DVB Logo
Home
Lead Story
ကမ္ဘာကျော် အော်စကာရုပ်ရှင်ဆု တစေ့တစောင်းနဲ့ ၂၀၁၇ အော်စကာ
DVB
·
March 7, 2017
ကမ္ဘာကျော် အော်စကာရုပ်ရှင်ဆု တစေ့တစောင်းနဲ့ ၂၀၁၇ အော်စကာ
Donate to DVB

၈၉ ကြိမ်မြောက် အော်စကာဆုလို့ လူသိများထင်ရှားတဲ့ အမေရိကန် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကတော့ ဖေဖော်ဝါရီလ ၂၆ ရက် တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားခဲ့ပါပြီ။ ဒီအကယ်ဒမီဆု ဒါမှမဟုတ် အော်စကာဆိုတွေကို တနှစ် တခါ အမေရိကန်ပြည်ထောင်စုအတွင်းမှာရှိတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးတွေက ထုတ်လုပ် ပြသလိုက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက အနုပညာနဲ့ နည်းဗေဒအရ ထူးချွန်လို့ ဂုဏ်ပြုထိုက်တယ်လို့ အကယ်ဒမီဆု ရွေးချယ်ရေး အဖွဲ့ဝင်တွေက အကဲဖြတ် မဲပေး ရွေးချယ်ပေးလိုက်တဲ့ နယ်ပယ် ၂၄ ခုက အနုပညာရှင်တွေကို ပေးအပ်ချီးမြှင့်တာ ဖြစ်ပါတယ်။

အဲဒီလို နယ်ပယ်အမျိုးမျိုးက ထူးချွန်တဲ့ အနုပညာရှင်တွေကို အော်စကာလို့ အမည်ပေးထားတဲ့ ပန်းပု ရုပ်တုတွေ ဆုအဖြစ် ပေးအပ်ပါတယ်။ အဲဒီအကယ်ဒမီဆု ပေးအပ်ပွဲကို အမေရိကန်ပြည်ထောင်စုမှာ ၁၉၂၉ ခုနှစ်က စတင်ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ဆုပေးပွဲကို ကြီးကြပ်စီမံ ကျင်းပပေးတာကတော့ ရုပ်ရှင် အနုပညာရပ်များနဲ့ သိပ္ပံအကယ်ဒမီ (AMPAS) ဖြစ်ပါတယ်။ ဆုကို စတင်ပေးအပ်ချီးမြှင့်တာက ၁၉၂၉ ခုနှစ် ဖြစ်ပေမယ့် ၁၉၃၀ ခုနှစ်မှာမှ ပထမဆုံး ရေဒီယိုက ထုတ်လွှင့်ကြေညာပေးတာ ဖြစ်ပါတယ်။ ပထမဆုံး ရုပ်သံအစီအစဉ် ထုတ်လွှင့်မှုကိုတော့ ၁၉၅၃ ခုနှစ်မှာမှ လုပ်နိုင်ခဲ့ပြီး ခုချိန်မှာတော့ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ နိုင်ငံပေါင်း ၂၀၀ ကျော် အွန်လိုင်းကနေ တိုက်ရိုက်ကြည့်ရှုနိုင်ကြပြီ ဖြစ်ပါတယ်။

တကယ်တော့ ဒီအကယ်ဒမီဆုပေးပွဲ အခမ်းအနားဟာ သက်တမ်းအရင့်ဆုံး ဖျော်ဖြေရေးဆု ချီးမြှင့်အခမ်းအနားတခုလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင် အကယ်ဒမီဆုဟာ ရုပ်သံအတွက် ပေးအပ်တဲ့ အင်မီဆု၊ ကဇာတ်အတွက် ပေးအပ်တဲ့ တိုနီဆု၊ တေးဂီတနဲ့ အသံသွင်းဆိုင်ရာဆု ဂရမ်မီဆုတွေနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။

ခု ကျင်းပပြီးစီးသွားတဲ့ ၈၉ ကြိမ်မြောက် အော်စကာဆုပေးပွဲဟာ ၂၀၁၆ ခုနှစ်က အကောင်းဆုံး ရုပ်ရှင်ကားတွေထဲက ထူးချွန်တဲ့ အနုပညာရှင်တွေကို ဆုချီးမြှင့်ပေးခဲ့တာ ဖြစ်ပြီး ဟောလိဝဒ်မှာရှိတဲ့ ဒိုလ်ဘီ ကဇာတ်ရုံမှာ ကျင်းပသွားခဲ့တာပါ။ ထူးချွန်တဲ့ အနုပညာရှင်တွေကို ချီးမြှင့်ပြီးတဲ့ အော်စကာရုပ်တုပေါင်းဟာ စပြီး ဆုပေးတဲ့နှစ်က ပြီးခဲ့တဲ့ ၈၈ ကြိမ်မြောက် အကယ်ဒီဆုပေးပွဲအထိ ၃၀၄၈ ရုပ် ရှိသွားခဲ့ပြီလို့ ဆိုပါတယ်။

ဒီအော်စကာလို့ လူသိများတဲ့ ရုပ်ရှင်ထူးချွန် အကယ်ဒမီဆုဟာ ရွှေပြားနဲ့ ဖုံးထားတဲ့ ဓားကိုင်သူရဲကောင်းတယောက်က ဒေါက် ၅ ချောင်းပါတဲ့ အမည်းရောင် ရုပ်ရှင်ဖလင်ခွေတုပေါ်မှာ ခရူဆိတ်ဒါကိုင် ဓားကိုကိုင်ပြီး မတ်တတ်ရပ်နေတဲ့ ပန်းပုပုံပါ။

ဖလင်ခွေရဲ့ ဒေါက် ၅ ချောင်းကတော့ အကယ်ဒမီရဲ့ မူလအစပြုရာ သရုပ်ဆောင်၊ စာရေးဆရာ၊ ဒါရိုက်တာ၊ ထုတ်လုပ်သူနဲ့ ပညာရှင်တွေကို ကိုယ်စားပြုထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အမည်းရောင်သတ္တု အောက်ခြေပေါ်မှာ သူရဲကောင်း ဓားကိုင် သူရဲကောင်းတယောက် ရပ်နေတဲ့ ပန်းပုပုံဟာ ၁၃ ဒသမ ၅ လက်မ (၃၄ ဒသမ ၃ စင်တီမီတာ) မြင့်ပြီး၊ အလေးချိန် ၈ ဒသမ ၅ ပေါင် (၃ ဒသမ ၈၅၆ ကီလိုဂရမ်) ရှိပါတယ်။

အစပိုင်း အခမ်းအနားတွေမှာ ရွှေပြားအုပ် ကြေးနီပန်းပုဖြစ်ပြီး နောက်ပိုင်းနှစ် တွေမှာတော့ သံဖြူ၊ ကြေးနီနဲ့ အင်တီမိုနီရော အဖြူရောင်သတ္တုရော တခုကို ကြေးနီ၊ နစ်ကယ်လ် ငွေသားဖုံး ရုပ်တုတွေကို သုံးစွဲလာခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာတော့ ၂၄ ကာရက် ရွှေသားနဲ့ ဖုံးလွှမ်းတဲ့ ရုပ်တုတွေ ဖြစ်လာခဲ့ပါတယ်။

ဒီဆုရုပ်တုကို အော်စကာလို့ နာမည်ပေးလာတာနဲ့ ပတ်သက်လို့ကတော့ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။ အကယ်ဒမီရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်ခဲ့တဲ့ ဘက်တီဒေးဗီးစ်ရဲ့ ကိုယ်ရေးအတ္ထုပတ္တိ တခုမှာတော့ သူက သူ့ပထမယောက်ျားဖြစ်တဲ့ တီးဝိုင်းခေါင်းဆောင် ဟာမွန်အော်စကာနယ်လ်ဆန် သေပြီးမှ သူက ဒီနာမည်ကို ပေးခဲ့တာလို့ ဖော်ပြထားသလို အကယ်ဒမီရဲ့ အမှုဆောင် အတွင်းရေးမှူး ဖြစ်ခဲ့ဖူးတဲ့ မားဂရက်ဟဲရစ်က ၁၉၃၁ ခုနှစ်မှာ ဆုကို စတွေ့ခဲ့ပြီး ရုပ်တုက သူ့ရဲ့ “အန်ကယ်လ် အော်စကာ” လို့ လူသိများတဲ့ မောင်ဝမ်းကွဲတော်သူ အော်စကာ ပီးယပ်စ်ကို အမှတ်ရစေလို့ အော်စကာလို့ နာမည်ပေးခဲ့တယ်လို့လည်း ဖော်ပြခဲ့တာတွေ ရှိပါတယ်။ ရုပ်တု နာမည်ကို အော်စကာလို့ အစောဆုံး ဖော်ပြသုံးနှုန်းခဲ့တာကတော့ ၁၉၃၄ ခုနှစ် အကယ်ဒမီဆုပေးပွဲနဲ့ ပတ်သက်ပြီး ရေးသားခဲ့တဲ့ တိုမ်းမဂ္ဂဇင်း ဆောင်းပါးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆုရုပ်တုကို တရားဝင် အော်စကာလို့ နာမည်ပေးခဲ့တာကတော့ ရုပ်ရှင် အနုပညာရပ်များနဲ့ သိပ္ပံအကယ်ဒမီက ၁၉၃၉ ခုနှစ်မှာမှ ပေးအပ်ခဲ့တယ် ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်ကစပြီး ကမ္ဘာတဝန်းက ရုပ်ရှင်အနုပညာကို စိတ်ဝင်စားကြတဲ့ ပရိသတ်တွေကတော့ အော်စကာ ဆုပေးပွဲရယ်လို့ ခေါ်တွင်ခဲ့ကြ၊ တခဲနက် ကြည့်ရှုခဲ့ကြတယ် ဆိုတာတော့ ဒီကနေ့အထိပါပဲ။

ဆုပေးတဲ့ အနုပညာ အုပ်စုဝင်တွေဟာ အော်စကာဆုကို ဆုရဲ့ ဂုဏ်သိက္ခာအတွက် ရယူ ပိုင်ဆိုင်ချင်ကြတာပဲ ဖြစ်ပါတယ်။ အော်စကာဆုပေးပွဲမတိုင်ခင် သတင်းမီဒီယာတွေရဲ့ ခန့်မှန်းပြောဆိုရေးသားမှုတွေအပေါ်မှာလည်း အများစုက ခံစားရင်ခုန်တတ်ကြပါတယ်။ အကယ်ဒမီအဖွဲ့အနေနဲ့ကတော့ ဆုပေးပွဲ အခမ်းအနားမတိုင်ခင် ဆုရသူ စာရင်း မပေါက်ကြားနိုင်အောင် အခမ်းအနားမှာ ပေးအပ်တဲ့ အော်စကာရုပ်တုတွေရဲ့ အောက်ခြေ အမည်ပြားနေရာကို ဘာမှ ရေးထွင်းဖော်ပြမှု မလုပ်ဘဲ ကွက်လပ်လွှတ်ထားပေးပြီး ဆုပေးလေ့ ရှိပါတယ်။

၂၀၁၀ ခုနှစ်အထိတော့ ဆုရတဲ့ အနုပညာရှင်တွေအနေနဲ့ ဆုပေးပွဲ ပြီးတဲ့အချိန်မှာ အော်စကာရုပ်တုကို အကယ်ဒမီအဖွဲ့ကို ပြန်ပေးအပ်ခဲ့ပြီး သူတို့နာမည်ကို ရေးထိုးပေးခံရတဲ့အထိ သီတင်းပတ် အတော်လေးကြာအောင် စောင့်ခဲ့ကြရပါတယ်။ ဆုရုပ်တုကိုတော့ အော်စကာဆုပေးပွဲ ပြီးပြီးချင်း ကျင်းပလေ့ရှိတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ကပွဲမှာ ပြန်လည်ပေးအပ်ရတာ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်မှာ အော်စကာဆုရသူတွေအတွက် အာအက်စ်အိုဝင်ကုမ္မဏီက ဆုပေးပွဲ မကျင်းပခင် အမည်ရေးထွင်းပြီးသား ပလိတ်ပြားပေါင်း ၁၉၇ ခုကို ကြိုပြီး လုပ်ထားပေးခဲ့ရပါတယ်။ တိတိကျကျ ဘယ်သူရမယ်မှန်း မသိသေးဘဲ ရနိုင်ခြေရှိတယ်လို့ အလားအလာရှိတဲ့ အနုပညာရှင်တွေအားလုံးရဲ့ နာမည်တွေအားလုံးကို ရေးထွင်းထားခဲ့ရ တာပါ။ အော်စကာဆုနဲ့ လွဲခဲ့ရတဲ့ အနုပညာရှင်တွေရဲ့ နာမည်ပါ နံမည်ပြား ၁၇၅ ခုဝန်းကျင် လောက်ကိုတော့ နောက်ပိုင်းမှာ ပြန်သုံးဖို့ စီစဉ်ထားခဲ့ရတာ ဖြစ်ပါတယ်။ အော်စကာ ဆုပေးပွဲ အခမ်းအနားဟာ ကမ္ဘာတဝန်းမှာ နာမည်ကျော်ကြားပြီး အွန်လိုင်းကနေ စောင့်ကြည့်သူ သန်းပေါင်းများစွာ ရှိခဲ့သလို အလွန်စနစ်တကျ ဟိတ်ဟန်ထက် တကယ့်အနှစ်သာရ တန်ဖိုးတွေကို တန်ဖိုးထားပြီး တကယ့်ပွင့်လင်းရင်းနှီး လွတ်လပ်မှုနဲ့ ကျင်းပခဲ့တဲ့ အစဉ်အလာရှိခဲ့တဲ့ ဆုပေးပွဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလောက် စနစ်တကျ စီစဉ်ကျင်းပတတ်တဲ့ အော်စကာဆုပေးပွဲဟာ ခုနှစ် ၂၀၁၇ ခုနှစ်မှာတော့ အတော်ကြီးမားတဲ့ မှားယွင်းမှုတခု ဖြစ်ခဲ့ပါတယ်။

အဲဒါကတော့ အကောင်းဆုံးရုပ်ရှင်ကား ဆုစာရင်း ကြေညာရာမှာ လွဲချော် မှားယွင်းခဲ့ပါတယ်။ အဲဒီအမှားအတွက်လည်း သိသိချင်း ချက်ချင်းပြန်လှန်ပြင်ဆင်ပြီး တာဝန်ရှိတဲ့ ပရိုက်စ်ဝါးတားဟောက်စ်ကိုပါးစ်က မှားယွင်းကြေညာခံခဲ့ရတဲ့ ‘မွန်းလိုက်’ ‘လာလာလင်းဒ်’ ရုပ်ရှင်ကားတွေ၊ တင်ဆက်သူတွေ ဖြစ်တဲ့ ဂျင်မီကင်းမ်မဲလ်၊ ဝါရင်ဘီတီနဲ့ ဖေးဒန်းနဝိုးနဲ့ အော်စကာဆုပေးပွဲကို ကြည့်ရှုသူတွေကို တောင်းပန်ခဲ့ပါတယ်။

တကယ်တမ်း ၂၀၁၇ ခုနှစ်အတွက် အော်စကာဆုရရှိသွားတဲ့ ရုပ်ရှင်ဖာတ်ကား၊ အနုပညာရှင်တွေနဲ့ ပညာရှင်တွေကတော့……

အကောင်းဆုံးရုပ်ရှင်ကားတွေကတော့...

Moonlight(ဆုရဇာတ်ကား)။ Arrival,Fences,Hacksaw Ridge, Hell or High Water,Hidden Figures,La La Land,Lion,Manchester by the Sea.

အကောင်းဆုံးသရုပ်ဆောင်(အမျိုးသား)

Casey Affeck (Manchester by the Sea.) (ဆုရ)၊ Andrew Garfield, “Hacksaw Ridge ၊

Ryan Gosling, “La La Land,”၊ Viggo Mortensen, “Captain Fantastic”၊ Denzel Washington, “Fences”

အကောင်းဆုံးသရုပ်ဆောင်(အမျိုးသမီး)

Emma Stone (La La Land)၊ Isabelle Huppert, “Elle”၊ Ruth Negga, “Loving”၊

Natalie Portman, “Jacki”၊ Meryl Streep, “Florence Foster Jenkins”

အကောင်းဆုံးဒါရိုက်တာ

(La La Land) Damien Chazelle၊ “Hacksaw Ridge,” Mel Gibson၊“Moonlight,” Barry Jenkins၊“Manchester by the Sea,” Kenneth Lonergan၊“Arrival,” Denis Villeneuve

စတဲ့ အနုပညာရှင်တွေနဲ့အတူ တခြားအနုပညာကဏ္ဍတွေက ၂၀၁၇ အော်စကာ ရုပ်ရှင်ထူးချွန်ဆုကို အနုပညာရှင်၂၀ ကျော်က ရရှိသွားခဲ့ကြပါပြီ။

အနုပညာရပ်အားလုံး လွတ်လပ်ကြစေချင်ပါတယ်။  ။

စိုးနေလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013