော့ သတင်းထောက်တွေက အလုပ်သမားဥပဒေထဲ ပါတဲ့ အခွင့်အရေးတွေကို အတိအကျ ရကြတာမဟုတ်ဘူး။ သတင်းဖြစ်တဲ့ ဘယ်အချိန်မဆို ထပြေး သတင်းယူကြရတဲ့သူတွေပါ။ သတင်းကောင်းကောင်းတွေ ထုတ်လုပ်ချင်ရင် သတင်းထောက်ကောင်းတွေအပေါ်  ရင်းနှီးမြှုပ်နှံမှရမှာပါ” လို့ ကိုဖြိုးထက်အောင်က သူ့အမြင်ကို ပြောပါတယ်။

တခါတလေတော့  ကျနော်တို့ရဲ့ Professional Work ကိုက ရယ်အားထက်  ငိုအားသန်နေရတဲ့ အခြေအနေပါ။ အလုပ်သမားတွေ အခွင့်အရေး ချိုးဖောက်ခံနေရတာတွေ၊ အလုပ်ရှင်တွေရဲ့ လုပ်အားခ ခေါင်းပုံဖြတ် အနိုင်ကျင့်မှုတွေကို စုံစမ်းဖော်ထုတ် ရေးသားနေကြရပေမယ့် ကိုယ့်ရဲ့ရပိုင်ခွင့် အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာတွေကိုတော့ မေ့လျော့နေတတ်ကြသူတွေ ဖြစ်ပါတယ်။

ပြည့်ဘုန်းအောင် (ဘူကင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013