DVB Logo
Home
မြန်မာသတင်း
စီမံဘဏ္ဍာဝန်ကြီးဟောင်းအပေါ် တိုင်တန်းချက်များ ခိုင်လုံမှုမရှိဟု ကော်မရှင်ပြော
DVB
·
June 9, 2018
စီမံဘဏ္ဍာဝန်ကြီးဟောင်းအပေါ် တိုင်တန်းချက်များ ခိုင်လုံမှုမရှိဟု ကော်မရှင်ပြော
Donate to DVB

အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်ဝင်းအပေါ် တိုင်ကြားခဲ့တဲ့အချက်တွေကို ကော်မရှင်က စစ်ဆေးခဲ့တာမှာ ခိုင်လုံမှုမရှိတဲ့ တိုင်တန်းချက်တွေဖြစ်နေတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် တာဝန်ရှိသူက ပြောပါတယ်။

နေပြည်တော်မှာ ဒီနေ့ ပြုလုပ်တဲ့ ကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်အဖွဲ့ဝင် ဦးစိုးတင့်က ပြောတာပါ။

တိုင်ကြားတဲ့ အချက်စုစုပေါင်း ၈ ချက်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ မသက်ဆိုင်တဲ့ လူမှုရေးကိစ္စ ၃ ချက်နဲ့ မမှန်ကန်တဲ့ တိုင်ကြားချက် ၂ ချက် ပါဝင်တယ်လို့ ဆိုပါတယ်။

ကျန် ၃ ချက်ကတော့ ပုဂ္ဂလိကဘဏ်တခုရဲ့ မတည်ရင်းနှီးငွေဟာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းနေတာ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို စီမံဘဏ္ဍာ ဝန်ကြီးဌာနအောက် ထည့်သွင်းဖွဲ့စည်းခွင့်ပေးခဲ့တာ၊ ဝန်ကြီးဌာနပေါင်းစုံ လျှပ်တပြက် ဂေါက်ရိုက်ပြိုင်ပွဲကို စီမံဘဏ္ဍာဝန်ကြီးဌာနက အမည်ခံပြီး လုပ်ငန်းရှင်တယောက်က ဆောင်ရွက်ပေးခဲ့တယ်ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။

ဒီကိစ္စကို စစ်ဆေးရာမှာ ခေါင်းဆောင်အနေနဲ့ တာဝန်ယူခဲ့တဲ့ ဦးစိုးတင့်က "စစ်ဆေးတွ့ရှိချက်တွေကို ကော်မရှင်အဖွဲ့ဝင် ၁၂ ယောက်လုံးက ဒီအချက်တွေဟာ ခိုင်လုံမှုမရှိတဲ့ တိုင်တန်းချက်တွေဖြစ်တယ်ဆိုတာ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်" လို့ ဆိုပါတယ်။

အခုလို စစ်ဆေးတွေ့ရှိချက်အပေါ် ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ အပြစ်မရှိဘူးလို့ ပြောဆိုတာမျိုးမဟုတ်ဘဲ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းဖို့အတွက် ခိုင်လုံတဲ့ အထောက်အထားမရှိဘူးလို့ ပြောခြင်းသာဖြစ်တယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောပါတယ်။

"နိုင်ငံတော်သမ္မတကို တင်ပြတဲ့ အခါမှာလည်း ဒီအတိုင်းပဲ တင်ပြခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့အပိုင်းက ကျနော်တို့ ကိစ္စမဟုတ်ပါဘူး။ ဒါသမ္မတနဲ့ အစိုးရအဖွဲ့အကြီးအကဲတွေရဲ့ နုတ်ထွက်ခွင့်အပေါ်မှာ ခွင့်ြ့ပုခြင်း၊ မပြုခြင်းက အုပ်ချုပ်ရေးပိုင်းက ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်။ ကျနော်တို့နဲ့ လုံးဝပတ်သက်မှုမရှိပါဘူး။ တခြားဥပဒေနဲ့ ငြိစွန်းတယ်၊ မငြိစွန်းဘူးဆိုတာ ကျနော်တို့ ဆုံးဖြတ်လို့မရပါဘူး။ ကျနော်တို့ ကိုင်စွဲနိုင်တာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပဲဖြစ်တဲ့အတွက် ဒါနဲ့ပတ်သက်ပြီး ငြိစွန်းတယ်၊ မငြိစွန်းဘူးဆိုတာတော့ တာဝန်ယူမှု တာဝန်ခံမှုအပြည့်အဝနဲ့ ခိုင်ခိုင်မာမာရပ်တည်ပြီး ပြောပါတယ်။ တခြားဥပဒေနဲ့ အရေးယူရမယ့် ကိစ္စတွေမှာ ကျနော်တို့က သွားပြီးလွှမ်းမိုးဖို့ အကြောင်းမရှိဘူး။ ဒါကြောင့် ကျနော်တို့ရဲ့ စစ်ဆေးချက်ဟာ ကျန်တဲ့ကိစ္စတွေနဲ့ အကျုံးမ၀င်ပါဘူး။ ဥပဒေအရလည်း လုပ်ပေးဖို့ တာဝန်မရှိပါဘူး" လို့ ဦးအောင်ကြည်က ဆိုပါတယ်။

ကျူးလွန်ရင် အရေးယူနိုင်တဲ့အချက်တွေကို စစ်ဆေးခဲ့တာမှာလည်း ပုဂ္ဂလိကဘဏ်ဟာ ဦးကျော်ဝင်း တာဝန်မယူခင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလထဲမှာ လိုင်စင်ထုတ်ပေးခဲ့တာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သလို၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနအောက် ထည့်သွင်းခဲ့တာဟာလည်း အရင်အစိုးရ လက်ထက်ကတည်းက ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခုအစိုးရလက်ထက်ထိ မပြီးပြတ်သေးတဲ့အတွက် အခုအစိုးရ လက်ထက်မှာ စီမံဘဏ္ဍာဒုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်တာဝန်ယူတဲ့ ဖြစ်မြောက် နိုင်စွမ်း လေ့လာရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေကို ကက်ဘိနက်တင်ပြီး အစိုးရအဖွဲ့က ခွင့်ပြုကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်လို့ မှန်ကန်တဲ့ တိုင်တန်းချက်မဟုတ်ဘူးလို့ ဆိုပါတယ်။

"နောက်တချက် လုပ်ငန်းရှင်က ဂေါက်ရိုက်ပြိုင်ပွဲကျင်းပပေးတာကို ဝန်ကြီးဌာနက လက်ခံခဲ့ပါတယ်။ ဒီလိုလက်ခံခြင်းအားဖြင့် လုပ်ငန်းရှင်မှာ အခွင့်အရေးတစုံတရာပေးခဲ့တယ်၊ ရယူခဲ့တယ်ဆိုတာ မပေါ်ပေါက်ပါဘူး။ အဲဒါကြောင့်မို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အဂတိလိုက်စားတယ် ဆိုတဲ့အဓိပ္ပာယ်နဲ့ အကျုံးမဝင်တဲ့အတွက်ကြောင့် ခိုင်လုံတဲ့ အထောက်အထား မရှိဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ ဦးစိုးတင့်က ပြောပါတယ်။

ဦးကျော်ဝင်းကို လိုအပ်တဲ့ အရေးယူမှုတွေပြုလုပ်ပေးဖို့ တိုင်ကြားစာကို မေလ ၃ ရက်နေ့မှာ လက်ခံရရှိခဲ့ပြီး စစ်ဆေးမှုတွေကို မေလ ၁၄ ရက်နေ့ကနေ ၂၂ ရက်နေ့ထိ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးတာမှာ သတင်းပေးပို့သူ၊ တိုင်ကြားခံရသူ၊ အဆင့်မြင့်အရာရှိကြီးတွေ၊ ဝန်ထမ်းတွေ၊ လုပ်ငန်းရှင်ကြီးတွေ စုစုပေါင်း ၂၂ ယောက်ကို စစ်ဆေးခဲ့တာလို့ ပြောပါတယ်။

ဒါ့အပြင် ဦးကျော်ဝင်းရဲ့ သားဖြစ်သူကို စစ်ဆေးတာမှာလည်း ဇိမ်ခံကားတွေ ဟုတ်၊ မဟုတ် စစ်ဆေးတာမှာ ဇိမ်ခံကားအမျိုးအစားတွေ မဟုတ်ဘဲ ကျန်တဲ့ပိုင်ဆိုင်မှုအမည်စာရင်းတွေကို စစ်တာမှာလည်း သူ့သားတဦးတည်း ပိုင်တာမဟုတ်ဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013