DVB Logo
Home
မြန်မာသတင်း
ရှေးမြန်မာဝတ်စုံဒီဇိုင်းများကို ပြန်လည်အသက်သွင်းဖန်တီးနေသည့်ထိုင်းလူငယ်တဦး
DVB
·
March 18, 2018
ရှေးမြန်မာဝတ်စုံဒီဇိုင်းများကို ပြန်လည်အသက်သွင်းဖန်တီးနေသည့်ထိုင်းလူငယ်တဦး
Donate to DVB

 

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ မြန်မာစာနဲ့ မြန်မာ့ယဉ်ကျေးမှုကို လေ့လာနေတဲ့ ထိုင်းလူမျိုးလူငယ်  တဦးဟာ ရှေးမြန်မာတွေ ၀တ်ဆင်လေ့ရှိတဲ့ ရိုးရာဝတ်စုံတွေကို ကိုယ်တိုင်ဖန်တီးရောင်းချပြီး အသက်မွေးဝမ်းကြောင်းဖို့ ကြိုးစားနေပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီး နိုင်ငံရေး၊ စီးပွားရေး အခင်းအကျင်း အပြောင်းအလဲတွေဖြစ်ပေါ်လာနေတာနဲ့ တပြိုင်နက် အိမ်နီးချင်းနိုင်ငံတွေက  ပြည်သူတွေဟာ လည်း မြန်မာပြည်နဲ့ မြန်မာလူမျိုးတွေရဲ့ ဓလေ့စရိုက် ရိုးရာယဉ်ကျေးမှုတွေကို ပိုလို့ စိတ်ဝင် စားလာနေကြပါတယ်။

ဒီအထဲက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ရှေးမြန်မာယဉ်ကျေးမှုကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေတဲ့ မြန်မာသွေးနှော ထိုင်းနိုင်ငံသား လူငယ်တဦးလည်းပါဝင်ပါတယ်။

သူ့နာမည်က အင်းထားနွန်ဖြစ်ပြီး  ချင်းမိုင် တက္ကသိုလ်မှာ မဟာဝိဇာတက်နေတဲ့  ကျောင်းသားတဦးဖြစ်ပါတယ်။ သူ့ရဲ့ ဗမာနာမည်ကိုတော့ ကိုထွဋ်ခေါင်လို့ သူ့ဖာသာသူ မှည့်ခေါ်ထားပါတယ်။

“ကျနော်ထင်တယ် မြန်မာရိုးရာသီချင်းနားထောင်ရင်း အလုပ်လုပ်တဲ့အခါ ကျနော်ကို အလုပ်ပိုကြိုးစားလာအောင်လှုံဆော်ပေးတယ်။ ကျနော်ရဲ့ ခန္ဓာကိုယ်မှာ မြန်မာသွေးကို ခံစားရပါတယ်”လို့ ကိုထွဋ်ခေါင်ကပြောပါတယ်။

ကိုထွဋ်ခေါင်ဟာ ကျောင်းတက်ရင်း သူစိတ်ဝင်စားတဲ့ ဓာတ်ပုံရိုက်တာနဲ့ မြန်မာယဉ်ကျေးမှု ရိုးရာဖက်ရှင်ဝတ်စုံတွေကို လေ့လာပြီး သူကိုယ်တိုင်ဒီဇိုင်းထွင်တဲ့လုပ်ငန်းကိုလည်း လုပ်ကိုင်နေပါတယ်။

လူငယ်တယောက်အနေနဲ့ ကိုယ့်လူမျိုးကိုယ့်ယဉ်ကျေးမှုမဟုတ်ဘဲနဲ့ တခြား လုပ်ငန်းတခုကို ဆောင်ရွက်နိုင်ဖို့ မလွယ်ဘူးလို့လည်းပြောပါတယ်။

“အခုသူ့ကို မြန်မာဝတ်စုံနဲ့ မြန်မာပုံစံလေး ဝတ်ပေးလိုက်တယ်နော်။ သူ့အကျီင်္နဲ့ သူ့ဆံပင်တွေက မြန်မာပုံစံနဲ့ တူသွားပြီ၊  မြန်မာမိန်းကလေးနဲ့လည်း တူသွားပြီး၊ ရှေးက မြန်မာ မိန်းကလေးတွေဒီလို ဆံပင်ပုံစံ ဒီလိုထားပြီး ပန်းတွေနဲ့ ထိုးထားတယ်နော်”လို့ ထိုင်း မိန်းကလေးတဦးကို မြန်မာပုံစံ ၀တ်ဆင်ပေးရင်းနဲ့  ကိုထွဋ်ခေါင်ကပြောပါတယ်။

သူ့ရဲ့ဝတ်စုံတွေနဲ့ ဒီဇိုင်းတွေကို လွန်ခဲ့တဲ့ တနှစ်လောက်ကစတင်ပြီး ချင်းမိုင်မှာ ကျင်းပလေ့ရှိတဲ့ ရိုးရာပွဲတွေမှာ အသုံးပြုလာသြလို လာရောက်ငှားကြ  ဝယ်ကြ ၀တ်ကြတဲ့သူတွေလည်းရှိပါတယ်။

လက်ရှိ အများဆုံးလာရောက် အားပေးကြတဲ့သူတွေထဲမှာ မော်ဒယ်တွေနဲ့ အကအနုပညာရှင်တွေလည်းပါသလို  ရုပ်သံစီးရီးတွေနဲ့ ရုပ်ရှင်ရိုက်သူတွေလည်း အသုံးပြုကြတာရှိပါတယ်။

သူ့လုပ်ငန်းနဲ့ ပတ်သက်ပြီးကိုထွဋ်ခေါင်က “ဒါကတော့ ကျနော်အကြိုက်ဆုံးအထည်ပါ။ မြန်မာလူမျိုးတွေ အပန်းရောင်ကြိုက်တယ်ဆိုတာ ကျနော်သိထားတယ်။ ကျနော်ရဲ့ ပရိသတ်တွေကတော့ အကသမားတွေ မော်ဒယ်တွေပြီးတော့ ပြောရမယ်ဆိုရင် သာမန်လူတွေလည်း ဝယ်လို့ရတယ်။ ဘာကြောင့်လဲ ဆိုတော့ ဈေးမကြီးဘူးလေ၊ ပြီးတော့ လူတိုင်းဝတ်လို့ရတယ်။ ရိုးရာယဉ်ကျေးမှု ပွဲတော်တွေမှာပေါ့။ မြန်မာပြည်ကလူတွေလည်း ထိုင်းကို လာလည်ရင်  ဒီလိုရိုးရာဝတ်စုံတွေ ဝတ်လို့ရတာပေါ့”လို့ပြောပါတယ်။

ဒီလို မြန်မာဝတ်စုံ ဒီဇိုင်းတွေကို ရရှိဖို့က သူအင်တာနက်ပေါ်ကနေ ရှာဖွေခဲ့သလို မြန်မာပြည်ကိုလည်း အခေါက်ခေါက် အခါခါ ကိုယ်တိုင်သွားရောက်လေ့လာရှာဖွေခဲ့ရတာပါ။

ဒါပေမယ့် ထူးခြားတာတခုကတော့ ဒီလိုအလုပ်မျိုးကိုလုပ်ဖြစ်ဖို့က သမိုင်း အဆက်စပ်တွေရှိနေလို့ပဲဖြစ်တယ်လို့  ကိုထွဋ်ခေါင်က ဆိုပါတယ်။

“ရှင်းပြဖို့ သိပ်ကိုရှုပ်ထွေးတဲ့အရာတခုပါ။ ဒါပေမယ့် ကျနော်သိတယ်။ ကျနော်ရဲ့ အဖိုးက မြန်မာဖြစ်တယ်။ သူပြောတယ် သူ့နာမည်က မောင်ဦးပေါပါတဲ့။ ဒါပေမယ့် သူ့အကြောင်းကို ကျနော်မသိပါဘူး။ ဒါတွေဟာ မြန်မာယဉ်ကျေးမှုကို စိတ်ဝင်စားအောင် လှု့ ဆော်ပေးနေတာဖြစ်မယ်။ ကျနော်အမေလည်း မြန်မာသွေးပါတယ်။ သူ့အဖိုးကဗမာဖြစ်တယ်။ သူ့နာမည်ကိုတော့ မသိဘူး။ ကျနော်ဘာကြောင့်စိတ်ဝင်စားလဲဆိုတော့ ကျနော် မသိပေမယ့် ကျနော်ထင်တာကတော့ ကျနော်သွေးထဲမှာ ရှိတယ်ထင်တယ်။”

လက်ရှိသူဖန်တီးထားတဲ့ ဝတ်စုံတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်က မြန်မာ့ရိုးရာ ဝတ်စုံပုံစံမျိုးလုပ်ထားပေမယ့် အခုခတ်လူငယ်တွေ ကြိုက်နှစ်သက်အောင် ပိုပြီးပေါ့ပါး လွယ်ကူအောင်ဝတ်နိုင်မယ့် ဝတ်စုံမျိုးဖြစ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

အရင်က မြန်မာဆိုရင် အိမ်နီးချင်းနိုင်ငံတွေထဲမှာ အနှိမ်ခံရဆုံးသူတွေဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ ထိုင်းနိုင်ငံ ချင်းမိုင်ကို လာလည်မယ့်  မြန်မာတွေအနေနဲ့ ကိုယ့်ရိုးရာ ဝတ်စုံတွေကို ၀တ်ဆင်ပြီး ဂုဏ်ယူဝံ့ကြွားနိုင်နေပြီလို့ ကိုထွဋ်ခေါင်ကပြောပါတယ်။

ဓာတ်ပုံ-ထွဋ်ခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013