DVB Logo
Home
မြန်မာသတင်း
ကျေးရွာ ၆ ရွာ မှီခိုနေသည့် ရေကန်နေရာကို ပုံစံ(၇)ထုတ်ပေးသဖြင့် ဒေသခံများကန့်ကွက်
DVB
·
January 3, 2018
ကျေးရွာ ၆ ရွာ မှီခိုနေသည့် ရေကန်နေရာကို ပုံစံ(၇)ထုတ်ပေးသဖြင့် ဒေသခံများကန့်ကွက်
Donate to DVB

 

ဧရာဝတီတိုင်း ဇလွန်မြို့နယ် ရေလဲကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း (၆) ရွာ မှီခိုနေရတဲ့ ရေကန်နေရာကို ပုံစံ (၇) ထုတ်ပေးလိုက်တဲ့အပေါ် ကျေးရွာပြည်သူတွေက မကျေနပ်တဲ့အတွက် သက်ဆိုင်ရာဌာဆိုင်ရာတွေကို လက်မှတ်ရေးထိုး တိုင်ကြားထားပေမယ့် ဒီနေ့အထိ ထူးခြားမှု မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

နှစ်ပေါင်း ၁၀၀ ကျော် အစိုးရမှ သီးစားခွန်ချမပေးခဲ့တဲ့ နိုင်ငံတော်ပိုင် တာကျိုးကန်ကို ၂၀၁၃ ခုနှစ်မှာ ၁၇.၄၃ ဧကကို မြို့နယ်မြေစာရင်းဦးစီးဌာနက တစ်ဦးတည်းပိုင် ချပေးခဲ့တာပါ။

တိုင်တန်းသူဦးသိန်းလွင်ကတော့ “ဒီကန်ကြီးကိုမှီခိုနေတဲ့ ကျေးရွာ(၆)ရွာ ရှိတယ်၊ လယ်ယာစိုက်ပျိုးတယ်။ ဒီကန်က ရေတင်ပြီး စိုက်ရတယ်။ ကျွဲ/နွားတွေအတွက် စားကျက်၊ ကျေးရွာပြည်သူတွေအတွက် သား၊ ငါးရှာဖွေစားသောက်တယ်။ ဒီလို အများပြည်သူ အသုံးပြုနေတဲ့ ကန်ကို ရပ်ကျေးလယ်/စီအဖွဲ့ မြို့နယ်လယ်/စီအဖွဲ့တွေ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲ့မှု အဖွဲ့တွေက တစ်ဦးထဲပိုင်အဖြစ် ပုံစံ (၇)ထုတ်ပေးတဲ့အတွက် ကျနော်တို့ ကျေးရွာပြည်သူတွေ နစ်နာပါတယ်။"လို့ ဒီဗွီဘီကို ပြောပါတယ်။

ရွာသားတွေက ၂၀၁၆ ဇွန်လမှာတစ်ကြိမ် ၂၀၁၇ အောက်တိုဘာမှာတစ်ကြိမ် နိုင်ငံတော်အတိုင်ပင်ခံရုံးအပါအဝင် ၀န်ကြီးဌာနတွေထံ တိုင်ကြားခဲ့ပေမယ့် ခုချိန်ထိ ဘာမှ ထူးမလာသေးပါဘူးလို့ဆိုပါတယ်။

ရေလဲအညာစုကျေးရွာက တောင်သူဦးလှချိုကတော့ “ကျနော်တို့ တာကျိုးကန်ရဲ့ အစပ်က မြေပေါ်မှာ စိုက်ပျိုးစားလာတာ နှစ်ပေါင်း (၃၀) ကျော်သွားပြီ။ အဲ့အတွက်လည်း နိုင်ငံတော်ကို သီးစားအခွန်ပေးဆောင်ခဲ့ရတယ်။ ၂၀၁၃ ခုနှစ်မှာ ပုံစံ(၇)တွေ ထုတ်ပေးမယ်ဆိုလို့ သွားလျှောက်တော့ (မ.၈) မမြဲမြေဖြစ်တဲ့အတွက် ထုတ်ပေးလို့မရဘူးလို့ မြေစာရင်းက ပြောတယ်။ ဒါပေမယ့် အပိုင်မြေတိုင်းစာရေးကျော်ကျော်နဲ့ပေါင်းပြီး ဦးစန်းအေးဆိုတဲ့သူကို ပုံစံ (၇)ထုတ် ပေးလိုက်တယ်။ နောက်ထက်လူတစ်ယောက်ကိုလည်း ပုံစံ(၇)ထပ်ထုတ်ပေးတယ်။ ကျနော်တို့နိုင်ငံတော်ကို အခွန်ထမ်းဆောင်နေတဲ့ ပြည်သူကျတော့ မရဘူး။ ဘာ အထောက်အထားမှ မရှိတဲ့သူကျတော့ ပုံစံ(၇)ထုတ်ပေးထားတယ်"လို့ပြောပါတယ်။

ရပ်ကျေးလယ်/စီအဖွဲ့ဝင်ဦးလှငွေကတော့ “ဦးစန်းအေးကို ပုံစံ(၇)ထုတ်ပေးတဲ့အတွက် ကျေးရွာက မကျေနပ်လို့ တိုင်တယ်။ မြို့နယ်က ကျနော်တို့ကို စစ်ဆေးခိုင်းတယ်။ ဒါကို ကျနော်တို့ကျေးရွာက သူတွေနဲ့ ဦးစန်းအေးကို တွေ့ပြီး ညှိနှိုင်းပေးတယ်။ အဆင်မပြေဘူး။ ဒါကြောင့်မြို့နယ်ကို ကိုယ်တိုင်ကွင်းဆင်းစစ်ဆေးပေးစေချင်ကြောင်းကို စာပြန်တင်တယ်။ ဆုံးဖြတ်တာကတော့ မြို့နယ်တို့ခရိုင်တို့က ဆုံးဖြတ်တာပါတာ။ တာကျိုးကန်က နှစ်ပေါင်း ၁၀၀ ကျော်ထဲက ရှိတာ ဒီဒေသကကျေးရွာတွေကလည်း ကန်ကိုမှီခိုနေရတာပါ”လို့ပြောပါတယ်။

ဇလွန်မြို့နယ် ရေလဲကျေးရွာအုပ်စုအတွင်းရှိ တာကျိုးကန်သည်ဧက (၄၀)ကျော် ကျယ်ဝန်းပြီး နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိပါတယ်။

ကျေးရွာပေါင်း (၆) ရွာမှ ပြည်သူတွေနဲ့ ကျွဲ/နွား အကောင် ၄၀၀ လောက် မှီခိုနေရတဲ့ ကန်ကြီးဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာတော့ ၁၇.၄၃ ဧကကို မြို့နယ်မြေစာရင်းဦးစီးဌာနက တစ်ဦးတည်းအပိုင် ပုံစံ(၇)ထုတ်ပေးလိုက်တဲ့အတွက် ကျေးရွာ(၆)ရွာက ပြည်သူတွေ အခက်အခဲတွေ့နေတာဖြစ်ပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013