Home
ဆောင်းပါး
ပြည်သူအင်အားရှိမှ တိုင်းပြည်အင်အားရှိနိုင်မယ်
DVB
·
December 22, 2016
minkaungchit22122016
  ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့က နေပြည်တော်ရှိ MICC 2 မှာ ပြုလုပ်တဲ့ ပထမအကြိမ် မြန်မာနိုင်ငံ ဉာဏ်ရည်မသန်စွမ်းသူများဆိုင်ရာ ပညာရေးညီလာခံဖွင့်ပွဲ အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့အထဲမှာ မြန်မာနိုင်ငံကို လမ်းကြောင်းမှန်ပေါ် ပြန်လည်ဆွဲတင်နိုင်ဖို့ အလွန်အရေးကြီးတဲ့ အတွေးအခေါ် အယူဆတရပ်ကို ပါဝင်တာမို့ အများပြည်သူအားလုံး ပိုမိုသတိပြု သိမြင်လာစေဖို့ ရည်ရွယ်ပြီး ဒီဆောင်းပါးကို ရေးဖြစ်တာ ဖြစ်ပါတယ်။ အဲဒါကတော့ နိုင်ငံတနိုင်ငံရဲ့အင်အားကို တိုင်းထွာရာမှာ အဲဒီနိုင်ငံအတွင်းက အားအနည်းဆုံး ပြည်သူတွေရဲ့အင်အားကို တိုင်းထွာရမှာဖြစ်တယ်။ တိုင်းပြည်ထဲက အင်အားအနည်းဆုံး၊ အခွင့်အရေးအနည်းဆုံး ပုဂ္ဂိုလ်တွေရဲ့ ဘဝလုံခြုံမှု အတိုင်းအတာကိုကြည့်ပြီး နိုင်ငံရဲ့တန်ဖိုးကို ဖြတ်ရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ အလွန်အခြေခံကျ ရိုးရှင်းပြီး ကြောင်းကျိုးဆီလျော်မှန်ကန်တဲ့ အတွေးအမြင်တရပ် ဖြစ်ပါတယ်။ မိသားစုတစုရဲ့ အင်အားကို သိချင်ရင် အဲဒီမိသားစုရဲ့ မိသားစုဝင်အများစု အင်အားကို အကဲခတ်လိုက်ရင် မြင်သာပါတယ်။ ဒါကြောင့် နိုင်ငံတနိုင်ငံရဲ့အင်အားကို တိုင်းတာရာမှာ  ပြည်သူပြည်သားတွေရဲ့ အင်အားကို တိုင်းတာရမယ်ဆိုတာ အလွန်သဘာဝကျပါတယ်။ စစ်လက်နက်တွေ ဘယ်လောက်ကောင်းကောင်း၊ လက်နက်ကိုင်တပ်ဖွဲ့တွေ ဘယ်လောက်အင်အားရှိရှိ ပြည်သူတွေ ချည့်နဲ့နေရင်၊ နိုင်ငံသားတွေ ဆင်းရဲနိမ့်ကျ အားပျော့နေရင် အဲဒီတိုင်းပြည်ဟာ ဖျော့တော့ အင်အားနည်းတဲ့ တိုင်းပြည်တခုမို့ အနိဋ္ဌာရုံတွေ၊ ဒုက္ခတွေနဲ့သာ ပင်လယ်ဝေနေပါလိမ့်မယ်။ မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့ အိမ်နီးချင်းနိုင်ငံတွေထက်တောင် အဘက်ဘက်က ယိုယွင်းပြီး အောက်ကျနောက်ကျ ဖြစ်ကျန်ရစ်ခဲ့ရတာဟာ စစ်အာဏာရှင်စနစ်အောက်မှာ နှစ် ၅၀ ကျော် ပြည်သူတွေ ချည့်နဲ့ အင်အားဆုတ်ယုတ်ခဲ့လို့ပါ။ အားလုံးသိကြတဲ့အတိုင်း ကံမကောင်း အကြောင်းမလှခဲ့တဲ့ မြန်မာနိုင်ငံဟာ ၁၉၆၂ ခုနှစ်မှာ စစ်အာဏာရှင် သံဖနောင့်အောက်ကို ကျရောက်သွားပြီးကတည်းက ပြည်သူကို အခြေမပြုတော့ဘဲ ပြည်သူ့အားကို မျက်ကွယ်ပြုလို့ လက်နက်အားကိုးနဲ့ ဗိုလ်ကျစိုးမိုးတာ ခံခဲ့ကြရတာ မဟုတ်လား။ အထူးသဖြင့် မတရားဖိနှိပ်မှုကို ရဲဝံ့စွာ အကြမ်းမဖက် ဆန့်ကျင်ခဲ့ကြတဲ့ မြန်မာပြည်သူတွေရဲ့ ကမ္ဘာကျော် ရှစ်လေးလုံး အရေးတော်ပုံကြီးကို အာဏာရှင်ဦးနေဝင်းရဲ့ ညွှန်ကြားချက်နဲ့ အညှာအတာကင်းမဲ့စွာ သွေးထွက်သံယို နှိမ်နင်းပြီး အာဏာသိမ်းယူခဲ့တဲ့ နဝတ စစ်အစိုးရလက်ထက်မှာ အလွန်သွက်သွက်ခါအောင် မှားယွင်းတဲ့ အာဏာရှင်အတွေးအခေါ်တွေ ထပ်ဖန်တလဲလဲနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိပြီး တိုင်းပြည်ကို လမ်းမှားပေါ် ကာလရှည်ကြာစွာ ဆွဲခေါ်ခဲ့ကြပါတယ်။ အဲဒီဝါဒဖြန့်ချမှုတွေကို ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာ၊ ဆိုင်းဘုတ်တွေပေါ်မှာ နေ့စဉ်ရက်ဆက် မြင်တွေ့လာရင်း အချို့ပြည်သူတွေမှာ အမှတ်မှားလာတော့တာက နိုင်ငံတော်ဆိုတာနဲ့ အုပ်ချုပ်သူအစိုးရအဖွဲ့ပဲလို့ ထင်မှတ်လာခဲ့ကြတာပါပဲ။ အဲသလို အမှတ်မှားစေတာကလည်း ၈၈ ခုနှစ် အာဏာသိမ်းစစ်အစိုးရလက်ထက်ကနေစပြီး “နိုင်ငံတော်ရဲ့ စေတနာကို သဘောပေါက်နားလည်ကြဖို့” ဆိုတဲ့ စကားလုံးကို အုပ်ချုပ်သူအာဏာပိုင်တွေရဲ့ နာမ်စားအနေနဲ့ သူတို့ ဆောင်ရွက်လုပ်ကိုင်နေတဲ့ ကိစ္စတွေမှာ နိုင်ငံတော်ရဲ့စေတနာဆိုတဲ့ အသုံးကို ရောကျိတ်ပြီး သုံးနှုန်းခဲ့၊ နိုင်ငံတော်ကို မောင်ပိုင်စီးခဲ့ကြတာမို့ပါ။ ဒါဟာ အင်မတန်အန္တရာယ်ကြီးတဲ့ အတွေးအခေါ်လမ်းမှားဆီကို ပို့ဆောင်ပေးမှုတခုပါ။ အဲဒီလိုလုပ်ခဲ့ခြင်း အကျိုးဆက်ကတော့ စစ်အာဏာရှင်တွေကိုယ်တိုင်ကော၊ သူတို့ရဲ့နောက်လိုက် အဝန်းအဝိုင်းကြီးမှာသာမက ရိုးသားတဲ့ တိုင်းသူပြည်သားထဲမှာပါ နိုင်ငံတော်ရဲ့ ပိုင်ရှင်အစစ်အမှန်ဟာ ပြည်သူလူထုကြီး ဖြစ်တယ်ဆိုတာကို မေ့လျော့စေခဲ့တာပဲ မဟုတ်လား။ ဒါကြောင့်လည်း အများသူပိုင် မြေယာအဆောက်အဦတွေကို အရင်အစိုးရလက်ထက်မှာ အုပ်စိုးခွင့်ရသူတွေက ပိုင်ရှင်ပြည်သူတွေထံကို ခွင့်မတောင်းဘဲ သူတို့ရပိုင်ခွင့်တွေလို့ အမှတ်မှားပြီး ဘိုးမွေဘမွေတွေလို စိတ်တိုင်းကျ သိမ်းယူသွားခဲ့ကြတာပါပဲ။ အခုချိန်ခါမှာတော့ အခက်အခဲ အနှောင့်အယှက်တွေကြားကနေ ပြည်သူတွေ ရွေးကောက်တင်မြှောက်လိုက်တဲ့ အန်အယ်လ်ဒီအစိုးရလက်ထက်မှာ စနစ်ဟောင်းကို ပြုပြင်ရတာမို့ ပြောင်းလဲတိုးတက်မှု နှေးကွေးနေပေမယ့်လည်း နိုင်ငံရေးအတွေးအခေါ် ပြောင်းလဲမှုတွေ စတင်ဖြစ်ထွန်းလာနေတာကို မြင်လာရပါပြီ။ နှစ်ပရိစ္ဆေဒကြာမြင့်စွာ ရုပ်ပိုင်း၊ စိတ်ပိုင်း ချုံးချုံးကျသွားခဲ့လို့ နာတာရှည်ရောဂါသည်ပမာ ဖြစ်ခဲ့ရတဲ့ နိုင်ငံတနိုင်ငံကို ပြန်နာလန်ထလာဖို့၊ ကောင်းမွန်တဲ့ အခြေအနေဆီ ပို့ဆောင်ပြောင်းလဲနိုင်ဖို့ဆိုတာ မှန်ကန်တဲ့ အစိုးရတရပ် ဖြစ်ပေါ်လာရုံနဲ့ မလုံလောက်ပါဘူး။ အပြောင်းအလဲနောက်ကို တတိုင်းတပြည်လုံး စိတ်တူကိုယ်တူ ညီညီညွတ်ညွတ်လိုက်ပါမှသာ ထိထိရောက်ရောက် တကယ်ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ပြီးခဲ့တဲ့ အောင်တိုဘာ ၇ ရက်နေ့တုန်းက ရွှေဘိုတပ်နယ်အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ တွေ့ဆုံအမှာစကား ပြောကြားရာမှာ တပ်မတော်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရာတွင် ပြည်သူလူထုရဲ့ ထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်း၊ ပြည်သူကြားမှ ပေါက်ဖွားလာသည့် တပ်မတော်ဖြစ်သည်နှင့်အညီ “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” အဖြစ် ခံယူပြီး စစ်သည်တော်ကျင့်ဝတ်များ၊ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ ပြည်သူ့ဆက်ဆံရေး ကောင်းမွန်ရေး၊ ပြည်သူ့အကျိုးစီးပွား ဖော်ဆောင်ရေးတို့အား အလေးထား လိုက်နာဆောင်ရွက်ဖို့ တိုက်တွန်းပြောကြားသွားတာကို အင်တာနက်သတင်းပေါ်မှာ ဖတ်လိုက်ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်တုန်းကလည်း နေပြည်တော်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာဗီဂရမ်မစ်ဆရီတို့ တွေ့ဆုံရာမှာ “လက်ရှိဖြစ်ပွားနေသော ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် အရေးကိစ္စများသည် နိုင်ငံရေးတည်ငြိမ်မှုအတွက် စိန်ခေါ်မှုများဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးတည်ငြိမ်မှုအတွက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန် နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အတတ်နိုင်ဆုံး ကြိုးပမ်းလုပ်ဆောင်နေကြောင်း” တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုခဲ့ပါတယ်။ ဘယ်လိုအကြောင်းတရားကို အရင်းခံခံ အရင်စစ်ခေါင်းဆောင်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ “လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန် နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး”၊ “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” “ဖက်ဒရယ်ပြည်ထောင်စု” စတဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းပေးနိုင်တဲ့ နိုင်ငံရေးအမြင် အတွေးအခေါ် အသုံးအနှုန်းတွေကို တရားဝင်သုံးစွဲလာတာကို ကြိုဆိုကြရမှာ ဖြစ်ပါတယ်။ သိပ်မဝေးတဲ့ ကာလတွေတုန်းကတော့ အဲ့ဒီအသုံးအနှုန်းတွေဟာ အမှောင်ချထားခံခဲ့ရတာ မဟုတ်လား။ ဒီနေရာမှာ ပြည်သူတွေရဲ့ လိုလားချက်တွေဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး မျှော်မှန်းချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အလွန်အရေးကြီးတဲ့အချက် ၂ ချက်ကို ရေးပြအသိပေးချင်ပါတယ်။ ပထမအချက်ကတော့ နိုင်ငံရေး အသိမှန်ဖို့ လိုပါတယ်။ ဒုတိယအချက်က အဲဒီနိုင်ငံရေးအသိကို လက်တွေ့ကျင့်ကြံလိုက်စားဖို့ပါပဲ။ ဘာကြောင့်လို့်လဲဆိုတော့ ကျနော်တို့ လူသားအများစုဟာ အသိနဲ့အကျင့် တထပ်တည်းကျအောင် မကျင့်သုံးနိုင်တာ များပါတယ်။ အထူးသဖြင့် နိုင်ငံရေးလုပ်စားတတ်တဲ့ အကျင့်ပျက် နိုင်ငံရေးသမားတွေ၊ အာဏာငန်းဖမ်းသူတွေဟာ အများသည်းခြေကြိုက် စကားလုံးတွေကို မစားရဝခမန်း ကျယ်ကျယ်လောင်လောင် ပြောဆိုလေ့ရှိပြီး လက်တွေ့မှာတော့ အပြောနဲ့အလုပ် တခြားစီဖြစ်တော့တာမို့ နောက်ဆုံးမှာ မလှပတဲ့သမိုင်းနဲ့ နိဂုံးသတ်သွားရတာပါပဲ။ အဲဒါတွေကို သင်ခန်းစာယူပြီး ရှေ့ခရီးမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် နိုင်ငံရေးပါတီတွေ၊ တပ်မတော်ခေါင်းဆောင်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ စတဲ့ ပါဝင်ပတ်သက်နေသူအားလုံးဟာ ရိုးသားမှုကို အခြေခံလို့ တိုင်းပြည်အခြေအနေနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ နိုင်ငံရေးအသိမှန်အောင် သုံးသပ်ရှုမြင်ကြဖို့ လိုသလို၊ လက်တွေ့မှာလည်း လိုက်နာကျင့်ကြံပြီး ငြိမ်းချမ်းရေးအရယူကြဖို့ လိုပါတယ်။ ဒီဆောင်းပါးကို နိဂုံးသတ်ရရင် ပြည်သူလူထုတရပ်လုံး အားကောင်းမောင်းသန် ဖြစ်လာမှသာ တိုင်းပြည်လည်း အားကောင်းမောင်းသန်ဖြစ်လာပြီး နိုင်ငံတကာအလယ်မှာ တင့်တယ်ကြီးပွားလာနိုင်မှာပါ။ ပြည်သူပြည်သားတွေ အားကောင်းမောင်းသန် ဖြစ်လာဖို့ဆိုရင် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စစ်ရေး စတဲ့ တိုင်းပြည်အရေးအရာကိစ္စတိုင်းမှာ ပြည်သူကို ဗဟိုပြုဖို့လိုပါတယ်။ ပြည်သူကို အခြေပြုနိုင်ဖို့အတွက် ပြည်သူ့အားကို ယုံကြည်အားထားဖို့ လိုသလို ပြည်သူအများစု အကျိုးစီးပွားကို ဦးထိပ်ထားဖို့ လိုအပ်ပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာလည်း နိုင်ငံသားအချင်းချင်း အပြန်အလှန်လေးစားမှု၊ တန်းတူရည်တူ အသိအမှတ်ပြုမှုတွေကို အပြောသက်သက်သာမက လက်တွေ့မှာပါ ရိုးရိုးသားသားနဲ့ ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးစားကြမယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ ကာလရှည် ဆန္ဒအိပ်မက်တွေဟာ မဝေးတော့တဲ့ ကာလတခုမှာ အကောင်အထည်ပေါ်လို့ ကမ္ဘာမှာ မြန်မာလို့ ဂုဏ်ယူနိုင်မယ့်နေ့ ရောက်လာမှာ မလွဲမသွေ ဖြစ်ပါကြောင်း။ “တိုင်းပြည်အင်အားရှိလာဖို့ ပြည်သူတွေ အင်အားတောင့်တင်းနိုင်အောင် ဆောင်ရွက်နိုင်ကြပါစေ” မင်းကောင်းချစ် နိုဝင်ဘာ ၂၈ ရက်၂၀၁၆ ခုနှစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024