Home
သုံးသပျခကျြ
လက်နက်ကိုင် တိုင်းရင်းသားတွေလည်း မီဒီယာ လွတ်လပ်ခွင့် တောင်းဆိုပြီ
DVB
·
January 26, 2012
KIA soldiers
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နဲ့ ဦးသိန်းစိန် အစိုးရ ကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးကြတဲ့အခါ အရင် တကြိမ်တခါကမှ မတောင်းဆိုခဲ့ဖူးတဲ့ အချက်တခု တောင်းဆိုလာတာ တွေ့ရပါတယ်။ အဲဒါကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးသမျှတွေကို နှစ်ဖက် မှန်မှန်ကန်ကန် သတင်းထုတ်ပြန်ပေးဖို့​ ​တောင်းဆိုလာတာ ဖြစ်ပါတယ်။ ဒီအချက်ဟာ အလွန်ထူးခြားပါတယ်။ တိုင်းရင်းသားတွေ ဒီအချက်ကို ဘာလို့ တောင်းဆိုလာတာလဲ၊ အရင်က ဘာတွေဖြစ်ခဲ့ပြီး လက်ရှိ ဘာတွေဖြစ်နေလို့လဲ ဆိုတာ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၂ ရက်နေ့က ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးနဲ့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့တို့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပါတယ်။ အဲဒီမှာ သဘောတူညီချက် ၅ ချက်နဲ့ ဆက်ပြီး ဆွေးနွေးဖို့ သဘောတူတဲ့ အချက် ၁၁ ချက် ပါဝင်ပါတယ်။ ဆက်ပြီး ဆွေးနွေးဖို့ သဘောတူညီချက် အမှတ် ၅ မှာ “ နိုင်ငံတော် သတင်းမီဒီယာများအား ငြိမ်းချမ်းရေးလမ်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်စေရန်နှင့် အခြား သတင်း မီဒီယာများအား တိကျသော ငြိမ်းချမ်းရေးဆိုင်ရာ သတင်း အချက်အလက်များအား ရယူခွင့်ပြုရန်” ဆိုတဲ့ အချက်ပါဝင်ပါတယ်။ အလားတူ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၉ ရက်နေ့မှာ ကေအိုင်အို ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်တွေ ရွှေလီမှာ တွေ့ဆုံဆွေးနွေးစဉ်မှာလည်း ကေအိုင်အိုဘက်ကနေ “ပြည်သူအများကို မှန်ကန်သော သတင်းထုတ်ပြန်သွားရန် သဘောတူပါသည်” ဆိုတဲ့ အချက်ကို ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။ အဲလို ဆွေးနွေးတဲ့ အဖွဲ့ ၂ ဖွဲ့လုံးကို အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေက လိုက်နာပါမယ်လို့ ကတိမပေးခဲ့ပါဘူး။ လက်မှတ်ရေးထိုး သဘောတူတာတွေ မလုပ်ခဲ့ပါဘူး။ အကြောင်းကတော့ စစ်အစိုးရကနေ အသွင်ပြောင်းလာတဲ့ ဦးသိန်းစိန် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန် သဘောထား ထုတ်ပြန်ဖို့ ဆန္ဒမရှိသေးဘူးဆိုတာ ပြသလိုက်တာပဲ ဖြစ်ပါတယ်။ အလားတူ အဖြစ်အပျက်မျိုး အရင်တုန်းကလည်း တလျှောက်လုံး ရှိခဲ့ဖူးပါတယ်။ ၁၉၉၀ ကစ နှစ်ပေါင်းများစွာ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပတ်သက်ပြီး ဘာတွေ သဘောတူထားခဲ့တယ်ဆိုတာ စစ်အစိုးရအနေနဲ့ ပြည်သူလူထုကိုရော ကမ္ဘာ့မိသားစုတခုလုံးကိုပါ လုံးဝ အသိပေးခဲ့ခြင်း မရှိပါဘူး။ တလျှောက်လုံး သတင်းအမှောင်ချထားခဲ့တာ ဖြစ်ပါတယ်။ အလားတူ အစိုးရအဖွဲ့သစ်လက်ထက် ငြိမ်းချမ်းရေး လုပ်တော့လည်း ဟိုတဖွဲ့နဲ့ ငြိမ်းချမ်းရေးလုပ်တော့ သတင်းထုတ်ပြန်တာ တမျိုး၊ ဒီအဖွဲ့နဲ့ ငြိမ်းချမ်းရေးလုပ်တော့ တဖုံ အမျိုးမျိုး လုပ်လာပြန်ပါတယ်။ ဥပမာ ၀ အဖွဲ့မိုင်းလား အဖွဲ့တွေနဲ့ လက်မှတ်ရေးထိုး သဘောတူညီခဲ့တဲ့ အချက်တွေကို အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ချင်း လက်နက်ကိုင် CNF အဖွဲ့နဲ့ သဘောတူ လက်မှတ်ထိုးတဲ့ အချက်တွေ၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) အဖွဲ့နဲ့ လက်မှတ်ရေးထိုးတာတွေကိုတော့ ဘယ်အချက်တွေကိုမှ မဖော်ပြဘဲ ထိန်ချန် ထားခဲ့ပြန်ပါတယ်။ ဒီလိုပါပဲ။ ကေအန်ယူနဲ့ ဆက်ပြီးဆွေးနွေးဖို့ သဘောတူတဲ့ အချက် ၁၁ ချက်ကိုလည်း အစိုးရပိုင် သတင်းစာတွေမှာ မဖော်ပြပါဘူး။ ပုဂ္ဂလိကဂျာနယ် တချို့မှာသာ အဲဒီအချက်တွေကို ဖော်ပြတာ တွေ့ရပါတယ်။ ဒီလိုပဲ ကေအိုင်အိုနဲ့ နောက်ဆုံးဆွေးနွေးတဲ့ ပွဲမှာလည်း ကေအိုင်အိုက တင်ပြတဲ့အချက်တွေကို လုံးဝ အမှောင်ချထားပါတယ်။ အစိုးရက ဒါကို ဘာကြောင့်လုပ်တာလဲ။ ပြောရရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က မရိုးသားဘူးဆိုတာ ဖော်ပြရာ ရောက်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ နောက်ဆုံးဆွေးနွေးပွဲမှာ ကေအိုင်အိုအဖွဲ့က ဦးလဇိန်ဂျီနောင်က ခုလို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ပါတယ်။ “ပြည်သူအများကို မှန်ကန်သော သတင်းများ ထုတ်ပြန်သွားရန် သဘောတူသလား ဆိုတဲ့နေရာမှာ ပြည်သူအများကို ထုတ်ပြန်တဲ့နေရာမှာ ကျနော်တို့က ပေါက်တတ်ကရ မီဒီယာတွေကို ပြောတာမဟုတ်ပါဘူး။ နိုင်ငံတော်အစိုးရက ထုတ်ပြန်တဲ့နေရာမှာ သဘောက ပြည်နယ်အဆင့် ဆွေးနွေးပွဲတုန်းက ဘယ်လို သဘောရသလဲဆိုရင် ဦးကျော်ဆန်း ပြောသလိုပါပဲဆိုပြီး ပြောပါတယ်။ မှန်ကန်သော သတင်းအချက်အလက် ဖြစ်ပါတယ်။ ကျနော်တို့က ဒီမှာ ဆွေးနွေးတယ်။ နှစ်ရက်သုံးရက် ဆွေးနွေးတယ်။ တဖက်က တမျိုးပြောလိုက်၊ အကြီးဆုံးတယောက်ပြောတဲ့ကိစ္စကို ဒီအရာက မှားပါတယ်ပြောလဲ မရပါဘူး။ အဒီအရာတွေက သဘောတူဖို့ လိုပါတယ်။ ထုတ်ပြန်ပေးဖို့ ဖြစ်ပါတယ်။ မှန်ကန်တဲ့သဘော မဟုတ်ကဟုတ်ကတွေ မလုပ်ဘဲနဲ့ အများပြည်သူသိအောင် မှန်ကန်သော သတင်းများ ထုတ်ပြန်သွားဖို့ သဘောတူညီဖို့ ဖြစ်ပါတယ်။ တဖက်နဲ့ တဖက် ပုတ်ခတ်ပြောဆိုခြင်း၊ မတရားစွပ်စွဲခြင်းများကို ရှောင်ကြဉ်ကြရမယ်ဆိုတဲ့ နေရာမှာ ထစ်ခနဲရှိ ကေအိုင်အေ၊ ထစ်ခနဲရှိ ကေအိုင်အေ၊ တလောက ရောက်လာပါသေးတယ်။ ကေအိုင်အေ နှစ်ယောက်၊ ဖောက်ခွဲရေးသမား နှစ်ယောက်နဲ့ ကျောင်းသားအဖွဲ့ ခြောက်ယောက် ဆိုလား ရန်ကုန်ကို ဖောက်ခွဲဖို့ သွားတယ်တဲ့။ ကျနော်တို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဖမ်းလိုက်ပါလား။ ဘာလို့ မဖမ်းလဲ၊ အပြစ်မရှိတဲ့ ကေအိုင်အေတောင် ဖမ်းသေးတာ ဘာလို့ မဖမ်းတာလဲလို့ ဒေါကန်ကန်နဲ့ ပြောခဲ့သေးတယ်။ အဲဒါက တဖက်သတ် ပြောဆိုခြင်း မတရားစွပ်စွဲခြင်းကို ပြောလိုပါတယ်။ အခုက အဲ့လိုမျိုးတွေကို ပြောခြင်းအားဖြင့် ကျနော်တို့အတွက် ဘယ်လောက်အထိ ထိခိုက်မလဲ။ အတော်ကို စိတ်ထိခိုက်ပါတယ်။ အဲဒါကြောင့် ဗုံးခွဲတိုင်း ကေအိုင်အေ၊ တမျိုးမျိုး ဖြစ်တိုင်း ကေအိုင်အေ အဲလိုမျိုးအပိုင်းတွေ နောက်ပြီး ကျနော်တို့က မူးယစ်ကို မရမက ဖျက်နိုင်သမျှ ဖျက်တယ်။ ဒါပေမယ့် ပါလာတယ်။ မူးယစ်လုပ်တဲ့သူတွေ၊ တကယ်တမ်းကျတော့ ဆွပေးတဲ့အပိုင်း မမှန်ကန်တဲ့ သတင်းတွေဖြစ်ပါတယ်။ ပုတ်ခတ်တာလည်း ဖြစ်ပါတယ်။ မတရားစွပ်စွဲတာလည်း ဖြစ်ပါတယ်။ အဖြစ်ကို အဖြစ်အတိုင်း၊ အရှိကို အရှိအတိုင်း ပြောရင် ကျနော်တို့ မပြောလိုပါဘူး။ ကျနော်တို့လည်း ပြုပြင်စရာရှိရင် ပြုပြင်မှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တဖက်နဲ့ တဖက်က ပုတ်ခတ်ပြောဆိုတာ မတရားစွပ်စွဲတာ အဲဒီအပိုင်းကို ကျနော်တို့ မလိုလားပါဘူး။ ဒါတွေကို ပထမအဆင့်မှာလိုလားပါတယ်။” ဆိုပြီး ပြောခဲ့ပါတယ်။ ဒီစကားကို နားထောင်ကြည့်ရင် တိုင်းရင်းသားတွေဟာ စစ်အစိုးရ အဆက်ဆက်နဲ့ လက်ရှိအစိုးရရဲ့ သတင်းထုတ်ပြန်ရေးနဲ့ ပတ်သက်ပြီး လိုသလို လုပ်ကြံ ထုတ်လွှင့်နေတဲ့ ကိစ္စကို ဘယ်လောက် စက်ဆုတ် ရွံရှာမုန်းတီးနေသလဲ ဆိုတာကို ဖော်ပြနေပါတယ်။ တကယ်လို့သာ ဆွေးနွေးပွဲ မှတ်တမ်းတွေကိုသာ မှန်မှန်ကန်ကန် ထုတ်ပြန်ခဲ့ရင် လက်ရှိ အစိုးရဟာ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းသွားအောင် အပစ်အခတ် ရပ်စဲရေးအဆင့်လောက်ကိုပဲ အသည်းအသန် လုပ်လိုပြီး တိုင်းရင်းသားအချင်းချင်း တန်းတူရည်တူရှိတဲ့ ထာဝရ ငြိမ်းချမ်းရေး ရယူဖို့ ဆန္ဒမရှိဘူး ဆိုတာလည်း ပေါ်လွင်လာမှာ ဖြစ်ပါတယ်။ ဒီအခါ ပြည်သူတွေဟာ ထာဝရငြိမ်းချမ်းရေး လိုချင်သူဟာ ဘယ်သူ၊ နိုင်ငံရေးအမြတ် ထုတ်ချင်သူဟာ ဘယ်သူဆိုတာ ရှင်းရှင်းလင်းလင်း သိသွားမယ် ဖြစ်ပါတယ်။ ဒီအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန် သတင်းထုတ်ပြန်ပေးဖို့ တောင်းဆိုချက်ဟာ အလွန်တရားမျှတတဲ့ တောင်းဆိုချက် ဖြစ်ပါကြောင်း၊ ဒီအချက်ဟာ ထာဝရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်ဖို့ အလွန်သော့ချက်ကျပါကြောင်း တင်ပြလိုက်ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024