Home
ဆောင်းပါး
ဗမာ့နိုင်ငံရေးကသောင်းကနင်းများ - နိဂုံး
DVB
·
March 7, 2018
20180114 MinnKaungChit myanmar politic part 15
(၃၈) သမိုင်း ပြောင်းလဲတိုးတက်မှု ဖြစ်စဉ်အပေါ် ရှုမြင်သုံးသပ်ချက်နှင့် မှတ်စုများ အတွေ့အကြုံ၊ အသိအမြင်၊ ရပ်တည်ချက်နဲ့ မတူညီတဲ့ ရှုထောင့်တွေက ကြည့်ရင် သမိုင်းဆိုင်ရာ အဖြစ်အပျက်တွေအပေါ် ကွဲပြားတဲ့အဖြေနဲ့ မတူညီတဲ့ မှတ်ချက်အမြင်တွေ ရှိနိုင်ပါတယ်။ ဗမာ့နိုင်ငံရေး ကသောင်းကနင်း ဖြစ်စဉ်ကြီးတွေကို ပေါ်ပေါက်လာစေတဲ့ အဓိက အကြောင်းတရားတွေကို အခု ဒီနေရာမှာ အဖြေမတောင်းထားဘဲ မဖြေဆိုရသေးတဲ့ မေးခွန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) အလောင်းဘုရားဟာ တတိယ ဗမာနိုင်ငံတော် အင်ပါယာကြီးကို သူအုပ်စိုးစဉ် နန်းစံသက် ၈ နှစ် အတောအတွင်းမှာ ထူထောင်နိုင်ခဲ့တာဖြစ်လို့ သူသာ နန်းသက် အနှစ် ၃၀ စံခဲ့ရရင် ဗမာနိုင်ငံတော်ဟာ ဘယ်လောက်ထိ ကျယ်ပြန့်ကြီးမားနိုင်ပါသလဲ?။ (၂) အရှေ့တောင်အာရှမှာ တစတစ ကျယ်ပြန့် တန်ခိုးထွားလာတဲ့ ဗမာတွေရဲ့ အင်အားအစွမ်းအစကို တွက်မိတဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ သူတို့ရဲ့ မြို့တော်တွေကို ဗမာတွေနဲ့ ပိုလို့ဝေးရာ အရပ်တွေဆီ ပြောင်းရွှေ့သွားခဲ့ကြတယ်။ ယုံချင်မှယုံလိမ့်မယ်။ အရှည်မျှော်တွေးတတ်တဲ့ ဗြိတိသျှတွေဟာ သူတို့ရဲ့ ဗြိတိသျှ-အိန္ဒိယမြို့တော် ကာလကတ္တားကို နယူးဒေလီကို ရွှေ့ခဲ့သလို လာအိုတွေက သူတို့မြို့တော်ကို လန်ပရာဘွန်ကနေ ဗီယင်ကျင်းဆီ ရွှေ့ခဲ့တယ်၊ ယိုးဒယားတွေကလည်း အယုဒ္ဒယကနေ သူတို့မြို့တော်ကို ဘန်ကောက်ကို ရွှေ့ခဲ့ကြပါတယ်။ (၃) ပထမ အင်္ဂလိပ်-ဗမာစစ်ပွဲအတွင်းမှာ စစ်သူကြီး မဟာဗန္ဓုလ တပ်တွေဟာ ကာလကတ္တားမြို့ကို ရောက်ဖို့ ၂ ရက်ခရီးသာကျန်တဲ့ အကွာအဝေးကို ရောက်နေတုန်း ရှင်ဘုရင်က ပြန်ဆုတ်လာဖို့ အမိန့်ဆင့်တာမို့ ပြန်ဆုတ်ခဲ့ရပြီး ခံစစ်ကို ဆင်ခဲ့ရတာ ဖြစ်တယ်။ တကယ်လို့ သူ့ရဲ့တပ်တွေသာ ပြန်မဆုတ်ခွာခဲ့ရဘူးဆိုရင် ကာလကတ္တားကို သိမ်းယူနိုင်ခဲ့ရင် အဲဒီ အင်္ဂလိပ်-ဗမာ စစ်ပွဲရဲ့အဖြေ ဘယ်လိုထွက်မယ်လို့ ယူဆပါသလဲ? ဗမာတွေဟာ အောင်နိုင်သူတွေ ဖြစ်နေနိုင်တာပေါ့။ (၄) ဗြိတိသျှစစ်တပ်ဟာ ဘာရည်ရွယ်ချက်နဲ့ ဘရင်းဂန်းအလက် ၂၀၀ အပါအဝင် စစ်လက်နက်ခဲယမ်းမီးကျောက် အပြည့်အစုံ ဦးစောကို ထုတ်ပေးခဲ့ရတာလဲ?။ (၅) ဦးစောအမှုကို လျှို့ဝှက်စွာ စုံစမ်းထောက်လှမ်းခဲ့တဲ့ ကောလင်းတွတ်ခ (Colin Tooka - DSP) ဟာ ရက်သတ္တပတ် အနည်းငယ်ကြာပြီးတော့ သူနဲ့ သူ့ခွေးလေးဟာ အစာအဆိပ်သင့်ပြီး သေဆုံးခဲ့ရသလို သူ့အိမ်လည်း ဖောက်ထွင်းခိုးယူခံခဲ့ရပေမယ့် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတဲ့ကိစ္စနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း အထောက်အထားတွေသာ ပျောက်ဆုံးခဲ့ပြီး ကျန်တဲ့ ဘာပစ္စည်းမှ ပျောက်မသွားခဲ့ပါဘူး။ (၆) ဘာကြောင့် အိုင်စီအက်စ် ဦးတင်ထွတ်ဟာ ၁၉၄၈ ခုနှစ် ဒီဇင်ဘာလထဲမှာ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတာလဲ?။ (၇) ကယား လက်ဖတင်နင်ဗိုလ်လေး စောယူးရှူးကို သူ့ရဲ့ ဗြိတိသျှစစ်ဗိုလ်က ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှာ မနက်ဖြန် ဗိုလ်ချုပ်အောင်ဆန်း မလုပ်ကြံခံရရင် မော်လမြိုင်ကို ထိန်းသိမ်းထားနိုင်အောင် ပြင်ဆင်ထားဖို့ ပြောခဲ့တယ်။ ဘာကြောင့် ဒီအရာရှိဟာ အဲဒီလိုမျိုး ကြိုပြောနိုင်ရတာတာလဲ? ပေါက်ကြားနေတဲ့ လျှို့ဝှက်ချက် တခုလား?။ (၈) ဗိုလ်ချုပ်နေဝင်းက ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတဲ့သတင်းကို ဘယ်လိုလုပ် သိပြီး ပျဉ်းမနားကနေ ဘာကြောင့် ရန်ကုန်ကို ဆင်းလာရတာလဲ? ဒါပေမယ့် သူဟာ အရေးပေါ်အမိန့်ကြောင့် ပဲခူးမှာ အတားခံခဲ့ရတယ်။ (၉) လန်ဒန်မှာ မြန်မာကျပ်ငွေ ရိုက်နှိပ်ခြင်းကို ရပ်လိုက်ပြီးတော့ အပေါင်ထားတဲ့ ရွှေချောင်းတွေကို ရန်ကုန် ပြန်သယ်လာပြီးတဲ့နောက် ဘယ်ရောက်သွားကြသလဲ?။ (၁၀) ဗိုလ်ချုပ်နေဝင်း မန္တလေးကို ရောက်လာတဲ့ အချိန်တုန်းက ဦးစောရဲ့သမီး ဘေဘီစောတို့ကလည်း မန္တလေးမှာ နေထိုင်နေကြတယ်။ သူက ဘေဘီစောတို့ကို လာတွေ့ဖို့ ခေါ်ခိုင်းခဲ့တယ်။ သူတို့ တွေ့ကြတော့ ဘေဘီစောရဲ့ တောင်းဆိုချက်အရ သူမရဲ့ အမျိုးသား အခွန်ဝန်ထမ်းအရာရှိကို ရန်ကုန်ဘက် ပြောင်းရွှေ့ပေးခဲ့တယ်။ ဗိုလ်ချုပ်နေဝင်းနဲ့ ဦးစောတို့ကြားမှာ ဘယ်လိုပုံစံမျိုး ရင်းနှီးကျွမ်းဝင်ကြပါသလဲ?။ (၁၁) တနေ့တော့ ညောင်လေးပင်မဲဆန္ဒနယ် အန်အယ်လ်ဒီအမတ် ဦးအုန်းမောင် ကျနော့်အိမ်ကို ပေါက်ချလာပြီး မန္တလေးတက္ကသိုလ်နဲ့ အထက်ဗမာနိုင်ငံ ကျောင်းသားသမဂ္ဂ အကြောင်း ရေးသားဖို့ ပြောခဲ့တယ်။ ကိုအောင်ထွန်းဆိုတဲ့ လူငယ်တဦးက အောက်ဗမာနိုင်ငံ ကျောင်းသားသမဂ္ဂအကြောင်း ရေးသားပြုစုခဲ့ပေမယ့် အထက်ဗမာနိုင်ငံအကြောင်း သူ မသိရဘူးတဲ့။ ခုအချိန်က အဲဒီအကြောင်းရေးဖို့ အချိန်မဟုတ်သေးကြောင်းနဲ့ လက်ရှိ အမျိုးသားရေးလှုပ်ရှားမှုကြီးထဲ ဆက်ပါလိုက်ပါဦးလို့ ပြောပြီး အဲဒီတုန်းက ကျနော် ငြင်းပယ်ခဲ့ပါတယ်။ ဒီအတွက် အကျိုးဆက်ကတော့ ဦးအုန်းမောင်၊ ဒေါက်တာမောင်မောင်ကျော်၊ ကိုအောင်ထွန်းနဲ့ အခြားသူအချို့ ထောင် ၇ နှစ် ချမှတ်ခံခဲ့ရတယ်။ (၁၂) နေပြည်တော်သန်းထွန်းရဲ့ ပတ္တမြားကြီးနဲ့ ဦးအောင်ခမ်းထီရဲ့ ကျောက်စိမ်းတုံးကြီး ဘယ်ရောက်သွားပါသလဲ?။ (၁၃) နိုင်ငံတော် ရသုံးငွေ ဘတ်ဂျက်ရှင်းတမ်း မထုတ်ပြန်ခဲ့တာ နှစ်ပေါင်း ဘယ်နှနှစ်ရှိပါပြီလဲ?။ (၁၄) ၈၈၈၈ အရေးတော်ပုံ ကာလအတွင်းမှာ ခေါ်ယူခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီရဲ့  နောက်ဆုံးညီလာခံမှာ ပါတီကိုယ်စားလှယ်အားလုံးကို ကျပ်ငွေတသိန်းစီ ပေးအပ်ခဲ့တယ်။ (၁၅) စစ်အုပ်ချုပ်ရေးအာဏာအောက်မှာ အစိုးရ ၁၅ ဖွဲ့နဲ့ ဘယ်လိုအုပ်ချုပ်နိုင်မှာလဲ?။ (၁၆) ရွေးကောက်ခံရတဲ့ အမတ်တွေနဲ့ ရွေးချယ်ခံစရာမလိုတဲ့ အမတ်တွေ ရောနေတဲ့ စနစ်ကို ဒီမိုကရေစီစနစ်လို့ ခေါ်နိုင်ပါသလား?။ (၁၇) ဖွဲ့စည်းပုံအခြေခံဥပဒေ ၄ ခု ပေါ်ထွက်ခဲ့ပြီးပါပြီ၊ နောက်ထပ် အခြေခံဥပဒေတွေ ပေါ်ထွက်လာဦးမှာလား?။ (၁၈) ဝကိုယ်ပိုင်တပ်၊ ဘိန်းစိုက်ပျိုးရေးနဲ့ မူးယစ်ဆေးဝါးပြဿနာတွေ ဘယ်လို ဖြေရှင်းကြမလဲ?။ (၁၉) ပြည်တွင်းစစ်ကို ဘယ်လို အဆုံးသတ်မှာလဲ?။ (၂၀) အစောပိုင်းကာလတွေတုန်းကတော့ DSI , BEDC  ဆိုတဲ့ နာမည်နဲ့ စစ်တပ်က စီးပွားရေးလုပ်ခဲ့ကြသလို အခုနောက်ပိုင်းမှာ အလားတူ ပေါ်လာတဲ့ ဦးပိုင်လို့ ခေါ်ခဲ့ကြတဲ့ အမ်အီးစီဆိုတဲ့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီးကို ဘယ်လို ဖြေရှင်းမှာလဲ?။ (၂၁) ပြည်တွင်းရေးပြဿနာတွေအပြင် ပြင်ပပြဿနာတွေဖြစ်တဲ့ ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးတိုင်းပြည် (LDC) ကိစ္စ၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ ရင်းနှီးမြုပ်နှံမှု အစရှိတဲ့ ပြဿနာ အမြောက်အမြားလည်း ရှိနေပါသေးတယ်။ (၃၉) လူမျိုးငယ်စု အမျိုးသားရေးပြဿနာများ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးတဲ့နောက် အာဏာငန်းဖမ်းသူတွေဖြစ်တဲ့ ဦးနုနဲ့ ဦးနေဝင်းတို့ နှစ်ဦးဟာ တိုင်းပြည်ကို စည်းလုံးညီညွတ်မှုတွေ ပြိုကွဲပြီး ပြောလို့ မဆုံးနိုင်အောင် ဆင်းရဲဒုက္ခကြီးစေတဲ့ ပြည်တွင်းစစ် ငရဲတွင်းနက်ထဲ သူတို့အာဏာ တည်မြဲရေးအတွက် တွန်းချခဲ့ကြတယ်။ အဲဒီ ပြည်တွင်းစစ် ငရဲမီးလျှံကြီးရဲ့ လောင်မြိုက်မှုကို တတိုင်းတပြည်လုံး ဒီကနေ့ထိအောင် ခံစားနေရဆဲမှာ အထူးသဖြင့် ဝေးလံခေါင်ဖျားက ကျေးလက်တောင်တန်းဒေသတွေ၊ တိုင်းရင်းသား လူမျိုးငယ်စုတွေဟာ စစ်ဒဏ်ကို အလူးအလိမ့် ခံနေရဆဲပါ။ ခံစားနာကြည်းမှုတွေ များလာလေလေ လက်နက်ကိုင် ပုန်ကန်မှုတွေ တိုးပွားလာလေလေပါပဲ။ ဒါဟာ ပြည်တွင်းစစ် ဖြစ်စေရခြင်းနဲ့ နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြဿနာအများစုအတွက် အရင်းခံ အကြောင်းတရားပါပဲ။ ဒါပေမယ့်လည်း အဆိုးထဲက အကောင်းထွက်တာလည်း ရှိပါတယ်။ ဒါဟာ ပြည်တွင်းစစ် ဖြစ်စေရခြင်းနဲ့ နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြဿနာအများစုအတွက် အရင်းခံ အကြောင်းတရားပါပဲ။ ဒါပေမယ့်လည်း အဆိုးထဲက အကောင်းထွက်တာလည်း ရှိပါတယ်။ စစ်တပ်က လုယက်၊ မုဒိမ်းကျင့်၊ ညှဉ်းပန်းနှိပ်စက်ခဲ့တော့ အဲဒီဗိုလ်ကျ ဖိနှိပ်မှုတွေကို တန်ပြန်ဖို့ ပအိုဝ်းလူငယ်တွေဟာ လက်နက်ကိုင် တော်လှန်ခဲ့ကြရင်း ပအိုဝ်းလွတ်မြောက်ရေးတပ်ဖွဲ့ PLO  (Pao Liberation Organisation) ဆိုပြီး ပေါ်ထွက်လာခဲ့တယ်။ ဒီကနေ့တိုင်လည်း သူတို့ဆီက အပစ်ရပ် လက်မှတ်ထိုးရာမှာ မျှတစေဖို့ မကျေလည်မှုတွေအတွက် ထုတ်ဖော် ပြောဆိုတာတွေ ရှိနေဆဲပါပဲ။ အဲဒီလို အခြေအနေတွေကြားမှာ ရဲရင့်ပြီး တိုင်းပြည်ချစ်စိတ်ရှိတာမို့ လူသိများ ထင်ရှားတဲ့ ဒေါက်တာဒေါ်သန်းနွယ်ဟာ အန်အယ်လ်ဒီရဲ့ အမတ်အဖြစ်နဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ၃ ခုစလုံးမှာ အနိုင်ရပြီး ပါလီမန်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရတယ်။ သူမအမျိုးသား ဦးစီလှိုင်ဟာ စာရေးသူရဲ့ ရင်းနှီးတဲ့မိတ်ဆွေ ဖြစ်သလို ဗဟိုတရားရုံးရှေ့နေကြီးလည်း ဖြစ်၊ တောင်ကြီးမြို့ရဲ့ မြို့မိမြို့ဖတဦး အပါအဝင် ဖြစ်တယ်။ သူတို့နှစ်ဦးစလုံးဟာ ရှမ်းပြည်နယ်တောင်ပိုင်း အပါအဝင် တိုင်းပြည်တခုလုံးရဲ့ ဒီမိုကရေစီရေးနဲ့ အထူးသဖြင့် လူမျိုးငယ်စု ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကူညီနိုင်မယ်လို့ စာရေးသူကတော့ ယုံကြည်ထားတယ်။ (၄၀) ကုန်ထုတ်အင်အားစုများနှင့် ကုန်မထုတ်သော အင်အားစုများ ဒါကို နောက်ထပ်စကားလုံးနဲ့ ရေးပြရရင် တိုင်းပြည်ရဲ့ ဝင်ငွေရှာပေးတဲ့ အင်အားစုများနဲ့ ဝင်ငွေရှာမပေးနိုင်တဲ့ (ထွက်ငွေ) အင်အားစုများလို့ ပြောနိုင်ပါတယ်။ နိုင်ငံတနိုင်ငံဟာ ငွေရှာပေးတဲ့ အင်အားစုတွေ ကြီးထွားဖွံ့ဖြိုးရင် ချမ်းသာပြီး ငွေရှာမပေးနိုင်တဲ့ ထွက်ငွေအင်အားစုတွေ အကျိုးမရှိဘဲ တိုးပွားများပြားလာရင် တိုင်းပြည် ဆင်းရဲတတ်ပါတယ်။ စစ်တပ်၊ ရဲတပ်ဖွဲ့၊ တရားရေးဝန်ထမ်း အဖွဲ့အစည်းများ၊ ပညာရေးဝန်ထမ်း အဖွဲ့အစည်း (နှစ်အုပ်စုဝင်) တို့ဟာ ဝင်ငွေရှာမပေးနိုင်တဲ့ အင်အားစုများ ဖြစ်ကြပြီး အလုပ်သမား၊ လယ်သမား၊ အတတ်ပညာရှင်တွေဟာ ဝင်ငွေရှာပေးတဲ့ အင်အားစုများ ဖြစ်ကြပါတယ်။ ငွေရှာမပေးနိုင်တဲ့ ထွက်ငွေအင်အားစုတွေ မလိုအပ်ဘဲ အဆမတန် များပြားလာရင် တိုင်းပြည် ဆင်းရဲတော့တာပါပဲ။ အရာရှိ ၂၀၀ အပါအဝင် စစ်သည်အင်အား ၅၀၀၀ ကျော်နဲ့ ဖွဲ့စည်းခဲ့တဲ့ တပ်မတော်ဟာ အခုဆို အရာရှိပေါင်း သောင်းချီနဲ့ စစ်သည်အင်အား ၃၀၀,၀၀၀ ရှိနေခဲ့ပါပြီ။ ဘယ်လောက် တိုးပွားလာတယ်ဆိုတာ စာဖတ်သူတွေ မြင်နိုင်ပါတယ်။ အဆပေါင်း ၆၀ တက်လာခဲ့တာပါ။ ဒီတော့ တို့ဗမာနိုင်ငံဟာ ကမာ့္ဘဖွံ့ဖြိုးမှုအနည်းဆုံး တိုင်းပြည် ဖြစ်သွားခဲ့ရတာ မထူးဆန်းတော့ဘူး မဟုတ်လား။ အစ္စရေးလ်လူမျိုး စီးပွားရေးပညာရှင် ပရော်ဖက်ဆာတဦးက မှတ်ချက်တခု ပေးဖူးပါတယ်။ ခင်ဗျားတို့ အစ္စရေးလ်စစ်တပ်ကို အမြဲတမ်း အဆင်သင့် ဖြစ်နေအောင် ဘယ်လို စီမံထားပါသလဲလို့ စာရေးသူက သူ့ကို မေးမြန်းခဲ့စဉ်တုန်းက သူက ရယ်မောရင်း ဒီလို ပြန်ဖြေခဲ့ပါတယ်။ “အစ္စရေးလ်စစ်တပ်ရဲ့ စစ်သည်အင်အား သုံးပုံတပုံပဲ ကာကွယ်ရေးနဲ့ စစ်မှု အချိန်ပြည့်ထမ်းရတာ၊ ကျန်တဲ့ အင်အား သုံးပုံနှစ်ပုံက ကုန်ထုတ်လုပ်ဖို့ စက်ရုံတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကြရတာပါ။” ဒါဆို ဘယ်လိုလုပ် ရှေ့တန်းစစ်မျက်နှာထွက်ကြသလဲ... လို့ မေးတော့ သူက ရယ်မောလိုက်ရင်း အခုလို ဆက်ပြောခဲ့တယ်။ “အကြောင်းကြားပြီး ၂၄ နာရီအတွင်း တပ်ရင်းပြန်ပြီး ရှေ့တန်းကို ဆက်ထွက်ကြတယ်။" (၄၁) သွေးဆာ သွေးဆူ အာဏာရမက်ကြီးသူ ဦးနုနဲ့ ဦးကျော်ငြိမ်းတို့လိုပဲ ဦးနေဝင်းဟာ စိတ်လှုပ်ရှားလွယ်ပြီး စိတ်ဆိုး စိတ်တိုတတ်တဲ့ နေရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားသူတဦး ဖြစ်တယ်။ သူ့ရဲ့ အဲဒီ စိတ်နေ စရိုက်သဘာဝတွေဟာ လူသိများတဲ့ ဖုံးထားလို့မရတဲ့ လျှို့ဝှက်ချက်တွေပါပဲ။ (၁) ၁၉၇၆ ခု ကာလလောက်က ညတညမှာ ဦးနေဝင်းဟာ သူ့တပ်မှူးတွေနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခုခံစစ်ကို ထိုးနှက်ဖို့ စစ်ရေးအခြေအနေတွေ သုံးသပ်ဆွေးနွေးနေခဲ့ကြတယ်။ အဲဒီအချိန်မှာ သူ့ရဲ့သမီး စန္ဒာဝင်းကလည်း မနီးမဝေးက အင်းယားလိပ်ဟိုတယ်မှာ ပါတီပေးပြီး ကခုန်နေကြသတဲ့။ ဂီတသံ မြူးစစ်အသံဗလံတွေ ကြားတော့ ဦးနေဝင်းက စိတ်ဆိုးမာန်ဆိုးနဲ့ ချက်ချင်းထပြီး အင်းယားလိပ်ဟိုတယ်ကို သွားပြီး ဗုံတွေ ဖောက်ခွဲ၊ ဂစ်တာတွေ ရိုက်ချိုးဖျက်ဆီးခဲ့သတဲ့။ အဲဒီလိုနည်းနဲ့ ရမ်းကားခဲ့သတဲ့။ လူမိုက်တယောက်တောင် အဲဒီလို ပြုမူလိမ့်မယ် မထင်ပါဘူး။ သူဟာ အဲဒီလောက်ကို စိတ်လှုပ်ရှားတတ် သွေးဆူတတ်တယ်။  နောက်နေ့မှာတော့ အဲဒီကပွဲပါတီကို ခွင့်ပြုခဲ့တဲ့ ကုန်သွယ်ရေးဝန်ကြီးကို ရာထူး ဖယ်ရှားခဲ့တယ်။ (၂) ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေကို သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့ပြီးတဲ့နောက် ရေဒီယိုကနေ စကားပြောရင်း နောက်ဆုံးပိတ်မှာ “ဓားဆို ဓားချင်း... လှံဆို လှံချင်း” ဆိုတဲ့ စကားနဲ့ ကျောင်းသားတွေကို စိန်ခေါ်ခဲ့တယ်။ အပြစ်မဲ့တဲ့ ကျောင်းသားတွေအပေါ် သူဟာ အဲသလောက်တောင် သွေးဆာ သွေးဆူ ဒေါသထူခဲ့တယ်။ (၃) ရှစ်လေးလုံး လူထုအုံကြွမှုကြီး ဖြစ်တော့လည်း သူ့ရဲ့ နောက်ဆုံး  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ညီလာခံမှာ အာဏာသိမ်းဖို့ အချက်ပြရင်း မိန့်ခွန်းပြောခဲ့တော့ “စစ်တပ်ဆိုတာ မိုးပေါ် ထောင်မဖောက်ဘူး... ပစ်မယ်ဆိုရင် လူတွေကို မှန်အောင် တည့်တည့်ပစ်တတ်တယ်” လို့ ပြောပြီး လူသတ်ပွဲမိန့် ချပေးခဲ့တယ်။ (၄၂) အမျိုးသားခေါင်းဆောင် ရဟန်းသံဃာတော်တွေ၊ ကျောင်းသူ ကျောင်းသားတွေ၊ တိုင်းရင်းသား ပြည်သူတွေဟာ ဗိုလ်ကျသူ အာဏာရှင်တွေဖြစ်တဲ့ ဦးနု၊ ဦးနေဝင်းတို့ နှစ်ဦးရဲ့ ဖိနှိပ် အနိုင်ကျင့်မှုတွေကို ခေတ်အဆက်ဆက်မှာ တစုတစည်းတည်း တော်လှန်ဆန့်ကျင်ခဲ့ကြတယ်။ အခုဆိုရင် ပြည်သူလူထုတရပ်လုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ပါတီ အန်အယ်လ်ဒီကို အထွေထွေရွေးကောက်ပွဲမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အနိုင်ရခဲ့အောင် ဝိုင်းဝန်းထောက်ခံမဲ  ပေးခဲ့ကြတယ်။ သူမဟာ တိုင်းပြည်ကို ရှက်စရာ၊ သိမ်ငယ်စရာဖြစ်စေတဲ့ ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံဘဝက ဆွဲထုတ် မ တင်ပြီး ဆင်းရဲတွင်းနက်ထဲက လွတ်မြောက်အောင် ဦးဆောင်နိုင်ပါတယ်။ ဖွံ့ဖြိုးတိုးတက် ချမ်းသာပြီး ငြိမ်းချမ်းပျော်ရွှင်ကြတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာအောင် ရှေ့ဆောင်လမ်းပြပါလိမ့်မယ်။ အချုပ်အားဖြင့်ဆိုရရင် စတုတ္ထမြောက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြီးရင် သူ့ရဲ့ချစ်သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးခရီးရှည်ကြီးကို အရည်အသွေး မြင့်မားစွာနဲ့ ဦးဆောင်လမ်းပြနိုင်တဲ့ ပဉ္စမမြောက် အမျိုးသားခေါင်းဆောင် ဖြစ်တယ်လို့ ကျနော်တို့ ပြည်သူအားလုံးက ခိုင်ခိုင်မာမာ ယုံကြည်ကြပါတယ်။          ။ (The Political Turmoil In Burma ဟူသော အမည်ဖြင့် သမိုင်းစာစုကို ဆရာဦးဟန်ထွန်းက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့ပြီး မင်းကောင်းချစ်မှ “ဗမာ့နိုင်ငံရေး ကသောင်းကနင်းများ” အမည်နဲ့  မြန်မာဘာသာ ပြန်ဆိုရေးသားခဲ့ပါတယ်။) မင်းကောင်းချစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024