၂၈ နဲ့ ၂၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကြီးမှာ
DVB
·
September 12, 2016

၂၈ နဲ့ ၂၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကတော့ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ နေ့လယ်ပိုင်းမှာ လာအိုနိုင်ငံမြို့တော် ဗီယန်ကျန်းမှာ စတင်ကျင်းပခဲ့ပြီး ၈ ရက်နေ့မှာ မွန်းလွဲ ၃ နာရီ မိနစ်၂၀ မှာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ အစည်းအဝေးကြီးကို အာဆီယံနိုင်ငံတွေက အကြီးအကဲ၊ အစိုးရအဖွဲ့ခေါင်းဆောင်တွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေ၊ ဆက်နွယ်ဝန်ကြီးတွေနဲ့ အာဆီယံအဖွဲ့အတွင်းရေးမှူးချုပ် အပါအ၀င် ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ၊ ကိုယ်စားလှယ်အဖွဲ့တွေ၊ ဒေသတွင်းနဲ့ နိုင်ငံခြားသတင်းမီဒီယာတွေ တက်ရောက်ခဲ့ကြပါတယ်။
ဖွင့်ပွဲမှာ လာအိုပြည်သူ့သမ္မတနိုင်ငံ ၀န်ကြီးချုပ် သွန်လောင်ဆီဆိုလစ်က တက်ရောက်လာကြတဲ့ နိုင်ငံခေါင်းဆောင်တွေ၊ ဆွေးနွေးဖက်နိုင်ငံတွေ၊ မိတ်ဆွေနိုင်ငံတွေနဲ့ ဒေသနဲ့နိင်ငံတကာ အဖွဲ့အစည်းတွေကို နွေးနွေးထွေးထွေး ကြိုဆိုနှုတ်ဆက် ကျေးဇူးတင်အဖွင့် အမှာစကား ပြောကြားခဲ့ပါတယ်။ လာအိုနိုင်ငံဟာ ၂၀၁၆ ခုနှစ်ရဲ့ အာဆီယံဥက္ကဋ္ဌ တာဝန်ကို “အတွေးစိတ်ကူး ကို အားကောင်းတဲ့ အာဆီယံအသိုက်အ၀န်းအဖြစ် အမှန်တကယ် ပြောင်းလဲလာရေး” ဦးတည်ချက်နဲ့ ထမ်းဆောင်ခဲ့တာဖြစ်ပြီး အောင်မြင်ဖြစ်ထွန်းလာမှုတွေ အထူးသဖြင့် လုပ်ငန်း မူဘောင် ချမှတ်ထားတာတွေနဲ့ အာဆီယံ ကြေညာချက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဒီအစည်းအဝေးတွေ မှာ အာဆီယံခေါင်းဆောင်တွေက လိုက်လျောညီထွေ ကျင့်သုံးကြဖို့ လက်ခံကြမှာ ဖြစ်ပါတယ်။
ဒီ ၂၈ နဲ့ ၂၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို အရပ်သား ခေါင်းဆောင်သစ် ဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်ကတော့ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။
လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြန်ကြားရေးဌာနက အရာရှိတဦးကတော့ မြန်မာနိုင်ငံသမ္မတ တက်ရောက်မှုမရှိတဲ့အတွက် လာအိုနိုင်ငံ တာဝန်ရှိပုဂ္ဂိုလ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို သူ ကိုင်စွဲထားတဲ့ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်ဆိုတဲ့ ရာထူးအရ ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး နိုင်ငံခြားရေး ဌာန ၀န်ကြီးတဦးအနေနဲ့ ဖိတ်ခဲ့တာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေ ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို သမ္မတဖြစ်ခွင့်မရအောင် ပိတ်ပင်တားဆီးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်ဖြတ်ပြီး တရားမ၀င် ခေါင်းဆောင်အဖြစ် ရယူထားခဲ့တာကို ဒေသအဖွဲ့ကြီး ရဲ့ အသိအမှတ်ပြုမှုအပေါ် နိုင်ငံတွင်းနဲ့ နိုင်ငံရပ်ခြားမှာ ရှိနေတဲ့ မြန်မာလူမျိုးတွေကို တုံ့ပြန် ထင်ဟပ်လိုက်တာဖြစ်တယ်လို့ ဆိုကြပါတယ်။ မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တခုထဲမှာ ဖော်ပြထားတာ ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံစီးပွားရေးအသိုက်အ၀န်းနဲ့ သူ့ရဲ့ “စိတ်ကူးတွေးမြင်မှု ၂၀၂၅” အစီအစဉ်နဲ့ တခြား အာဆီယံအသိုက်အ၀န်း တည်ဆောက်ရေး အစီအမံတွေ အကောင်အထည်ဖော်ဆောင်ရေးကိစ္စတွေ၊ အာဆီယံနဲ့ ပြင်ပနိုင်ငံတွေရဲ့ ဆက်ဆံရေးနဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ ဘုံပြဿနာတွေအပြင် အာဆီယံရဲ့ အနာဂတ် အလားအလာဆိုင်ရာ တွေးမြင်ယူဆမှုတွေကို ဆွေးနွေးဖို့ရှိတယ်လို့ ဖော်ပြထားခဲ့ပါတယ်။
ဒါပေမယ့် အဲဒီထုတ်ပြန်ချက်မှာ တရုတ်နဲ့ အာဆီယံနိုင်ငံတချို့ကြားမှာ ဖြစ်ပွားနေတဲ့ တောင်တရုတ်ပင်လယ် နယ်မြေပိုင်နက်ဆိုင်ရာ အငြင်းပွားနေမှုဟာ နှစ်ပေါင်းများစွာ အာဆီယံ ဒေသဆိုင်ရာ အဖွဲ့ကြီးရဲ့ စည်းလုံးညီညွတ်မှုကို ဒုက္ခတွေ့စေခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ကတော့ ဘာမှ သတ်သတ်မှတ်မှတ် ဖော်ပြခဲ့တာမရှိပါဘူး။ ခါတိုင်းလိုပဲ ယေဘုယျ သံတမန်ထုတ်ပြန်ချက် ထက် ဘာမှ မပိုခဲ့ဘူးလို့ ပြောရမှာပါပဲ။
၂၀၁၆ ခုနှစ် ၂၈ နဲ့ ၂၉ ကြိမ်မြောက် အာဆီယံအစည်းအဝေးကို ပူပူနွေးနွေး သမ္မတသစ် တယောက်ဖြစ်တဲ့ ဦးထင်ကျော် ဘာဖြစ်လို့ မတက်ရောက်ခဲ့တာပါလဲလို့ မေးမြန်းလာတဲ့ မြန်မာတိုင်းမ်သတင်းဂျာနယ်ရဲ့ မေးမြန်းမှုကိုတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန် ဖြေကြားမှု မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ တကယ်ဆို ဒီလို နိုင်ငံတကာနဲ့ပတ်သက်တဲ့ ကိစ္စတွေအပေါ်
အစိုးရတရပ်ရဲ့လုပ်ဆောင်မှုဟာ မှန်တာ၊ မှားတာနဲ့မဆိုင်ဘဲ မေးလာရင် ဖြေကြားနိုင်ဖို့ အကြောင်းပြချက် တခုခုကို စဉ်းစားချမှတ်ထားပြီး ဖြစ်ရပါမယ်။ လိမ်မယ်ဆိုရင်လည်း နိုင်င်ငံတကာ အမြင်အရ အရုပ်မဆိုးရအောင် စီစဉ်တကျ ပိရိသေသပ်တဲ့ အကြောင်းပြချက်တခုကို ရှာဖွေထားပြီး ဖြစ်သင့်ပါတယ်။ ခုတော့ အရင် စစ်အာဏာရှင်အစိုးရ အဆက်ဆက်လိုပဲ ဆိတ်သားရေနဲ့ ဖုံးဖို့ပဲ ကြိုးစားနေပုံပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ယူနေချိန်မှာ ဒီလို ရှေ့ကဖုံး၊ နောက်ကပေါ် အဖြစ်မျိုး ဖြစ်ရတာဟာ လက်ရှိအစိုးရအဖွဲ့ရဲ့ အာဏာမရှိမှုနဲ့ ရုပ်သေးအစိုးရအဖြစ်ကို ပီပီပြင်ပြင် ဖော်ပြလိုက်သလို ဖြစ်သွားတယ်လို့ ပြောရင် မှားမယ်မထင်ပါဘူး။
ထိုင်းနိုင်ငံက အာဆီယံရေးရာ ကျွမ်းကျင်သူ က၀ီချောင်န်ကစ်ဝန်ကတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အစည်းအဝေးကို နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်အဖြစ် တက်ရောက်လာမှုဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွင်းမှာ သူ့ရဲ့ရာထူးအဆင့်အရ မြင့်မားမှုဟာ ကြောင်းကျိုးတကျ ရှိတယ် ဆိုတာကို ပြသလိုက်တာပဲဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေးလေ့လာ သုံးသပ်သူတယောက်ဖြစ်တဲ့ စာရေးဆရာ သန်းစိုးနိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လာအို ခရီးစဉ်က သူဟာ ဒေသဆိုင်ရာ အဆင့်တူခေါင်းဆောင်တွေနဲ့ သမ္မတဦးထင်ကျော် ရရှိမထားတဲ့ အခွင့်အာဏာရှိသူတယောက် ဖြစ်တဲ့အကြောင်း တကယ့်ပကတိ အခြေအနေကို ပြသလိုက်တာပဲ ဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။
“ပြီးခဲ့တဲ့ ပင်လုံညီလာခံမှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နိုင်ငံရဲ့သမ္မတ ဖြစ်ပေမယ့် သူက သူ လုပ်သင့်လုပ်ထိုက်တာကိုပဲ လုပ်သွားပြီး ဒေါ်အောင်ဆန်းစုကြည်ကိုပဲ အရာရာကို ဦးစီး ခေါင်းဆောင်လုပ်ဖို့ ခွင့်ပြုထားခဲ့ပါတယ်။ ကျနော် ထင်တာကတော့ ခု အာဆီယံ ထိပ်သီးအစည်း
အဝေးမှာလည်း အဲဒီလိုပဲ ဖြစ်မှာပါ” လို့ သူက ဆက်ပြောခဲ့ပါတယ်။
သူ ပြောသလိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ခုလ အနှောင်းပိုင်းမှာ ကျင်းပတော့မယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကို ဆက်လက်တက်ရောက်မှာ ဖြစ်သလို အခုလ ၁၄ ရက်ကနေ ၁၅ ရက်နေ့အထိ အမေရိကန်သမ္မတ ဘားရက်အိုဘားမားနဲ့ တွေ့ဆုံဖို့ အမေရိကန်နိုင်ငံကို ခရီးဆက်ဖို့ရှိပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် အဓိက အင်အားကြီးနိုင်ငံတွေကို သွားရောက်လည်ပတ်တဲ့ တရုတ်နိုင်ငံခရီးစဉ်အပြီး ဒုတိယမြောက် ခရီးစဉ် ဖြစ်ပါလိမ့်မယ်။
အာရှရဲ့ အင်အားကြီးနိုင်ငံတခုဖြစ်တဲ့ တရုတ်နိုင်ငံကတော့ အာဆီယံအစည်းအဝေး တတိယနေ့ ဖြစ်တဲ့ စက်တင်ဘာလ ၈ ရက်နေ့မှာ ဖိလိပိုင်နိုင်ငံက တောင်တရုတ်ပင်လယ်ထဲမှာ သူ့ရဲ့ တရားမ၀င် ကျွန်းတည်ဆောက်မှုတွေရဲ့ ဓာတ်ပုံအထောက်အထားတွေကို ထုတ်ဖော်ပြသအပြီးမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဖိအားပေးမှုကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံကတော့ နိုင်ငံတကာ ခုံရုံးရဲ့ အဆုံးအဖြတ်ကိုတောင် ဆန့်ကျင်အန်တုရဲတဲ့ နိုင်ငံဖြစ်နေတော့ အာဆီယံအဖွဲ့အစည်း လောက်ကတော့ သိပ်အရေးတယူ ရှိလိမ့်မယ် မဟုတ်တာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ အကျိုးစီးပွားအရ ဆွေးနွေးဖက် နိုင်ငံတခုအဖြစ်အနေနဲ့ သံတမန်ရေးစကားပဲ ပြောဆိုခဲ့ပါတယ်။
မြန်မာ့အိမ်နီးချင်းနိုင်ငံလည်းဖြစ်၊ ကမ္ဘာ့ဒုတိယအကြီးဆုံးဒီမိုကရေစီနိုင်ငံ ဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ၀န်ကြီးချုပ် နာရင်ဒရာမိုဒီကတော့ လောလောလတ်လတ် ပါကစ္စတန်နိုင်ငံကို ကိုးကားပြီး “အကြမ်းဖက်ဝါဒ တင်သွင်းမှု” တွေနဲ့ပတ်သက်ပြီး သူ့ရဲ့ ကြီးမားတဲ့ စိုးရိမ်ပူပန်မှုကို တင်ပြပြောဆို ခဲ့ပြီး ဒီအန္တရယ်ကို တိုက်ခိုက်ချေမှုန်းဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ပူးပေါင်းယှဉ်တွဲဆောင်ရွက် ကြဖို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။
နှစ်ပေါင်းများစွာ အာဆီယံ အစည်းအဝေးတွေမှာ အဓိကထား တင်ပြသွားခဲ့ကြတာတွေကတော့ ဒေသအဖွဲ့ကြီးဝင်နိုင်ငံတွေ အချင်းချင်း စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်းလုံခြုံ ရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ကာကွယ်ရေး၊ မူးယစ်ဆေးဝါးနှိမ်နှင်းရေးတွေကိုသာ အဓိက ထား ဆွေနွေးခဲ့ကြပြီး ဒေသတွင်းနိုင်ငံတွေထဲမှာ စစ်အာဏာရှင်စနစ်၊ ကိုယ့်အမျိုးသားတွေကို အမျိုးသားအချင်းချင်း ကျွန်ပြု အနိုင်အထက်ပြုမှုတွေ ကင်းစင်ပပျောက်ရေး၊ လူ့အခွင့်အရေး ဒီမိုကရေစီရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဏာသိမ်းမှု ကင်းစင်ရေး၊ ကာကွယ်တားဆီးရေးတွေ ကိုတော့ တခါမှ အလေးအနက်ပြု တင်ပြဆွေးနွေးသွားတာ မတွေ့ရသေးဘဲ ထိုနည်း လည်းကောင်း တွေသာ တွေ့နေရဆဲ ဖြစ်ပါကြောင်း။ ။
စိုးနေလင်း