Home
မြန်မာသတင်း
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကူညီရန် မြန်မာက တရုတ်ကို ပန်ကြား
အေးနိုင်
·
August 19, 2016
14079765_555205758013057_8923072323247762537_n
14079489_555205504679749_4130410738471948112_n
14068075_555205761346390_8804516706597239425_n
14051657_555205511346415_229926108266093958_n
14045679_555205508013082_4545257497465127061_n
တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွေမှာ အကူအညီပေးဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တရုတ်ဝန်ကြီးချုပ် မစ္စတာ လီခချန်းကို မနေ့က ဆွေးနွေးပွဲမှာ တောင်းဆိုခဲ့ပါတယ်။ နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးအတွက် ပုံမှန်ဆွေးနွေးပွဲတွေ ထူထောင်ကာ နှစ်နိုင်ငံ အစိုးရများအကြား ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ထုတ်ပြန်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာ လီခချန်းက ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးမှာ ဂုဏ်ပြုအခမ်းအနားနဲ့ ကြိုဆိုပြီးနောက် ဆွေးနွေးခဲ့ကြတာပါ။ ခေါင်းဆောင်နှစ်ဦးက မြန်မာမြောက်ပိုင်းဒေသပြဿနာကို ဆွေးနွေးကြတယ်လို့ တရုတ်သတင်းဌာနက ဖော်ပြပါတယ်။ မစ္စတာလီခချန်းက တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်မှုနဲ့ နယ်မြေတည်တံ့ပြည့်စုံမှုကို လေးစားပြီး မြန်မာ့ငြိမ်းချမ်း ရေးဖြစ်စဉ်မှာ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှု တွန်းအားပေးသည့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နှစ်နိုင်ငံ ကောင်းမွန်တဲ့ ကူးလူး ဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးပြီး ဆက်လက် အားဖြည့်ပူးပေါင်းဆောင်ရွက်လို ကြောင်း ပြောကြားခဲ့တယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့လပိုင်းက လာအိုနိုင်ငံမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီတို့ တွေ့ဆုံစဉ်ကလည်း မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက ကူညီပေးဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားခဲ့ပါသေးတယ်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ လာမယ့်သြဂုတ်လ ၃၁ ရက်နေ့ကျရင် နေပြည်တော်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ကျင်းပဖို့ ဆုံးဖြတ်ထားပြီး ကျယ်ကျယ်ပြန့်ပြန့်ပါဝင် ဆွေးနွေးနိုင်အောင် ကြိုးပမ်းနေပါတယ်။ တရုတ်ဝန်ကြီးချုပ် လီခချန်းက တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ ဖွံ့ဖြိုးရေး မဟာဗျူဟာဆိုင်ရာ ဆက်နွှယ်မှုကို တွန်းအားပေးလိုကြောင်း၊ အဓိကလုပ်ငန်းနယ်ပယ်တွေမှာ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမို ကောင်းမွန်အောင် စီမံခန့်ခွဲလိုကြောင်း၊ တရုတ်-မြန်မာ ရေနံ၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနဲ့ မြစ်ဆုံ ရေအားလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို သင့်တော်စွာ တွန်းအားပေးလိုကြောင်း၊ ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်ပါစေဟု ဆုတောင်းပါကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က နှစ်နိုင်ငံအကြား သက်တမ်းရှည်ကြာတဲ့ ဆက်ဆံရေးမှာ လေးနက်တဲ့ အရပ်ဘက် အခြေခံရှိကြောင်း၊ မြန်မာအစိုးရသစ်သည် တရုတ်ပြည်နှင့် ဆက်ဆံမှုကို လွန်စွာ အလေးထားကြောင်း၊ မြန်မာ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှုတွင် တရုတ်ပြည်ဘက်၏ ကူညီမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက တရုတ်နိုင်ငံနဲ့ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို တိုးမြှင့်လိုကြောင်း၊ စွမ်းအင် နယ်ပယ် အပါအဝင် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးပြီး နယ်စပ်ကုန်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ကျန်းမာရေးနဲ့ ပညာရေး စတဲ့နယ်ပယ်တွေမှာ ကူးလူးဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ကာ နယ်စပ်ဒေသ တည်ငြိမ်မှုကို လက်တွဲ ထိန်းသိမ်းလိုကြောင်းကိုလည်း ပြောကြားတယ်လို့ ဆိုပါတယ်။ ခေါင်းဆောင် ၂ ဦးက မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး လေ့လာစိစစ် သုံးသပ်ရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်ထားရှိမှုကိစ္စနဲ့ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြပါ တယ်။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလက်ထက်က သဘောတူစတင်ခဲ့ရာက ၂၀၁၀ ခုနှစ် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ ကန့်ကွက်မှုတွေ ထွက်ပေါ်ခဲ့ပြီးနောက် အစိုးရသက်တမ်းကာလအတွင်း ရပ်ဆိုင်းခဲ့ပါတယ်။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ ဒီစီမံကိန်းနဲ့ပတ်သက်လို့ ဆက်လက်တာဝန်ယူကိုင်တွယ်ရမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်ကို မသွားရောက်ခင်ရက်ပိုင်းအလို သြဂုတ်လ ၁၂ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ကချင်ပြည်နယ်အတွင်း ဆောင်ရွက်မယ့် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းတွေကို ဆက်လက် ဆောင်ရွက်ဖို့ သင့်-မသင့်နဲ့စပ်လျဉ်းပြီး လေ့လာစိစစ် သုံးသပ်တင်ပြနိုင်ဖို့ “ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်“ ကို ဖွဲ့စည်း တာဝန်ပေးခဲ့ပြီး ၃ လအတွင်း အစီရင်ခံဖို့ ညွှန်ကြားခဲ့ပါတယ်။ မြန်မာအိမ်နီးချင်း တရုတ်နိုင်ငံဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံပေါင်း ၁၇ နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့အနက် မြန်မာနိုင်ငံနဲ့ နယ်စပ်မှာ ကီလိုမီတာ ၂၁၈၅ ကီလို၊ မိုင်အားဖြင့် ၁၃၅၇ မိုင် ထိစပ်နေပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းတို့နဲ့ လည်း နယ်စပ်ထိစပ်နေပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့၊ ရခိုင်တပ်မတော်၊ တအာင်းပလောင်တပ်မတော်၊ ကိုးကန့်တပ်မတော်၊  ၀ပြည်သွေး စည်းညီညွတ်ရေးတပ်မတော်၊ မိုင်းလားအထူးဒေသ ၄၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း၊ စတဲ့တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ မြန်မာ-တရုတ် နယ်စပ်မှာ အခြေပြုရပ်တည်နေကြတာဖြစ်ပါတယ်။ ဒီအဖွဲ့တွေအပေါ်  တရုတ်နိုင်ငံက တစုံတရာ သြဇာသက်ရောက်မှုရှိတယ်လို့ လေ့လာသူတွေက ဖော်ပြရေးသားနေကြတာပါ။ မနှစ်တုန်းက မြန်မာ့တပ်မတော်နဲ့ ကိုးကန့်တပ်ဖွဲ့အကြားတိုက်ပွဲတွေဖြစ်ပွားနေစဉ်မှာ ပါတီချင်းဆက်ဆံရေးအရ တရုတ်ကွန်မြူနစ်ပါတီဥက္ကဌ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို သွားရောက်စဉ်မှာ ကိုးကန့်တပ်မတော်က တဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ဖူးပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ အစိုးရအာဏာရပြီးချိန်ကစလို့ အာဆီယံနိုင်ငံကလွဲလို့ ပြည်ပကို ပထမဆုံးသွားရောက်တဲ့ခရီးစဉ်ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဖိတ်ကြားချက်ကို စက်တင်ဘာကျမှ သွားရောက်ဖို့ဆုံးဖြတ်ပြီး တရုတ်ကို ပထမလာရောက်တဲ့ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ တရုတ်နိုင်ငံသတင်းတွေမှာ သုံးသပ်သူ ပညာရှင်တွေကို ကိုးကားရေးသားကြပါတယ်။ မြန်မာ - တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အတူ ခရီးစဉ်လိုက်ပါသွားတဲ့ ၀န်ကြီးတွေ၊ ဒုတိယ၀န်ကြီးနဲ့တာဝန်ရှိသူတွေ၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာ လီခချန်းနဲ့အတူ ၀န်ကြီးတွေ၊ အဆင့်မြင့်အရာရှိကြီးတွေ တက်ရောက်ကြပါတယ်။ ဆွေးနွေးပွဲအပြီးမှာ နှစ်နိုင်ငံ အစိုးရအကြား  စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင် ရွက်ရေး သဘောတူစာချုပ်၊ တရုတ်အစိုးရအကူအညီနဲ့ တည်ဆောက်မယ့် ကွမ်လုံတံတားသစ် စီမံကိန်းအတွက် ဖြစ်နိုင်စွမ်း လေ့လာမှုဆိုင်ရာ စာချွန်လွှာတို့ကို လက်မှတ်ထိုးခဲ့ကြပါတယ်။ တရုတ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံမှာ ကျန်းမာရေး၊ ပညာရေး၊ လယ်ယာစိုက်ပျိုးရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အစရှိတဲ့ ကဏ္ဍတွေ ဆောင်ရွက်ဖို့ အကူအညီအဖြစ် တရုတ် ယွမ်သန်း ၁၀၀၀ (USD သန်း ၁၅၀ ဒသမ ၄၉) ကို အကူအညီပေးလိုကြောင်း၊ သဘာဝဘေးဒဏ်ဖြစ်တဲ့ ရေကြီး၊ ရေလျှံမှုတွေ ကာကွယ်ဖို့ နည်းပညာ အကူအညီ ပေးလိုကြောင်း ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံဝန်ကြီးချုပ်ရဲ့ တရားဝင်ဖိတ်ကြားချက်အရ သြဂုတ် ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့ထိ သွားရောက်လည်ပတ်တာဖြစ်ပါတယ်။ ခရီးစဉ်အတွင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တခြားအဆင့်မြင့်တာဝန်ရှိသူတွေကို တွေ့ဆုံဆွေးနွေးမှာဖြစ်သလို ပေကျင်းမြို့အပြင် ကျန်မြို့တွေကိုလည်း သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024