DVB Logo
Home
Lead Story
ရင်းနှီးမြှုပ်နှံမှုများနှင့် တရုတ်နိုင်ငံရဲ့ စီးပွားရေးကြီးစိုးမှု
DVB
·
December 29, 2017
ရင်းနှီးမြှုပ်နှံမှုများနှင့် တရုတ်နိုင်ငံရဲ့ စီးပွားရေးကြီးစိုးမှု
Donate to DVB

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးပြောင်းတော့မှာ ဖြစ်ပါတယ်။ အန်အယ်လ်ဒီအစိုးရ သက်တမ်းကလည်း ၂ နှစ်ကျော်လာပါပြီ။ ယခုအစိုးရလက်ထက် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြည်ပဖိအားများဖြင့် အကျပ်အတည်းများစွာ ရင်ဆိုင်ဖြေရှင်းနေရတယ်လို့ သုံးသပ်ရှုမြင်ပါတယ်။ ယခင် ဦးသိန်းစိန်အစိုးရ လက်ထက်ကထက် စီးပွားရေး ကျဆင်းနေတယ်။ တိုးတက်မှု နှေးကွေးနေတယ်လို့လည်း မြန်မာ့စီးပွားရေးပညာရှင်အချို့က သုံးသပ်နေကြပါတယ်။ ပြင်သစ်အခြေစိုက် စီးပွားရေး လေ့လာသုံးသပ်ရေး အဖွဲ့ကတော့ မြန်မာ့စီးပွားရေး တိုးတက်မှုက အဆင့် ၇ ကနေ အဆင့် ၆ အထိ တိုးတက်လာတယ်လို့ ဆိုပါတယ်။

ဒီလို အခက်အခဲတွေကြားထဲကနေပဲ  ယခု ၂၀၁၇ ခုနှစ်အတွင်းမှာပဲ ရှေ့အစိုးရ လက်ထက်က ရင်းနှီးမြှုပ်နှံမှု ဥပဒေနှစ်ခုကို ဖျက်သိမ်းပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နည်းဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ဒီဥပဒေအထဲမှာ ပြည်ပရင်းနှီးမြှုပ်နှံမှု များစွာကို လုပ်ပိုင်ခွင့်များနှင့် ဖိတ်ခေါ်ထားတာတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေတွေ ပေါ်လာသော်လည်း အိမ်နီးနားချင်း ပေါက်ဖော် တရုတ်ကြီးက တက်လာတဲ့ အစိုးရနဲ့ စီးပွားရေး ပူးပေါင်းလုပ်ဆောင်ဖို့ အမြဲတာစူ တက်ကြွနေသူပါ။ စစ်အစိုးရအဆက်ဆက် ဦးသိန်းစိန် အစိုးရအထိ စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့မြဲ တိုးချဲ့လျက် ရှိပါတယ်။ တရုတ်ရဲ့ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုကြီးကတော့ ရေနံသဘာဝဓာတ်ငွေ့နှင့် ကျောက်ဖြူဆိပ်ကမ်း၊ ကြေးနီတောင်စီမံကိန်းတို့ပဲ ဖြစ်ပါတယ်။ တနိုင်ငံလုံး ပြည်သူတွေ ကန့်ကွက်နေတဲ့ကြားက မြစ်ဆုံကို ပြန်စဖို့လည်း လက်ရှိအစိုးရကို သွေးတိုးစမ်း လှုံ့ဆော်မှုတွေ ရှိနေပါတယ်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းက အခုဆို တန်ချိန် ၁ သိန်းကျော် ပင်လယ်ကူးသင်္ဘောကြီးတွေ ဆိုက်ကပ်လာနိုင်နေပါပြီ။

မြန်မာနိုင်ငံ တိုးတက်မှုပြယုဂ်တခု အဖြစ်လည်း မြင်မိပါတယ်။ သို့သော် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု စာချုပ်က စစ်အစိုးရလက်ထက်က နှစ်ရှည်စာချုပ်ကြီးနဲ့ပါ။ ယခုထုတ်ပြန်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် အကျုံးဝင်ပါ့မလား စိုးရိမ်စရာ ရှိပါတယ်။

ဒီဆိပ်ကမ်းမှာ သင်္ဘောအဝင်အထွက်များအတွက် မြန်မာရေကြောင်းပြ ပိုင်းလော့များ ထားရှိသလို တရုတ်ရေကြောင်းပြတွေလည်း တွေ့မြင်ရပါတယ်။ နောက်ဆုံး သင်္ဘောကမ်းကပ် အကူအညီပေးတဲ့ Tag Board တွန်းလှေမောင်းတဲ့သူလည်း တရုတ်လူမျိုး၊ ကမ်းပေါ်ကြိုးဆွဲသူ Line Man တွေကအစ တရုတ်လူမျိုးတွေ တွေ့နေရပါတယ်လို့ မြန်မာရေကြောင်းပြ ပိုင်းလော့တဦးက ပြောပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အခန်း ၁၃၊ ပုဒ်မ ၅၄ မှာ ပညာရှင်များကိုသာ နိုင်ငံခြားသား ခေါ်ဆိုခွင့်ရှိပြီး အခြားစီမံခန့်ခွဲမှုများ၊ နည်းပညာများအတွက် နိုင်ငံသား အလုပ်ခန့်နိုင်ရေး စွမ်းဆောင်ရည်မြှင့်သင်တန်း ပေးရမယ်လို့ ပါရှိပါတယ်။ ကျွမ်းကျင်မှု မလိုသော လုပ်ငန်းများတွင် နိုင်ငံသားများကို ခန့်အပ်ဖို့ ဥပဒေမှာ ပါရှိနေတာကြောင့် ကျောက်ဖြူမှာ နိုင်ငံသားများ အလုပ်အကိုင်ရရှိရေး အစိုးရမှ အလေးထား ဆောင်ရွက်သင့်ပါတယ်။

လက်ပံတောင်းတောင်ကလည်း ယနေ့အထိ ဒေသခံ တောင်သူများနဲ့ ပြေလည်မှု မရရှိသေးပါဘူး။ ဝမ်ပေါင်ကုမ္ပဏီ တခုတည်းတွင် မဟုတ်။ ဦးပိုင်ပါ အကျိုးတူ ပူးပေါင်းနေတော့ နောက်ဆုံးအဖြေက တပ်မတော်ဘက်ပဲ ပြန်ရောက်သွားပြန်ပါတယ်။

ဒါတွေက မြန်မာနိုင်ငံမှာ တရုတ်ရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုတွေပါ။ အခြား မြန်မာနိုင်ငံ မြောက်ပိုင်းက သစ်နှင့် နိုင်ငံအဝန်းက တွင်းထွက်ပစ္စည်းတွေကိုလည်း တရုတ်ကုမ္ပဏီတွေ လိုက်နေကြပါတယ်။ ကျနော်တို့အနားက ပဲခူး၊ ကျောက်ကြီးဘက်မှာ အဖြိုက်နက် ထွက်တယ်ဆိုပြီး တရုတ်တွေ မြန်မာစကားပြန်တွေနဲ့ ရောက်ရှိနေပါပြီ။ စက်ယန္တရား ကားကြီးတွေ ညဘက် မောင်းသွားနေတာတွေ ကျနော်တို့ မျက်မြင်ကိုယ်တွေ့ပါတယ်။ ကေအန်ယူနယ်မြေထဲမှာဆိုတော့ ဘယ်လို ညှိနှိုင်းဆောင်ရွက်နေကြလည်းတော့ သေချာ မသိရှိရသေးပါဘူး။

အီလက်ထရောနစ် (Electornic) ပစ္စည်းများဆိုလည်း နယ်စပ်ဒေသကနေ မြန်မာကုန်သည်တွေကတဆင့် မခံတော့ဘဲ ရန်ကုန်၊ ပဲခူး၊ မော်လမြိုင် စတဲ့မြို့ကြီးတွေအထိ တရုတ်လူမျိုးတွေ ကိုယ်တိုင် လာရောင်းနေတာ တွေ့မြင်ရပါတယ်။ အမည်၊ တည်းတဲ့ တည်းခိုခန်း၊ ဖုန်းနံပါတ် စတာတွေကိုတော့ မြန်မာလို အနည်းငယ် ပြောတတ်ကြပါတယ်။ သူတို့တွေက မြန်မာကုန်သည်တွေထက် ဈေးချို ငွေဆိုင်းပေးနိုင်တော့ ဆိုင်တွေကလည်း အကြိုက် ဖြစ်နေပါတယ်။

အစားအသောက်၊ အဝတ်အစားများလည်း ထို့နည်းတူ။ ကြက် အေးခဲအသားတွေဆို ဈေးနှုန်းချိုချိုနဲ့ ဝင်လာလို့ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုပြီး မနည်းမောင်းထုတ်ခဲ့ရတယ်။ စာသင်ကျောင်း မုန့်ဈေးတန်းမှာလည်း ထုပ်ပိုးမှုလှလှလေးတွေနဲ့ တရုတ်မုန့်တွေ ရောက်ရှိနေတာ ဆယ်စုနှစ်မကတော့ပါဘူး။

ဒါကြောင့် မြန်မာအစားအစာတွေပါမက တရားမဝင် ဝင်လာတဲ့ တရုတ်မုန့်တွေကိုပါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အတွက် လိုက်လံစစ်ဆေး ဖျက်ဆီးတာတွေ လုပ်နေရပါတယ်လို့ FDA ပဲခူးတိုင်းတာဝန်ခံ ဒေါက်တာမြတ်မိုးကြည်က ပြောပါတယ်။

မြန်မာ့ချည်ထည်တွေကလည်း ဈေးနှုန်းချိုတဲ့ တရုတ်ဆိုးဆေးတွေ၊ ချည်ကုန်ကြမ်းတွေ အားကိုးနေရတဲ့ကြားက အခုဆို တရုတ်ပုဆိုးတွေ ဈေးချိုချိုနဲ့ ဝင်လာလို့ မြန်မာ့ချည်ထည်လုပ်ငန်းက အခက်တွေ့နေရပါပြီ။ တိုင်းရင်းသား ရိုးရာအဝတ်အထည်တွေလည်း လက်ရက်ကန်းအထည်ကလွဲလို့ ဈေးနှုန်းသက်သာ အဝယ်များတဲ့ စက်ရက်ကန်းအထည်တွေကို တရုတ်ကပဲ ပြည်တွင်းကို တင်သွင်း ရောင်းချနေရပါတယ်။ ဒါက တရုတ်ရဲ့ ကုန်စည်ဖြန့်ဖြူးရောင်းချမှုပါ။

မြန်မာနိုင်ငံက စိုက်ပျိုးရေး အဓိကနိုင်ငံပါ။ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းကျော်က တောင်သူလယ်သမားတွေ များကြပါတယ်။ ဆန်စပါးတင်ပို့မှုက ဖ.ဆ.ပ.လ ခေတ်အထိ ကမ္ဘာ့နံပါတ် ၁ ဖြစ်ခဲ့ပေမယ့် ယခုအခါမှာတော့ နံပါတ် ၅ ပတ်ဝန်းကျင် တက်လိုက် ကျလိုက်ပါပဲ။

ပြည်ပကို သင်္ဘောနဲ့ ဆန်တင်ပို့မှု ရှိသလို ကျနော်တို့ ပဲခူးတိုင်းနဲ့ အထက်မြန်မာပြည် ဆန်အတော်များများကတော့ တရုတ်ကို တင်ပို့နေရလို့ တရုတ်ဈေးကွက်ကို အားထားနေရပါတယ်။ ယခုနှစ် ရာသီပေါ်ချိန်မှာ တရုတ်က အဝယ်လိုက်လို့ စပါးဈေး၊ ဆန်ဈေး ကောင်းနေပါတယ်။ စပါး တင်းတရာကို ၅ သိန်း ၅ သောင်း၊ ဆန်တအိတ် ပိသာ ၃၀ ကို ၂၁၀၀၀ အထိ ရှိနေပါတယ်လို့ ပဲနွယ်ကုန်းမြို့က မိုးဆန်းပန်း ဆန်စက်ပိုင်ရှင် ကိုကျော်သူဝင်းက ပြောပါတယ်။

ဆောင်းသီးနှံများဆိုလည်း ပဲဒီရွှေဝါ၊ ပဲစင်းငုံ၊ ဖရဲ၊ သခွားမွှေး စတာတွေက တရုတ်ဈေးကွက်ကို အားထားနေရပါတယ်။

ဒီတော့ တရုတ်ရဲ့ လက်ဝါးကြီးအုပ်မှုကို မြန်မာနိုင်ငံ ဘယ်လိုရှောင်လွှဲမလဲ။

လောလောဆယ်မှာတော့ တရုတ်ဝယ်လက် ပိတ်လိုက်တာနဲ့ ဆန်နှင့် ဆောင်းသီးနှံများအပေါ် အားထားမှီခိုနေရတဲ့ တောင်သူတွေပဲ အရင်ထိမှာ ဖြစ်ပါတယ်။

ဒီအချိန်မှာ အနောက်နိုင်ငံများရဲ့ ဖိအားတွေက မြန်မာနိုင်ငံကို တရုတ်နဲ့ ပိုးနီးကပ်စေတယ်လို့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန် ပြောသလို ဖြစ်နေပါပြီ။ ဒါကိုလည်း အမေရိကန် စတဲ့ အနောက်နိုင်ငံတွေ စိုးရိမ်ကြပါတယ်။ ဒါပေမယ့်လည်း ရခိုင်အရေးနဲ့ပတ်သက်ပြီး OIC ရဲ့ ဖိအားကိုလည်း သူတို့ ရုန်းမထွက်နိုင်ဘူး ဖြစ်နေပါတယ်။ အနောက်ရဲ့ ဖိအားတွေက လူသားချင်း စာနာမှုကနေ ဘာသာရေးအသွင်ဘက် ရောက်နေပြီလို့ သုံးသပ်ပြောဆိုချင်ပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက်မှာ သစ်အလုံးလိုက် ပြည်ပပို့တာတွေ ရပ်လိုက်တယ်။

ယခု အစိုးရလက်ထက်မှာ သစ်ထုတ်လုပ်မှုကိုပါ ရပ်ပစ်လိုက်ပါတယ်။ နိုင်ငံရဲ့ ဝင်ငွေရရှိမှုလည်း လျော့သွားပါတယ်။ ဒါလည်း ခပ်ကောင်းကောင်းပါပဲ။ တကယ့် ဝင်ငွေခွန်က နိုင်ငံဘဏ္ဍာထဲ အရောက်နည်းပါတယ်။ တရားမဝင် ခိုးခုတ်သယ်၊ ကွန်တိန်နာနဲ့ ခိုးပို့တွေ ရှိနေကြတော့ လူတစုသာ ကောင်းစားပြီး နိုင်ငံရဲ့ သစ်တောပဲ ပြုန်းတီးသွားတာ၊ တောင်တွေ ကတုံးဖြစ်သွားတာပဲ အဖတ်တင်ပါတယ်။ ကျနော်တို့ ပဲခူးရိုးမမှာ မမြင်ဘူးတဲ့ ကျွန်းသစ်ထက် ဈေးကောင်းသော တမလန်းသစ်ကို တရုတ်ပြည် အများဆုံး ပို့ဆောင်နေတယ်လို့ သိရတယ်။ ကချင်ပြည်နယ်နှင့် မကွေးတိုင်းဒေသမှာ အများဆုံး တွေ့ရပါတယ်။ တရုတ်ပြည်က မြန်မာနိုင်ငံကို စီးပွားရေး လက်ဝါးကြီးအုပ်မှုမှာ တရားဝင်ရော တရားမဝင်ပါ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

ဒါကြောင့် လက်ရှိ အန်အယ်လ်ဒီအစိုးရက ၂၀၁၈ ခုနှစ်မှာ ပြဋ္ဌာန်းထုတ်ပြန်ပြီးသား ဖြစ်သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရမယ်။

ကျိန်းသေတာကတော့ တရုတ်ကို လက်လွှတ်လို့ မရသေးသလို အခြား ပြည်ပနိုင်ငံများရဲ့ ရင်းနှီးမြှုပ်နှံမှု ဝင်လာဖို့အတွက် အသေးစား၊ အလတ်စား လုပ်ငန်းတွေကို အစိုးရကပါ အတူပူးပေါင်း ရင်းနှီးမြှုပ်နှံ လုပ်ဆောင်ပေးဖို့ လိုပါတယ်။ နိုင်ငံတော်ရဲ့  စီးပွားရေးမူဝါဒ ၁၂ ရပ်ထဲမှာပါတဲ့ အသေးစား၊ အလတ်စား ရင်းနှီးမြှုပ်နှံမှု small & medium enterprize (SME) တွေကို လက်တွေ့ချဉ်းကပ်နည်းများနဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှသာ ပြည်ပနိုင်ငံများက အရင်ဆုံး လေ့လာသုံးသပ်ကြမှာပါ။ သို့ပေမယ့်လည်း စီးပွားရေး အထောက်အကူဖြစ်တဲ့ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး၊ အခြေခံ အဆောက်အဦတွေကတော့ လက်ရှိ အန်အယ်လ်ဒီအစိုးရအနေနှင့် စိန်ခေါ်မှုတွေအကြား ရင်ဆိုင်ဖြေရှင်းရမယ့် ပြဿနာများပါလို့ ကျနော် လေ့လာသုံးသပ်မိသလောက် ရေးသားလိုက်ရပါတယ်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ပါစေ

ဗိုလ်သူရိန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013