Home
သုံးသပျခကျြ
ရက် ၁၀၀ အတွင်း အစိုးရသစ် ဘာတွေအောင်မြင်ခဲ့သလဲ - အယ်ဒီတာစကားဝိုင်း
DVB
·
July 27, 2016
Editorial Talk
ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ ဧပြီလ ၁ ရက်နေ့၊ ၂၀၁၆ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်တဲ့ အစိုးရဟာ အခုဆိုရင် ရက်ပေါင်း ၁၀၀ ရှိခဲ့ပါပြီ။ ဒီရက်ပေါင်း ၁၀၀ အတွင်းမှာလည်း သမ္မတဦးထင်ကျော်ရဲ့ မိန့်ခွန်းထဲမှာတော့ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ကိုဦးတည်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ လူမှုစီးပွားမြှင့်တင်ရေးဆိုတဲ့ မိန့်ခွန်းနဲ့ အစိုးရသစ်တရပ် ပေါ်ထွန်းလာပါတယ်။ အခု ရက်ပေါင်း ၁၀၀ ပြည့်တဲ့အချိန်မှာတော့ လုပ်နိုင်တာတွေရှိသလို မလုပ်နိုင်တာလည်း အများကြီးကျန်ပါတယ်။ အထူးသဖြင့် ကျနော်တို့ ၂၁ ပင်လုံပဲပြောပြော၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးညီလာခံကို သြဂုတ်လအကုန်မှာ စတင်ပြီးတော့ ခေါ်ယူဖို့ လုပ်နေပါတယ်။ အဲလိုပဲ တပ်မတော်နဲ့ ဆက်ဆံရေးမှာ ပြီးခဲ့တဲ့ အာဇာနည်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ ပိုပြီးတော့ ပြေလည်တာရှိသလို လူမှုစီးပွားဘက်မှာလည်း သိပ်မလုပ်နိုင်သေးဘူးဆိုတဲ့ ဝေဖန်မှုတွေ ရှိပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးဆောင်းပါးရှင် ကိုအောင်သူငြိမ်းနဲ့ The Voice Weekly တာဝန်ခံအယ်ဒီတာ ကိုဇေယျာသူ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ရက်ပေါင်း ၁၀၀ ပေါ့နော်။ ရက်ပေါင်း ၁၀၀ ဟာ ဧပြီ ၁ ရက်လို့လည်း ပြောတယ်။ မေ ၁ ရက်လည်း ပြောပါတယ်။ တချို့ကလည်း ပြည့်သွားပြီ၊ တချို့ကလည်း သြဂုတ်လကုန်မှ ပြည့်မယ်။ ဒါပေမယ့် ပြဿနာမရှိပါဘူး။ ရက် ၁၀၀ အတွင်းမှာ အစိုးရကနေပြီးတော့ ၀န်ကြီးဌာန အရင်တုန်းက ၃၆ ခုကနေ ၂၂ ခုကို လျှော့ခဲ့တယ်။ သူတို့ Priority မျိုးစုံနဲ့ လုပ်ခဲ့တယ်ပေါ့။ အဲတော့ ဒီရက်ပေါင်း ၁၀၀ အတွင်းမှာ ဘာတွေအောင်မြင်ပြီးပြီလဲ။ ဘာတွေလုပ်ဖို့ကျန်နေလဲ စပြီးတော့ ဆွေးနွေးပေးပါဦး ကိုအောင်သူငြိမ်းခင်ဗျ။" ကိုအောင်သူငြိမ်း (နိုင်ငံရေးဆောင်းပါးရှင်) “ကျနော်တို့ ရက်ပေါင်း ၁၀၀ ဆိုတာက နိုင်ငံတကာမှာတော့ အစိုးရသစ်တခု တက်လာရင် သူတို့ကို စောင့်ကြည့်တာပေါ့ဗျာ။ အချိန်ပေးတယ်။ မဝေဖန်သေးဘူး။ ရက် ၁၀၀ ကျော်လာရင်တော့ သူတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေ ပြောတာဆိုတာတွေ ရှိတာပေါ့နော်။ အဲတော့ ဒါနဲ့ပတ်သက်လို့ မီဒီယာတွေက စပြောလာတယ်။ ပြောလာတော့ ကျနော်တို့ဆီမှာ နောက်ဆုံး အစိုးရကိုယ်တိုင်က ရက် ၁၀၀ စီမံကိန်း၊ ရက် ၁၀၀ စီမံကိန်းဆိုတာ ပြောတာတွေ ဖြစ်လာတာပေါ့နော်။ အဲတော့ ဘာတွေ အားသာချက်ရှိသလဲပေါ့။ ရက်ပေါင်း ၁၀၀ အထိ အစိုးရက ပြည်သူ့ထောက်ခံမှုပေါ့နော်၊ ကျနော်တို့ စစ်တမ်းကောက်ယူတာ မရှိပေမယ့် မကျသေးဘူးဗျ။ ပြောမယ်ဆိုရင် လူထုက ဒီအစိုးရကို ဆက်ထောက်ခံတုန်း၊ မျှော်လင့်တုန်းလို့ ပြောလို့ရပါတယ်။ တဘက်ကကျတော့ နိုင်ငံရေးအရပြောရင် သိသိသာသာဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတယ်ပေါ့ဗျာ၊ တော်တော်များများ၊ ဒါပေမယ့် ကျန်နေသေးတယ်လို့ ဝေဖန်ချက်တွေလည်း ရှိပါတယ်။ နောက်တခုကကျတော့ ကျနော်တို့ လူမှုစီးပွားရေး အခြေအနေပေါ့။ အဲဒီမှာတော့ စီးပွားရေးနဲ့ပတ်သက်လို့ အခြေအနေက သိပ်မတိုးတက်ဘူးလို့ ပြောလို့ရတဲ့ အနေအထား ရှိပါတယ်။ နောက်တခုကကျတော့ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးပေါ့ဗျာ။ အဲဒီအပိုင်းမှာ ပြောမယ်ဆိုရင် တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဆက်ဆံရေးဟာ ကောင်းမွန်နေတယ်လို့ ကျနော်တို့ သုံးသပ်လို့ရတယ် ထင်ပါတယ်။ ဒါကတော့ အကြမ်းဖျင်း အနေအထားပေါ့နော်။ အဲတော့ အားနည်းချက်တွေဘက်က ပြောမယ်ဆိုရင် ကျနော်တို့ ဒီရက် ၁၀၀ မှာ များများ ဘာမှမလုပ်နိုင်ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် ရှေ့ကို ဘယ်လမ်းကိုသွားမလဲဆိုတဲ့ ကျနော်တို့ Vision ပေါ့ဗျာ။ ဥပမာအားဖြင့် မူဝါဒ ပေါ်လစီ ဒါမျိုးတွေတော့ ကျနော်တို့ကြားချင်တယ်။ အဲဒါဆိုရင် ကျနော်တို့ဘက်ကလည်း ဘယ်ကိုသွားမယ်ဆိုတာ သိရတဲ့အနေအထားလို့ ထင်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဟုတ်ကဲ့ခင်ဗျ။ ကိုအောင်သူငြိမ်းကတော့ တချို့ အောင်မြင်တာတွေ၊ တချို့လုပ်ဖို့ ကျန်တာတွေနဲ့ နောက် ရှေ့ကို ရှင်းရှင်းလင်းလင်း ကျနော်တို့ Vision ပေါ့။ အမြင်နဲ့ပတ်သက်လို့ ဘာဆက်လုပ်မယ်ဆိုတာ တိတိကျကျ ကြားချင်တယ်၊ မြင်ချင်တယ်။ အဲတော့ ကိုဇေယျာသူအနေနဲ့ ဘာတွေများရခဲ့လဲ၊ ပြီးရင် တကယ်တမ်း ဘာတွေအရေးတကြီး ထပ်လုပ်ဖို့လိုလဲ နည်းနည်းဖြည့်စွက်ပြီးတော့ ဆွေးနွေးပေးပါဦးခင်ဗျ။" ကိုဇေယျာသူ (တာဝန်ခံအယ်ဒီတာ၊ The Voice Weekly) “ရက် ၁၀၀ ကတော့ အစိုးရသတ်မှတ်တာနဲ့ အပြင်ကသတ်မှတ်တာ နှစ်ခုကွဲနေတယ်ပေါ့နော်။ တကယ်တမ်းတော့ ရက် ၁၀၀ ဆိုတာက အပြင်က သတ်မှတ်ရတာ။ ကျနော်တို့ မီဒီယာတို့၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေက သတ်မှတ်ပြီးတဲ့အခါကျရင် ဒီအတွင်းမှာ သိပ်မဝေဖန်သေးဘဲနဲ့ ထိန်းထားတာပေါ့။ ကျနော်တို့ဆီမှာ အစိုးရကလည်း ရက် ၁၀၀ ဆိုပြီး သတ်မှတ်လိုက်တော့ အဲဒီမှာ ၀ိဝါဒ ကွဲစရာလေးတွေတော့ ဖြစ်နေတာပေါ့။ ကျနော့်အမြင်မှာတော့ ရက် ၁၀၀ ဆိုတာက တခြားနိုင်ငံတွေမှာလိုမျိုး နောက်ထပ် သမ္မတတယောက် ရိုးရိုးတက်လာတာမျိုး မဟုတ်ဘူး။ ဒီမှာကကျတော့ လုံးဝကြီး အပြောင်းကြီး ပြောင်းသွားတာ ဖြစ်တဲ့အတွက် ရက် ၁၀၀ နဲ့ ချိန်ဖို့ဆိုရင် ခက်တယ်ပေါ့နော်။ ကျနော့်အနေနဲ့ ရက် ၁၀၀ မှာတော့ သူက ဘာအဓိကထားလုပ်နေတာ သွားတွေ့ရလဲဆိုတော့ အာဏာတည်ဆောက်ရေးပေါ့နော်။ အခုမှ အာဏာရတဲ့အတွက် အာဏာတည်ဆောက်ရေးလုပ်နေတာ တွေ့ရတယ်။ နောက်တခုက ဘာလဲဆိုတော့ အာဏာအပြင်ဘက်မှာ အကြာကြီးဖြစ်ခဲ့တဲ့အတွက် အထဲမှာ ဘာဖြစ်နေလဲ သူတို့မသိဘူး။ အခုကျတော့ အထဲကိုရောက်လာပြီ။ တကယ်ကိုင်တွယ်ရပြီဆိုတော့ သိအောင်လုပ်နေတယ်။ အဲနှစ်ခုလုပ်နေတယ်လို့ မြင်တယ်ပေါ့။ အဲတော့ Issue အနေနဲ့ ပြောရရင်တော့ ခုန ကိုအောင်သူငြိမ်း ပြောသလိုပဲ ငြိမ်းချမ်းရေးမှာလုပ်တာ ပိုမြင်ရတယ်ပေါ့နော်။ မီဒီယာက ပိုဖော်ပြလို့လည်း ဖြစ်နိုင်တယ်။ တဆက်တည်းမှာ ငြိမ်းချမ်းရေးနဲ့ ဆန့်ကျင်ဘက် သိပ်မလုပ်ဖြစ်တဲ့ကဏ္ဍ ပြောမယ်ဆိုရင်တော့ ကျနော်မြင်တာကတော့ စီးပွားရေးပေါ့နော်။ စီးပွားရေးမှာက ဒေါ်အောင်ဆန်းစုကြည်က အထွတ်အထိပ်ပဲ။ သမ္မတရှိပေမယ့် တကယ်တမ်းတော့ သူ့လက်ထဲမှာပဲ အာဏာရှိနေတယ်။ သူပြောတဲ့ ပထမဆုံးမိန့်ခွန်းထဲမှာကိုက စီးပွားရေးဆိုတာ ပြောမသွားဘူးပေါ့။ မကြာခင်တော့ စီးပွားရေးပေါ်လစီ ထွက်မယ်လို့တော့ ကြားရတယ်။ လောလောဆယ်မှာတော့ ကျနော်တို့က စောင့်ကြည့်နေရတဲ့ အနေအထားမျိုး ဖြစ်နေတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဟုတ်ကဲ့ခင်ဗျ။ အဲတော့ အစိုးရသစ်တွေရဲ့ ထုံးစံအတိုင်း ဒီပုံစံကလည်း နည်းနည်း Replacement လို ဖြစ်သွားတာပေါ့နော်။ ရွေးကောက်ပွဲကနေ သောင်ပြိုကမ်းပြိုနိုင်ပြီးတော့ သူတို့ထုံးစံအတိုင်းကတော့ အရင်ရှိခဲ့တဲ့ အစိုးရကို Neutralize လုပ်တယ်။ ပြီးတော့မှ သူတို့ ဘယ်လောက်လုပ်ခွင့်ရှိလဲ။ ဒီကြားထဲ တချို့ကတော့ ပြောကြတာ၊ အိမ်အိုအိမ်ဟောင်းကြီး နှစ်ပေါင်းများစွာ ပေးခဲ့တယ်။ အဲတော့ Transaction မှာတင် တော်တော်ကြာခဲ့တယ်။ အဲဒါတွေ ကိုင်တွယ်နေလို့ ဘာမှမပြောဘူး။ ဒါပေမယ့် ခုန ကိုအောင်သူငြိမ်းပြောသလို ရှင်းလင်းတဲ့၊ တိကျတဲ့၊ ပွင့်လင်းမြင်သာတဲ့ဟာ သိပ်မရှိသေးဘူးပေါ့။ တချို့ဝေဖန်တဲ့သူတွေက အကောင်းဘက်က ပြောမယ်ဆို ဥပမာ သစ်တောတွေကိစ္စ၊ သစ်ထုတ်လုပ်ရေး ရပ်ဆိုင်းတဲ့ ကိစ္စတို့၊ လယ်သမားတွေ ပိုက်ဆံချေးတာ တသိန်းကနေ၊ တသိန်းခွဲရသွားတာတို့၊ အဲလိုဟာတွေကိုတော့ မြင်သာထင်သာရှိပေမယ့် ခုနပြောတဲ့ ရှင်းလင်းပြတ်သားတဲ့ ဘယ်လိုစီးပွားရေးလမ်းကြောင်းနဲ့ ဆက်သွားမယ်။ နောက်တခုက နိုင်ငံတကာ Foreign Investment၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လိုမျိုး Attractive ဖြစ်အောင်လုပ်မလဲ။ အဲဒါတွေနဲ့ ပတ်သက်လို့တော့ အားနည်းနေတယ်ပေါ့။ အဲဒါတွေနဲ့ ပတ်သက်လို့ကော ဘယ်သူက တာဝန်ယူပြီးတော့ တကယ်တမ်း Address လုပ်သင့်လဲ။ နောက်တခု ပြည်သူအများ ပြောတာတော့ ကုန်ဈေးနှုန်း၊ သင်္ကြန်ကတည်းက တက်သွားတယ်။ နှစ်တိုင်းတက်နေကျ ပြီးရင်ပြန်ကျတယ်။ ဗမာပြည်မှာ အစိုးရသစ်နဲ့ တကယ်တမ်း ကုန်ဈေးနှုန်းတက်သွားမှုက ပြန်ကျဖို့ မရှိသေးဘူး။ ဒါ တကယ့် အခြေခံပြည်သူတွေ သိချင်တာ။ အဲဒါတွေကို ဘာတွေကိုင်တွယ်သင့်လဲ၊ ဘယ်လိုမျိုး သေသေချာချာ Address လုပ်သင့်လဲ။ ဒီဟာနဲ့ ပတ်သက်လို့လည်း ကိုအောင်သူငြိမ်း ဖြည့်စွက်ပြီး ပြောပေးပါဦးခင်ဗျ။" ကိုအောင်သူငြိမ်း (နိုင်ငံရေးဆောင်းပါးရှင်) “ကျနော် အထူးသဖြင့်တော့ စီးပွားရေးကို နည်းနည်းလေး ဇောင်းပေးဆွေးနွေးချင်တာပေါ့။ ကျနော်တို့ နိုင်ငံတကာမှာ အစိုးရတွေကိုပြောရင် လက်နှစ်ဘက်ရှိတယ်ဗျ။ ဒီ ဖွံ့ဖြိုးရေးအတွက်လုပ်ဖို့ပေါ့။ တခုကကျတော့ ငွေကြေးပေါ်လစီပေါ့။ အထူးသဖြင့်တော့ ဗဟိုဘဏ်အပိုင်းက လုပ်ရတာ။ နောက်တခုကကျတော့ ကျနော်တို့ ဘတ်ဂျက်ပေါ်လစီပေါ့နော်။ ဒါကကျတော့ အစိုးရပိုင်းက လုပ်ပါတယ်။ အဲလိုလုပ်တဲ့အခါမှာ အခုတက်လာတဲ့ အစိုးရကို ကြည့်တဲ့အခါကျတော့ ဗဟိုဘဏ်ကို အရင်လူတွေနဲ့ပဲ ပြန်ထားထားတယ်။ လိုအပ်ရင် ကျနော်ထင်တာက အသစ်ပြန်ဖွဲ့စည်းလို့ ရပါတယ်။ အဲတော့ ဗဟိုဘဏ်ဘက်ကနေပြီးတော့ ထူးထူးခြားခြား၊ မူဝါဒနဲ့ပတ်သက်လို့ ပြောင်းလဲမှုတွေ ကျနော်တို့ မတွေ့ဘူးပေါ့နော်။ ဥပမာအားဖြင့် အတိုးနှုန်းနဲ့ ပတ်သက်တဲ့မူဝါဒ၊ နောက်တခါကျတော့ ချေးငွေတွေနဲ့ ပတ်သက်လို့ သက်တမ်းဘယ်လောက်ထားမယ်ဆိုတဲ့ မူဝါဒပေါ့။ ဒါတွေ ထူးထူးခြားခြား မတွေ့ပါဘူး။ နောက်တခုကကျတော့ အစိုးရဘက်က ပြောမယ်ဆိုပါစို့။ အဲတော့ ခုနပြောတဲ့ လယ်သမားတွေကို ငွေထုတ်ချေးတာက မှန်တယ်။ ဒါပေမယ့် ထုတ်ချေးတဲ့အတွက်ကြောင့် ပိုက်ဆံကို ရိုက်ရတဲ့အခါကျတော့ ကျနော်တို့ ငွေကြေးဖောင်းပွမှုက လိုက်လာနိုင်တဲ့ အလားအလာ ရှိတယ်ပေါ့။ တခါတလေကျတော့လည်း အစိုးရတွေက ပိုက်ဆံကို ချသုံးရတာ ရှိပါတယ်။ တချက် ငွေကြေးဖောင်းပွမယ်။ တချိန်ဖွံ့ဖြိုးရေးဖြစ်မယ်ဆိုရင် လုပ်ရတာမျိုး ရှိပါတယ်။ ဒါပေမယ့် ပြဿနာက ကျနော်တို့မှာ ဘာမှ ထုတ်ကုန်မရှိဘူး။ အဲတော့ ကျနော်တို့ ကုန်သွယ်ရေးကြည့် လိုငွေပြနေတယ်။ နောက်တခါကျတော့ အစိုးရဘက်ကြည့် ဘတ်ဂျက်လိုငွေ ပြနေတယ်။ အဲနှစ်ခုပေါင်းက ကျနော်တို့က ဆယ်ဘီလီယံကျော်လောက်ရှိတယ်။ အဲတော့ ကျနော်တို့တိုင်းပြည်မှာရှိတဲ့ နိုင်ငံခြား အရန်ငွေကြေးထက်လည်း များတယ်။ ဆိုလိုတဲ့သဘောက ဘယ်ကိုသွားနေလဲဆိုတော့ ကျပ်က မခိုင်ဘူး၊ ကျပ်ဈေးကျလာနိုင်တယ်။ နောက်တခုကကျတော့ အရေးကြီးတဲ့ တချက်ပေါ့ဗျာ။ အဲတော့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို အစိုးရတက်လာပြီးတော့ နှစ်လအကြာကျမှ ဖွင့်နိုင်တာ။ အဲတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း ၀င်တာနောက်ကျတယ်ပေါ့နော်။ အဲတော့ ပြီးခဲ့တဲ့ ရက် ၁၀၀ လုံးမှာ ပြန်ကြည့်ရင် ကျနော်တို့ ဒေါ်လာ ၃ ဒသမ ၅ သန်းလား အဲလောက်ပဲ ၀င်ပါတယ်။ အဲတော့ ဒါက ဘာမှမရှိတဲ့ ပမာဏပေါ့။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ကိုအောင်သူငြိမ်းက စီးပွားရေးဘက်ပြောသလို ကိုဇေယျာသူကိုလည်း အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဘက်ကို နည်းနည်းပြောချင်ပါတယ်။ ကျနော်တို့ ဒီ အာဇာနည်နေ့ကပေါ့နော်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် အိမ်မှာလည်း အရင်ဗိုလ်ချုပ်ဟောင်းတွေ တော်တော်များများပါတယ်။ လက်ရှိကာကွယ်ရေးဦးစီးချုပ် အပါအ၀င်။ တိုင်းရင်းသားလက်နက်ကိုင်တွေ အခု မိုင်ဂျာယန်မှာ တွေ့နေတာနဲ့ တခုတည်း သွားကျတယ်ပေါ့။ အထူးသဖြင့်တော့ မက်ဆေ့ပေးချင်တာ အစိုးရနဲ့ တပ်မတော် တသားတည်းကျတယ်ပေါ့။ အဲဒီမက်ဆေ့ကို ပေးတဲ့အတွက် တိုင်းရင်းသားတွေဘက်ကလည်း စဉ်းစားလို့ရအောင် ဒီ သြဂုတ်လအကုန်ပိုင်းမှာလုပ်မယ့် ၂၁ ပင်လုံညီလာခံနဲ့ သက်ဆိုင်တယ်လို့ တချို့ကလည်း သုံးသပ်ပါတယ်။ အဲဒီအပေါ်မှာ တကယ်တမ်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးမှာ တကယ်ကိုလည်း အောင်မြင်နေပြီလား၊ နောက်တခုကလည်း အစိုးရရယ်၊ တပ်မတော်ရယ်၊ တိုင်းရင်းသားရယ် ကျနော်တို့ ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေး အလားအလာ ဘယ်လိုရှိလဲ အဲဒါလေးကို ဖြည့်စွက်ပြီးတော့ သုံးသပ်ပေးပါဦးခင်ဗျ။" ကိုဇေယျာသူ (တာဝန်ခံအယ်ဒီတာ၊ The Voice Weekly) “ကျနော်တို့အားလုံးသိတဲ့အတိုင်း အစိုးရနဲ့ တပ်က တကယ်တမ်းတော့ နှစ်ခုလုံးက အာဏာအရှိဆုံး အဖွဲ့အစည်းတွေ ဖြစ်နေတာပေါ့။ အခြေခံဥပဒေအရကော လွှတ်တော်ထဲမှာကော တပ်က ၂၅ ရာခိုင်နှုန်း၊ ၀န်ကြီးသုံးပါး ရထားတယ်။ တကယ်တမ်းလည်း အပြင်မှာ အင်အားတအားရှိတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အခါကျတော့ တကယ်တမ်းတော့ အာဏာရှိတာ နှစ်ဖွဲ့ဖြစ်နေတယ်၊ မြန်မာပြည်မှာ။ အစိုးရနဲ့တပ်နဲ့၊ အခုဟာက တလမ်းကြောင်းတည်းဆိုတာ ကျနော်တို့ ရက် ၁၀၀ စွန်းစပေါ့။ ဧပြီ ၁ ကစရေရင် ရက် ၁၀၀ ကျော်သွားပြီ။ ရက် ၁၀၀ ကျော်သွားတဲ့အချိန်မှာ မြင်လိုက်ရတာပေါ့။ ဒီကြားထဲမှာ သူတို့တည်ဆောက်ထားခဲ့တာလည်း ရှိလိမ့်မယ်။ အခုကတော့ ထွက်ပြီးတော့ ကျနော်တို့က ရပ်ပြလိုက်တဲ့ အခါကျတော့ ကျနော်တို့က ဒီမှာ ယုံကြည်မှုက တော်တော်လေး ရသွားတယ်။ ဒါ မြန်မာပြည်က လူတွေအတွက်ပါ မဟုတ်ပါဘူး။ နိုင်ငံရေးတည်ငြိမ်ဖို့ လိုအပ်တဲ့အတွက်ကြောင့်မို့ ပြင်ပက ရင်းနှီးမြှုပ်နှံသူတွေအတွက်ပါ ဒါကတော့ ကောင်းတဲ့သတင်းစကားပေါ့နော်။ မက်ဆေ့ဖြစ်တယ်ဆိုတာ သွားတွေ့ရတာပေါ့။ နောက်တခု ကျနော်ပြောချင်တာကတော့ ဒီမှာက ၀န်ကြီးဌာနတွေက အရေးကြီးပါတယ်။ ဆိုလိုတာက ၀န်ကြီးတွေ အသစ်ရောက်လာတယ်ဆိုတာ ခေါင်းဖြုတ်လဲတာပဲဖြစ်ပြီး ကိုယ်ကတော့ ကျန်နေသေးတဲ့ အခါကျတော့ ဗျူရိုကရေစီယန္တရားက ဘယ်လောက်ထိ ကျနော်တို့ အောင်မြင်နေပြီလဲပေါ့နော်။ ပြီးတဲ့အခါကျတော့ ၀န်ကြီးဌာန၊ ဥပမာ လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးနဲ့ဆိုရင် ဒါက ၀န်ကြီးဌာနသုံးခု ပေါင်းလိုက်တာပေါ့နော်။ ၀န်ကြီးဌာနသုံးခုက အခုလောလောဆယ်က ဒီတိုင်း နာမည်ပဲရေးပြီး ပေါင်းတာပဲ ရှိသေးတယ်။ တကယ်တမ်း အထဲထဲမှာ စနစ်တကျတည်ဆောက်ပြီး ပေါင်းတာမျိုး မရှိသေးဘူး။ ဒီတိုင်းပဲ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနဆိုလည်း ဒါ အရင်က ၀န်ကြီးဌာန ၂ ခုကို ပေါင်းလိုက်တဲ့အခါကျတော့ ၀န်ကြီးဌာနကို နာမည်ပဲ ပေါင်းရတာ ရှိသေးတယ်။ တကယ့်ဖန်ရှင်တွေ၊ ဆောင်ရွက်ချက်တွေ ပေါင်းရတာ မရှိသေးဘူး။ အဲဒီဟာကလည်း ကျနော်တို့က ရက် ၁၀၀ အတွင်းမှာ မလုပ်နိုင်သေးဘူးလို့ပဲ မြင်တယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဟုတ်ကဲ့ ဒါက ကျစ်လျစ်တဲ့အစိုးရဆိုတော့ ၀န်ကြီးဌာန အရင်တုန်းက ၃၆ ခုကို ၂၂ ခု ပေါင်းပြီးတော့ တကယ်လက်တွေ့ လုပ်နေတဲ့ အခြေအနေပေါ့နော်။ စောစောက ကိုအောင်သူငြိမ်းက စီးပွားရေးကိစ္စပြောပြီးတော့ နောက် တချို့ဝေဖန်မှုတွေထဲမှာ လူ့အခွင့်အရေးနဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးမှာလည်း အားနည်းမှုတွေ ရှိသေးတယ်လို့ ပြောပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် အခြေခံဥပဒေပြင်ဖို့ ကိစ္စတွေ၊ နောက်တခုက ရခိုင်ကိစ္စ၊  နိုင်ငံရေးအကျဉ်းသား ၉၀ ကျော် ကျန်နေတဲ့ကိစ္စတွေ ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ အဲလိုပဲ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးမှာလည်း ဗဟိုကော်မတီတခုတော့ ဖွဲ့နိုင်တယ်၊ ၁၅ ယောက်နဲ့၊ တကယ်တမ်း ဟိုတလောကဆိုရင် လူသိများတဲ့ ကျနော်တို့ ယူရို ၈၆ သန်းကိစ္စတို့၊ ဖားကန့်ကိစ္စတို့ ဘာမှ မဖြေရှင်းပေးနိုင်သေးဘူးလို့ ပြောတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ကော အစိုးရအနေနဲ့ စီးပွားရေးလိုပဲ ရှင်းလင်းတဲ့ လူ့အခွင့်အရေးကိစ္စရယ်၊ အကျင့်ပျက်ခြစားမှုရယ် ဘယ်လိုကိုင်တွယ်မလဲဆိုတာ ဘာများလုပ်သင့်လဲ ကိုအောင်သူငြိမ်း ဖြည့်စွက်ပြီးတော့ ဆွေးနွေးပေးပါဦးခင်ဗျ။" ကိုအောင်သူငြိမ်း (နိုင်ငံရေးဆောင်းပါးရှင်) “အထူးသဖြင့်တော့ လူ့အခွင့်အရေးကော်မရှင် ရှိတယ်ပေါ့။ အဲတော့ လူ့အခွင့်အရေး ကော်မရှင်ကို အစိုးရသစ်က ပြန်ပြောင်းဖွဲ့စည်းမယ်ဆိုလည်း ဖွဲ့လို့ရပါတယ်။ နောက်တခုကကျတော့ ကျနော်တို့ ဒီ အန်အယ်လ်ဒီအစိုးရကို ဘာပိုမျှော်လင့်သလဲဆိုတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံတန်ဖိုးတွေကို အလေးထားတဲ့ အစိုးရအဖြစ် ဖြစ်လာမယ်ဆိုတာမျိုး မျှော်လင့်တာပေါ့နော်။ အဲတော့ ချက်ချင်းကြီးတော့လည်း မဖြစ်နိုင်ပါဘူး။ အဲဒီအနေအထားမှာ အနည်းဆုံး လူ့အခွင့်ရေးကော်မရှင်ကို ကျနော်တို့ ပိုပြီးတော့ လူ့အခွင့်အရေးအတွက် စွမ်းစွမ်းတမံ လုပ်နိုင်မယ့်လူတွေနဲ့ ပြန်ဖွဲ့စည်းတာမျိုးပေါ့နော်။ ဒါမျိုးတွေ လိုပါတယ်။ အဲဒါအပြင်မှာ နိုင်ငံတကာ လူ့အခွင့်ရေး စာချုပ်စာတမ်းတွေကို ဘာတွေ လက်မှတ်ထိုးလို့ရမလဲဆိုတဲ့ ကိစ္စမျိုးတွေပေါ့နော်။ အထူးသဖြင့်ဆိုရင် ကျနော်တို့ တချို့ဆွေးနွေးပွဲတွေမှာ ဆွေးနွေးတာတွေ ကြားပါတယ်။ ဥပမာ စီအေဒီပေါ့။ Convention Against Torture ညှဉ်းပန်းနှိပ်စက်မှုကို ဆန့်ကျင်တဲ့ ကျနော်တို့ နိုင်ငံတကာ သဘောတူညီချက်ပေါ့။ ဒါမျိုးတွေကို လက်မှတ်ထိုးဖို့ စဉ်းစားသင့်တဲ့ဟာမျိုးတွေပေါ့နော်။ နောက်တခါကျတော့ ဥပမာ တောင်အာဖရိကမှာဆိုရင် ကျနော်တို့ တွေ့ဖူးတယ်။ Gender ကိစ္စ၊ ကျားမကွဲပြားမှုကိစ္စနဲ့ပတ်သက်လို့ ကော်မရှင် အစိုးရကိုယ်တိုင်က ကမကထလုပ် ဖွဲ့ပြီး လုပ်တာမျိုးပေါ့နော်။ ဒါတွေက တကယ်စဉ်းစားရင် ရေရှည်လုပ်သင့်တဲ့ကိစ္စတွေ။ နောက်တခါ ကျနော်တို့ တောင်ကိုရီးယားမှာ တွေ့ဖူးတယ်။ ကေဒီအက်ဖ်ဆိုတာ ကိုရီးယားဒီမိုကရေစီဖောင်ဒေးရှင်း၊ ဒီမိုကရေစီ ထွန်းကားမြှင့်တင်ပြန့်ပွားရေးပေါ့ဗျာ။ ဒါကို ကမကထလုပ်မယ့် ဖောင်ဒေးရှင်းကို သူတို့ဆီမှာကျတော့ လွှတ်တော်ကနေ ပိုက်ဆံ ရန်ပုံငွေ စိုက်ထုတ်ပေးပြီးတော့ လုပ်စေတဲ့ဟာမျိုးပေါ့။ ဒါမျိုးတွေက ဒီရက် ၁၀၀ အတွင်းတော့ မဖြစ်နိုင်ဘူးပေါ့ဗျာ။ ရေရှည်မှာဆိုရင် လုပ်သင့်တဲ့ ကိစ္စတွေလို့ ထင်ပါတယ်။ နောက်တချက် နည်းနည်းဖြည့်စွက် ပြောချင်တာကတော့ အစိုးရရဲ့ ပွင့်လင်းမြင်သာမှုပေါ့။ အဲတော့ ရက် ၁၀၀ ကာလအတွင်း ကျနော်တို့ကြည့်တော့ တပ်မတော်က သတင်းစာရှင်းလင်းပွဲလုပ်တာ နှစ်ကြိမ်ရှိပါတယ်။ လက်ရှိအစိုးရ ထိပ်သီးခေါင်းဆောင်တွေက သတင်းစာရှင်းလင်းပွဲ ကျနော်တို့ မတွေ့သေးဘူး။ Exclusive Interview ခေါ်တဲ့ သီးသန့် ကိုယ့်မီဒီယာကို ပြောတာမဟုတ်ဘဲ နိုင်ငံတကာက နာမည်ကြီးမီဒီယာတွေနဲ့ Exclusive Interiew ပေါ့။ သီးသန့်တွေ့ဆုံ ဆွေးနွေးတာတွေ အခုချိန်ထိ မရှိသေးဘူးပေါ့။ ဒါမျိုးတွေ ပိုပြီးတော့ ကျနော်တို့ ကြားချင်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဟုတ်ကဲ့ခင်ဗျာ နောက်ဆုံးအနေနဲ့ ကိုဇေယျာသူကို မေးချင်တာကတော့ လုပ်သင့်ရဲ့သားနဲ့ မလုပ်ဘဲကျန်နေတဲ့ အဓိက ဘာတွေများ ရှေ့လျှောက် ရက် ၁၀၀ အရှေ့မှာ ဘာတွေများလုပ်သင့်လဲ၊ နောက်ဆုံး ဖြည့်စွက်ပြောပေးပါဦးခင်ဗျ။" ကိုဇေယျာသူ (တာဝန်ခံအယ်ဒီတာ၊ The Voice Weekly) “အဓိကကတော့ ကျနော်တို့က Planning ထက်စာရင် တကယ် Implementation ပေါ့။ ကျနော်တို့က စီမံကိန်းတွေ ချတာအပြင် နောက်တခုက တကယ်လုပ်ရမယ့်အချိန်ပေါ့။ ရက် ၁၀၀ ဆိုတာကတော့ တကယ်တမ်းတော့ သန္ဓေတည်ပြီးရင် Plan အဆင့်၊ တကယ်တမ်းတော့ ဆုံးရမယ့်အချိန်ဖြစ်တယ်။ ပြီးတဲ့အခါကျတော့ တကယ်လုပ်ရမယ့် အချိန်ဖြစ်တယ်။ တကယ်လုပ်ရမယ့် အချိန်ကျတော့ ကျနော်တို့က လုပ်ရမှာတွေက အင်မတန်မှ ကျနော်တို့များတယ်။ များတဲ့အခါကျတော့ Priority ပေါ့။ ဘယ်ဟာကိုတော့ ကျနော်တို့ အရင်လုပ်မယ်။ ပြီးရင် ကျနော်တို့က ပရိသတ်ကလည်း နှစ်ဘက်ရှိတယ်။ တဘက်မှာက ကိုယ့်နိုင်ငံက ပြည်သူတွေရှိသလို ကျနော်တို့က ပြည်ပအားကို ယူရမှာပေါ့နော်။ ရင်းနှီးမြှုပ်နှံမှုကော နိုင်ငံရေးပိုင်းကော ကျနော်တို့က အားကိုးရမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ ပြည်ပကအမြင်ကိုပေါ့နော်။ ဒါတွေကို ကျနော်တို့က တကယ်လုပ်နေပြီဆိုတာကို ကျနော်တို့က ပြနိုင်ဖို့လိုပါတယ်။ လိုတဲ့အခါကျတော့ တကယ် ဘယ်သူတွေလုပ်နိုင်မလဲ။ အဲဒါတွေကို ကျနော်တို့က ခေါင်းခေါက်ရွေး။ အသက်အရွယ်ပိုင်းအရဆိုရင်လည်း တချို့ဝန်ကြီးတွေက အသက်အရွယ်က နည်းနည်းကြီးနေပြီ။ ကြီးနေတဲ့အခါကျတော့ အခုပြဿနာတွေက တအားများတဲ့အချိန်မှာ သူတို့အနေနဲ့ ကိုင်တွယ်နိုင်ဖို့ ခက်ခဲတယ်ပေါ့နော်။ အဲဒီအခါကျတော့ အကြံပေးလိုဟာမျိုး အစိုးရဌာနထဲကပဲဖြစ်ဖြစ် ဒါမှမဟုတ် အပြင်ကပဲဖြစ်ဖြစ် ကိုယ်ယုံကြည်ရတဲ့လူ၊ ပညာလည်းရှိတယ်လို့ ထင်ရတဲ့လူ၊ အဲလိုလူတွေကို အကူအနေနဲ့ ထားနိုင်ဖို့လိုပါတယ်။ နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်က တကယ့်ဦးနှောက်ပေါ့နော်။ နိုင်ငံတခုလုံးရဲ့ ဦးနှောက်လို ဖြစ်နေတဲ့အခါကျတော့ သူကလည်း သူ့အသက်အရွယ်နဲ့ လုပ်ရမယ့်ဟာတွေက တအားများတယ်။ ၀န်ကြီးဌာနသုံးခုနဲ့က တိုက်ရိုက်ပတ်သက်နေတယ်။ ကျန်တာတွေထဲမှာလည်း သူက ပါနေတဲ့အခါကျတော့ သူ့ဆီက ၀န်ထုပ်ဝန်ပိုးကို ဘယ်လို ကျနော်တို့က ခွဲယူမလဲပေါ့။ တခြားအဖွဲ့တွေကို ခုနလို ယုံကြည်စိတ်ချရတဲ့ ထိပ်တန်းလက်ထောက်တွေကို အသက်အရွယ်အားဖြင့်လည်း သိပ်မကြီးသေးတဲ့သူတွေကိုပေါ့ ဒါ ကျနော်တို့က ခွဲဝေပေးသင့်တယ်။ အဲဒီလိုကျမှပဲ နိုင်ငံက ရွေ့မှာဖြစ်တယ်။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024