ဒီမိုကရေစီ လစ်တမတ်စက္ကူ စမ်းသပ်ပွဲ (၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး)
DVB
·
December 16, 2016

ဓာတုဗေဒပညာရပ်နယ်ပယ်မှာ လစ်တမတ်စက္ကူ (Litmus Paper) ဆိုတာ ပျော်ရည်တခုထဲမှာ ပါဝင်တဲ့ pH တန်ဖိုးကို တိုင်းတာရာမှာ အသုံးပြုလေ့ရှိပါတယ်။ လစ်တမတ်စက္ကူဟာ အက်ဆစ်ဓာတ် Acidity (အချဉ်ဓာတ်) နဲ့ ထိတွေ့မယ်ဆိုရင် အနီရောင် ပြောင်းသွားပါတယ်။ အငန်ဓာတ် (Alkalinity) နဲ့ ထိတွေ့ရင်တော့ အပြာရောင် ပြောင်းသွားတဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ pH 7 အောက်ငယ်တဲ့ တန်ဖိုးတွေဟာ အက်ဆစ်ဓာတ်၊ အချဉ်ဓာတ် ပါဝင်မှုကို ဖော်ပြပြီး pH 7 ထက်ကြီးတဲ့ တန်ဖိုးတွေကတော့ အငန်ဓာတ်ပါဝင်မှုရှိတဲ့ သင်္ကေတသဘော ဖြစ်ပါတယ်။
ဒီဆောင်းပါးမှာတော့ စာရေးသူအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို မြန်မာ့ဒီမိုကရေစီ လစ်တမတ်စက္ကူ စမ်းသပ်ပွဲလို့ တင်စားချင်ပါတယ်။ ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ တောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ ပြည်သူ့ပါတီ အန်အယ်လ်ဒီကို အာဏာလွှဲပေးဖို့ ဗြောင်ငြင်းဆိုပြီးတဲ့နောက် စစ်အာဏာရှင်ရဲ့စိတ်တိုင်းကျ ၁၈ နှစ်ကြာအောင် ရေးဆွဲပြီးမှ ထွက်ပေါ်လာတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အများပြည်သူတွေက လက်မခံဘဲ ပြင်ဆင်ချင်ကြတာ ကမ္ဘာသိ ဖြစ်ပါတယ်။
ဒီအတွက်ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လွှတ်တော်တွင်းဝင်ပြီး ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုတဲ့ သဘောထားရပ်တည်ချက်နဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
အများပြည်သူလူထုကို ကိုယ်စားမပြုတဲ့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရိုးရိုးသားသားနဲ့ မြန်မြန်ဆန်ဆန် ပြင်ဆင်ချင်သူတွေဟာ ပြည်သူအများစုအကျိုးကို လိုလားသူတွေ ဖြစ်သလို ဒီဥပဒေကို မပြင်နိုင်အောင် တားဆီးနေသူတွေ၊ အချိန်ဆွဲနေသူတွေဟာ ဥပဒေအထက်က အခွင့်ထူးခံလူနည်းစု ပြည်သူတွေဘက်က ရပ်တည်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စဟာ မိဘပြည်သူအများစုဘက်မှာ ဘယ်သူတွေ ပါဝင်သလဲ၊ မပါဝင်ဘူးလဲဆိုတာ ခွဲခြားပေးမယ့် မြန်မာ့ဒီမိုကရေစီ လစ်တမတ်စက္ကူစမ်းသပ်ခံပွဲ ဖြစ်ပါတယ်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးစကနေ မြန်မာနိုင်ငံဟာ မှားယွင်းတဲ့ အုပ်ချုပ်ပုံစနစ်နဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေအောက်မှာ အရည်အသွေးဆိုတာတွေဟာ ပရုတ်လုံးများလိုပဲ ကဏ္ဍပေါင်းစုံမှာ အချိန်နဲ့အမျှ လုံးပါးပါးလာရင်း အနိမ့်ဆုံးအဆင့်ထိ ကျဆင်းဆုတ်ယုတ်ခဲ့ရတာပါ။
အုပ်ချုပ်မှုအရည်အသွေး၊ ပညာရေးအရည်အသွေး၊ ကျန်းမာရေးအရည်အသွေး၊ စာရိတ္တ အရည်အသွေး၊ စီးပွားစွမ်းဆောင်မှု အရည်အသွေး စတဲ့ နယ်စုံ ကဏ္ဍစုံမှာ နိမ့်လျှော ထိုးဆင်းသွားခဲ့တာကြောင့် တိုင်းပြည်ဟာ ကမ္ဘာမှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့် ရောက်ပြီး ဆင်းရဲနုံချာလို့ ဂုဏ်ငယ်ခဲ့ကြရတယ်လေ။
အရည်အသွေးတွေ ဘယ်လောက်ထိ ကျဆင်းသွားသလဲဆိုရင် နောက်ဆုံး စားကုန် သောက်ကုန်တွေမှာတောင် စားအုန်းဆီတွေနဲ့ အရည်အသွေးညံ့ ရောဆီတွေကို ပဲဆီအနံ့လေး ထည့်ပြီး မြေပဲဆီဆိုပြီး ရောင်းကြတယ်။ အရောင်တင်မှုန့်တွေကို အရောင်လှအောင် စားသုံးဖို့ မသင့်တော်တဲ့ ဓာတုဆေးဝါးတွေနဲ့ဆိုးပြီး ရောင်းကြတယ်၊ သားငါး၊ ပုစွန်တွေကို အလေးချိန်ပိုအောင် ရေထိုး၊ ခဲသွင်း၊ အလေးချိန် ခိုးရောင်းတယ်။ နောက်ဆုံး နွားနို့စစ်စစ်လေး သောက်ချင်လို့ လက်ဖက်ရည်ဆိုင်သွားရင် နို့ဆီဖျော်ကို နွားနို့ဆိုပြီး ရောင်းရင်ရောင်း၊ နွားနို့ထဲ ရေရော ရောင်းချင် ရောင်းကြတာလေ။ များသောအားဖြင့် စားသုံးသူ ပြည်သူအများစုဘဝဟာ ကုန်ပစ္စည်းအစစ်အမှန်ကို မသုံးစွဲရတဲ့အပြင် အသက်အန္တရာယ်နဲ့ ကျန်းမာရေး မလုံခြုံမှုဘဝတွေ ရင်ဆိုင်နေကြရတာပါ။
ဒါဟာ စားသုံးသူတွေဖြစ်တဲ့ ပြည်သူအများစုကြီးကို ဝိသမလောဘသား စီးပွားရေးသမား လူနည်းစုက ဗိုလ်ကျ အမြတ်ထုတ်နေတာပဲ။ ဒီလို ကမောက်ကမတွေ ဖြစ်နေတာကို ဘာကြောင့် မတားဆီးနိုင်ရတာလဲဆိုတာ သုံးသပ်ကြည့်လိုက်ရင် ထင်ထင်ရှားရှား တွေ့ရမှာက အဲ့ဒီလို မဟုတ်ကဟုတ်က လုပ်နေတာတွေကို ထိထိရောက်ရောက် အရေးယူတားဆီးဖို့အတွက် မှန်ကန်ထိရောက်တဲ့ ဥပဒေ၊ နည်းဥပဒေတွေ ပြည့်ပြည့်စုံစုံ မရှိတာရယ်၊ တာဝန်ရှိသူတွေက တာဝန်မယူ၊ တာဝန်မခံခဲ့တာရယ်၊ စစ်ဆေးအရေးယူမယ့်အဖွဲ့ အားနည်းနေတာဖြစ်ဖြစ်၊ လုပ်ပိုင်ခွင့် အပြည့်အဝမရှိလို့ဖြစ်ဖြစ်၊ ထိရောက်အောင် တပြည်လုံးအတိုင်းအတာနဲ့ မဆောင်ရွက်နိုင်တာကြောင့် ဖြစ်ပါတယ်။
အထက်က ဥပမာနဲ့ အတူတူပါပဲ။ မြန်မာ့နိုင်ငံရေးမှာ မဖြစ်မနေ ပြင်ဆင်သင့်တဲ့၊ ပြောင်းလဲရမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိထိရောက်ရောက် မပြင်ဆင်နိုင်သရွေ့၊ ဒီမိုကရေစီစံနှုန်းနဲ့ ညီလာအောင် မပြောင်းလဲနိုင်သရွေ့၊ အချိန်ဆွဲနေသရွေ့ မရှိဆင်းရဲသား ပြည်သူနဲ့ တိုင်းရင်းသားအများစုဟာ အခွင့်ထူးခံလူနည်းစုရဲ့ ဗိုလ်ကျအမြတ်ထုတ်တာ၊ အနိုင်ကျင့်တာကို ဆက်ခံနေကြရမှာပါပဲ။ မစစ်မှန်တဲ့ ရေရောဒီမိုကရေစီကြီးနဲ့ ရှင်သန်ရင်း ဘဝ မလုံခြုံမှုများစွာအောက်မှာ သူတို့ဘဝတွေ အောက်တန်း နောက်တန်း ဆက်ကျနေရဦးမှာပါ။ စစ်ပွဲတွေလည်း ရပ်စဲအောင် မလုပ်နိုင်သလို ငြိမ်းချမ်းရေးဟာလည်း … အလှမ်းဝေးနေဦးမှာပါပဲ။
ဒါကြောင့်လည်း ၂၁ ရာစု ပင်လုံညီလာခံကြီး ခေါ်ယူကျင်းပနေချိန်အတွင်းမှာတောင် ထိုးစစ်တွေဆင်နွှဲ၊ သေနတ်သံတွေမစဲဘဲ အခုချိန်ထိအောင် အမြောက်သံ၊ ဗုံးသံတွေ ဆူညံလို့ မိဘပြည်သူတွေက ရပ်ကြဖို့ မေတ္တာရပ်ခံနေတဲ့ကြားက စစ်ပွဲတွေကို တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် နှစ်ဘက်လုံးက သဲသဲမဲမဲ ဆင်နွှဲနေကြတာ မဟုတ်လား။
တကယ်တမ်း စစ်ပွဲတွေကို အမိန့်ပေးနိုင်သူ၊ ညွှန်ကြားနိုင်သူတွေဟာ အရပ်သား ပြည်သူ့အစိုးရရဲ့ ညွှန်ကြားမှုကို တခြား ဒီမိုကရေစီတိုင်းပြည်တွေလို နာခံလိုက်နာရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ရှိနေရင် ပြည်တွင်းစစ်ကို တဘက်သတ်ရပ်စဲကြောင်း ကြေညာပြီး အစိုးရတပ်တွေကို လုံခြုံအောင် ထိန်းထားလိုက်ရုံပါပဲ။ ဒီလို ကြေညာထားပါရက်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က စစ်ပွဲတွေကို မရပ်ဘူးဆိုရင် သူတို့အလွန်ဖြစ်ပြီး ပြည်သူက ဒဏ်ခတ်ပါလိမ့်မယ်။
ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံသားတိုင်းအတွက် ဘဝလုံခြုံမှု၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်မှု၊ လွတ်လပ်မှု၊ ညီမျှမှု၊ တရားဥပဒေစိုးမိုးမှု ရှိပြီးတော့ အခြေခံလူ့အခွင့်အရေးတွေ အာမခံ ကာကွယ်ပေးထားတဲ့ ခိုင်ခံ့တဲ့ အိမ်ကြီးတလုံးနဲ့ တူဖို့လိုပါတယ်။ တိုင်းပြည်တပြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အဲဒီတိုင်းပြည်က နိုင်ငံသားတွေရဲ့ ယဉ်ကျေးမှု အဆင့်အတန်း၊ နိုင်ငံရေး အသိအမြင် အနိမ့်အမြင့်ကို ဖော်ပြနိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာကြီးကတော့ ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ စတဲ့ နိုင်ငံတော် အချုပ်အခြာအာဏာ ၃ ရပ်လုံးဟာ မူရင်းပိုင်ရှင်ဟာ နိုင်ငံသားတွေရဲ့လက်ဝယ်မှာ တင်းပြည့်ကျပ်ပြည့် ရှိမနေပါဘူး။ နိုင်ငံက အေးချမ်းတည်ငြိမ်မှု၊ ငြိမ်းချမ်းမှု မရှိသေးဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိနေသေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်၊ ဥပဒေပြုလွှတ်တော်၊ အမျိုးသားလွှတ်တော်တွေထဲမှာ ရွေးကောက်ခံစရာမလိုဘဲ ၂၅ ရာခိုင်နှုန်းသော လွှတ်တော်ထိုင်ခုံတွေမှာ တပ်မတော်သားအမတ်တွေ ဝင်ထိုင်ခွင့် ပေးထားပါတယ်။
ရပ်ကျေးမြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်း အုပ်ချုပ်ရေးမှူးတွေ၊ တရားစီရင်ရေးဝန်ထမ်းတွေနဲ့ ရဲ၊ ‘စ’သုံးလုံး စတဲ့ တရားဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့ အဖွဲ့အစည်းအားလုံး ပါဝင်နေတဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နယ်စပ်လုံခြုံရေးဝန်ကြီးဌာနတွေကို အရပ်သားအစိုးရအောက်မှာ တိုက်ရိုက်မရှိဘဲ ကာကွယ်ရေးဦးစီးချုပ်လက်အောက်မှာ ထားရှိထားခြင်းတွေဟာ ဒီမိုကရေစီစံနှုန်းနဲ့  လုံးလုံးကြီး သွေဖည်နေပါတယ်။
ကမ္ဘာပေါ်မှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ ဘယ်တိုင်းပြည်မှာကြည့်ကြည့် တပ်မတော်ဟာ ပြည်သူလူထုထက်ပိုပြီး အာဏာယူမထားကြပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံကတော့ တပ်မတော်ကို အထူးအခွင့်အရေးတွေ ပေးအပ်ထားပြီး ပြည်သူလူထုထက် ပိုပြီး အာဏာတွေ ပေးအပ်ထားတာဟာ လုံးဝ မသင့်တော်ပါဘူး။
အတိုက်အခံနဲ့ ပြည်သူတွေ ဆန့်ကျင်ကန့်ကွက်နေတဲ့ကြားက အငြင်းပွားစရာတွေ အပြည့်နဲ့  ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဇွတ်အတည်ပြုခဲ့တာဟာ နာဂစ်မုန်တိုင်းတိုက်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က စရေတွက်ရင် အခုဆိုရင် ၂၀၁၆ ခုနှစ် ကုန်တော့မှာမို့ ၈ နှစ် ပြည့်ခဲ့ပါပြီ။
ပြီးခဲ့တဲ့ ၈ နှစ်တာကာလထဲမှာ လူထုအခြေပြု အဖွဲ့အစည်းများစွာဟာ လွှတ်တော်ပြင်ပမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ လူထုသဘောထားကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ကောက်ခံလို့ မရေတွက်နိုင်လောက်အောင် ဆန္ဒထုတ်ဖော်ပြသပွဲတွေ နေရာအနှံ့ ကျင်းပခဲ့ကြပြီးခဲ့သလို ဥပဒေပညာရှင်များကလည်း အဲဒီဖွဲ့စည်းပုံမှာ ပြင်ဆင်ရမယ့် အချက် ၁၅၀ လောက် ရှိတယ်လို့ အကြံပြုထားပြီးသားပါ။
ထို့အတူပဲ လွှတ်တော်တွင်း လှုပ်ရှားမှုအနေနဲ့ ဒီလို အများစုလက်မခံတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ၈ နှစ်တာကာလအတွင်းမှာ အတိုက်အခံ နိုင်ငံရေးပါတီတွေ အပါအဝင် ပြည်သူအများစုဆန္ဒနဲ့ တရားဝင်အနိုင်ရလို့ အစိုးရဖွဲ့ခဲ့တဲ့ အန်အယ်လ်ဒီ အစိုးရလက်ထက် မတိုင်ခင်ကနေ ယခုချိန်ထိတိုင်အောင် ဖွဲ့စည်းပုံ ပြင်ဆင်နိုင်အောင် ၁၀၉ ဦး ပါဝင်တဲ့အဖွဲ့၊ ၃၂ ဦးကော်မတီဖွဲ့လို့ အချိန်တွေယူ၊ တိုင်းပြည်ဘဏ္ဍာတွေ သုံးစွဲပြီး ဆွေးနွေးတင်ပြခဲ့ကြပေမယ့် မည်မည်ရရ ပြင်ဆင်မှုတွေ၊ ထိထိရောက်ရောက် ပြင်ဆင်မှုတွေ ဘာတခုမှ မပြင်ဆင်နိုင်ခဲ့ပါဘူး။
ဒီဥပဒေကို ပြင်ဆင်ဖို့ တပ်မတော်သားအမတ် ၂၅ ရာခိုင်နှုန်း သဘောမတူဘဲ ပြင်ဆင်လို့မရအောင် လုပ်ထားတာက အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းမှာ ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၄၃၆ ပါ။ အဲဒီပုဒ်မမှာ ပုဒ်မခွဲ (က) နဲ့ (ခ) ပါဝင်တယ်။
၄၃၆(က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း (၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။
၄၃၆(ခ)၊ ပုဒ်မခွဲ(က) တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့်သာ ပြင်ဆင်ရမည်… လို့ ထည့်ရေးထားတယ်။
အဲဒီပုဒ်မကို ပြင်ချင်ရင် လွှတ်တော်ကိုယ်စားလှယ်ရဲ့ ၂၀ ရာခိုင်နှုန်းက အဆိုပြုရမယ်။ ပြီးရင် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရဦးမယ်။ ဒါတင်မကသေးဘဲ ပြည်သူတွေက ဆန္ဒခံယူရမယ်တဲ့။ ဆန္ဒခံယူတဲ့အခါကျတော့လည်း မဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော်ဖို့ လိုတယ်လို့ ရေးပြီး လွန်လွန်ကျူးကျူး တင်းကျပ်ထားတာ။
၇၅ ရာခိုင်နှုန်းကျော်မှဆိုတော့ လွှတ်တော်အမတ်တွေကို ရေတွက်ကြည့်လိုက်ပါ။ နယ်မြေမတည်ငြိမ်လို့ဆိုပြီး မရွေးရသေးတဲ့နယ်မြေတွေ ရှိတယ်။ ကွယ်လွန်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိတယ်။ နောက်တခါ အစိုးရဝန်ကြီးဖြစ်သွားတဲ့ အမတ်တွေနေရာ အစားထိုးရမယ်။ ဒါပေမယ့် အပြည့်အဝ အစားထိုးမထားဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဆင်ချင်တဲ့ နိုင်ငံရေးပါတီတချို့ရဲ့ လွှတ်တော်အမတ်တွေ ရှိသေးတယ်။ အဲဒီတော့ ၇၅ ရာခိုင်နှုန်းဆိုတာ ဘယ်လိုမှ မပြည့်နိုင်ဘူး။ မပြည့်ဘူးဆိုတော့ ဘယ်လိုမှ ပြင်လို့မရနိုင်ဘူး မဟုတ်လား။
မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲခဲ့တဲ့ ပါလီမန်ဒီမိုကရေစီခေတ်မှာ သုံးခဲ့တဲ့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေမှာတော့ အဲဒီလိုပုဒ်မများနဲ့ လုံးဝကန့်သတ်ထားချက် မပါရှိပါ။ ဆန္ဒခံယူပွဲ ကျင်းပရန်လည်း မလိုအပ်ပါ။ လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၆၇ ရာခိုင်နှုန်း (သုံးပုံ နှစ်ပုံမဲ) က ပြင်ဆင်ချင်တယ်ဆိုရင် ပြင်ဆင်လို့ရတယ်လို့ ပြဋ္ဌာန်းခဲ့ပါတယ်။
နိုင်ငံတနိုင်ငံရဲ့ အခြေခံဥပဒေဆိုတာ နိုင်ငံသားအများစုက လက်မခံဘူး၊ ပြည်သူလူထု အများစုကြီးက ပြောင်းချင်တယ်ဆိုရင် အများဆန္ဒနဲ့အညီ ပြောင်းလဲပစ်နိုင်အောင် ရေးဆွဲ ပြဋ္ဌာန်းသင့်တယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံကတော့ အများပြည်သူတွေက ပြင်ဆင်သင့်ပါတယ်၊ ပြင်ဆင်ချင်ပါတယ်လို့ တောင်းဆိုလာတာ ၈ နှစ်ကျော်နေတာတောင် မပြင်ဆင်နိုင်တာကြည့်ရင် ဒီအခြေခံဥပဒေဟာ ပြည်သူလူထုအများစုရဲ့ဆန္ဒကို မထင်ဟပ်ဘူးဆိုတာ သက်သေပြနေတာပါပဲ။
၈ နှစ်ဆိုတဲ့ အချိန်အတိုင်းအတာကာလဟာ တိုင်းပြည်တပြည်ကို အများကြီး တိုးတက် ပြောင်းလဲသွားအောင်၊ ပြည်သူတွေ ချမ်းသာလာအောင် ဆောင်ရွက်နိုင်တဲ့အချိန် ဖြစ်ပါတယ်။ ဝေးဝေးကို သွားကြည့်စရာမလိုပါဘူး။ ၁၉၉၆ ခုနှစ်ဝန်းကျင်ကမှ အပြောင်းအလဲ ဖော်ဆောင်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံဟာ အများကြီး တိုးတက်ကြီးပွားလို့ အရှိန်ရနေပါပြီ။
ဒီမိုကရေစီစနစ် ဖော်ဆောင်တာ ၈ နှစ်ကျော်ခဲ့ပေမယ့် ဒီမိုကရေစီ ကကြီး ခခွေးတန်းကို မအောင်သေးတဲ့ ကျနော်တို့ မြန်မာနိုင်ငံကိုလည်း အတန်းတက်နိုင်အောင် ပုဒ်မ ၄၃၆ အပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံကို မြန်မြန်ဆန်ဆန် ပြင်ဖို့လိုပါတယ်။ မိမိနဲ့ လူနည်းစု ပြည်သူကောင်းစားရေး တခုတည်း မကြည့်ဘဲ ဆင်းရဲသား အများပြည်သူအားလုံး ကောင်းစားနိုင်အောင် ရေရောထားတဲ့ ဒီမိုကရေစီနဲ့တင် ရပ်တန့်မနေကြဖို့ လိုပါတယ်။
တိုင်းပြည်ကို တကယ်ချစ်ရင်၊ ပြည်သူလူထုရဲ့ နိမ့်ပါးနေတဲ့ ဘဝတွေကို ထောက်ထားစာနာလို့ အချိန်မဆွဲကြဘဲ ရေမရောတဲ့ ဒီမိုကရေစီစစ်စစ် ဖြစ်ထွန်းလာဖို့ဆိုရင် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အပါအဝင် နိုင်ငံသားတိုင်း ရိုးသားမှု အခြေခံပြီး အပြောင်းအလဲကို လိုက်ပါကြဖို့ အမှန်တကယ် လိုအပ်နေတယ်ဆိုတာကို မြင်နိုင်စွမ်းတဲ့ ပညာမျက်စိရှိဖို့ လိုအပ်သလို သမိုင်းကောင်းကို ရေးထိုးဝံ့တဲ့ စိတ်သတ္တိရှိဖို့ လိုပါတယ်။
သိပ်မကြာတော့မယ့် အနာဂတ်မှာ ကျနော်တို့ရဲ့ မျိုးဆက်သစ်တွေ၊ သားသမီး မြေးမြစ်တွေဟာ မြန်မာ့ဒီမိုကရေစီ သမိုင်းဖြစ်စဉ်တွေကို ကျောင်းပညာရေးမှာ သင်ကြားကြရတော့မှာပါ။ အဲဒီအခါမှာ ငါတို့ အဖေ အမေတွေ၊ ငါတို့ အဘိုး အဘွားတွေကတော့ ပြည်သူအများစုဆန္ဒကို ဆန့်ကျင်လို့ ရပ်တည်ဟန့်တားခဲ့ကြတယ်၊ တရွတ်တိုက် အချိန်ဆွဲခဲ့တဲ့ဘက်က ပါဝင်ခဲ့တယ်ဆိုတဲ့ ဂုဏ်မယူထိုက်တဲ့ သမိုင်းဆိုးကို မြန်မာနိုင်ငံသားတွေ မရေးမိကြပါစေနဲ့။
မင်းကောင်းချစ်