Home
ဆောင်းပါး
ဒီမိုကရေစီ အကူးအပြောင်းနှင့် နိုင်ငံရေး ပဋိညာဉ်
DVB
·
December 24, 2015
လက်ရှိအစိုးရမှ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီ အစိုးရသစ်သို့ အာဏာလွှဲပြောင်းပေးမည့် အစီအစဉ်များ စတင်လျက်ရှိပြီ။ ဖွဲ့စည်းပုံပါ အချိန်ဇယား ပြဋ္ဌာန်းချက်များအရမူ လွှဲပြောင်းမှုသည် ၂၀၁၆ မတ်လတွင် အပြီးသတ်မည် ဖြစ်၏။ ဤတွင် ယခု အလွှဲအပြောင်း (transfer of power) နှင့် ပြီးခဲ့သည့် ၄-၅ နှစ်လုံးလုံး ကျနော်တို့ ပြောဆိုလာခဲ့ကြသည့် ဒီမိုကရေစီ အကူးအပြောင်း (democratic transition) တို့ကို ဆက်စပ် စဉ်းစားမိ၏။ အဓိကက အာဏာလွှဲပြောင်းမည့် အဆင့်ထိ ဆိုက်ရောက်လာသော အနေအထားနှင့် လွှဲပြောင်းပြီးလျှင် ကျနော်တို့သည် ဒီမိုကရေစီ ခရီးလမ်း၏ မည်သည်နေရာလောက်ဆီ ရောက်ရှိမည်နည်းဟူသော အချက်တို့ကို သုံးသပ် ချင့်တွက်လိုခြင်း ဖြစ်၏။ သည်အတွက်၊ နောက်ဘက်ကို အတန်အသင့် ပြန်ကြည့်သော်၊ သည်တိုင်းပြည် ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ကျနော်တို့ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ကြ၏။ စောစောပိုင်းကာလများကို ကျော်လွှားပြီး များမကြာမီကကို ကြည့်လျှင်၊ ၂၀၀၈ မှာ နအဖ အစိုးရက ဖွဲ့စည်းပုံတရပ်ကို ပြဋ္ဌာန်း၏။ ၎င်းဖွဲ့စည်းပုံတွင် ဒီမိုကရေစီဆိုတာ ပါလာသည်။ သို့သော် အများပြည်သူ စိတ်မ၀င်စားခဲ့။ တနည်းတဖုံ တီထွင်လာပြန်ခြင်းပဲဟုသာ သဘောထားကြ၏။ ရှေးအစဉ်အဆက်ကလည်း ခေါင်းစဉ်အမည်အမျိုးမျိုး ပြောင်းသည့်တိုင် ၎င်းတို့ပင် အုပ်စိုးသည်ဖြစ်ရာ အရပ်က မယုံကြည်ခြင်းသည် အံ့သြစရာမရှိ။ သို့သော် နိုင်ငံရေး သုတေသီအချို့ကမူ ဒါသည် စစ်အစိုးရအနေဖြင့် ၎င်းတို့၏ အုပ်စိုးမှုအပေါ် သိမှတ်လက်ခံမှု တစုံတရာ ရရှိလာအောင် ကြိုးပမ်းခြင်းဖြစ်သည်ဟု ရှုမြင်ကာ၊ တကယ် လက်တွေ့တွင် (သို့မဟုတ် နောင်တနေ့တွင်) ဘယ်အတိုင်းအတာအထိ သွားမည် မသိသော်လည်း စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီဘက်သို့ ရှေးရှုသည့် အကူးအပြောင်းတခု စတင်လိုခြင်းဖြစ်သည် ဟူ၍ကား မှတ်ယူခဲ့ကြသည်။ ဒါကို ယုံသူတို့ ယုံပြီး၊ အများက မယုံကြည်ကြ။ ၂၀၁၀ မှာ ရွေးကောက်ပွဲ ကျင်းပသည့်အခါ ယုံချင်သူတချို့ ၀င်ပါကြ၏။ ၁၉၉၀ က အလိမ်ခံရဖူးသူ အများစုကတော့ နောက်တကြိမ် အလိမ်ခံလျှင် လိမ်သူအပြစ်မဟုတ်၊ အလိမ်ခံသူအပြစ် ဖြစ်လိမ့်မည်ဟု ရှုမြင်ကာ ၎င်းရွေးကောက်ပွဲကို ရှောင်ခဲ့ကြသည်။ စင်စစ် ပါတီစုံ ရွေးကောက်ပွဲဟုဆိုကာ ပြိုင်ပွဲဝင်ကြရန် ဖိတ်ခေါ်ကြသော်လည်း ဘယ်သူဘယ်ဝါ ပါမရအောင် ကန့်သတ် တားဆီးချက်တွေ ပါရှိနေရာ အနိုင်ရနိုင်သူတို့ကို ဖယ်ထားပြီးမှ ပြိုင်ပွဲကျင်းပခြင်းဟုလည်း ဆိုနိုင်သည်။ ထို့ကြောင့် ၎င်းတို့ပင် အနိုင်ရခဲ့၏။ ထို့ကြောင့် ထိုရွေးကောက်ပွဲမှ တက်လာသည့် အစိုးရဆိုတာကို လူထုက ပြည်သူ့ကိုယ်စားလှယ် အစိုးရဟု လက်ခံနိုင်ဖို့ ခဲယဉ်းခဲ့၏။ ၎င်းတို့က လူမပြောင်းသော်လည်း မူပြောင်းပါမည်ဟု ဆိုခဲ့၏။ လူထုကလည်း ၎င်းတို့ ရှိနေသရွေ့ အပြောင်းအလဲ မဖြစ်နိုင်ဟုပင် ယုံကြည်ခဲ့ကြ၏။ သို့သော် ထိုအနေအထားမှာပင် ၂၀၁၁ အစိုးရသည် မူပြောင်းသော အလုပ်တချို့ကို တကယ်လုပ်ခဲ့ပါ၏။ စာနယ်ဇင်းလွတ်လပ်ခွင့်၊ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် စသည်များ လုပ်ကိုင်ခွင့်ပေးခဲ့ခြင်း ဖြစ်၏။ ဒီမိုကရေစီ အကူးအပြောင်းဗေဒ ပါရဂူတို့ကတော့ ဒါကို အကူးအပြောင်း၏ ပထမအဆင့်ဖြစ်သော လွတ်လပ်ခွင့်များ စတင်ဖွင့်လှစ်သည့် (liberalization) အဆင့်ဟု ဆိုကြ၏။ အခြေခံရပိုင်ခွင့် လွတ်လပ်ခွင့်များ ကျင့်သုံး ခံစားခြင်းကို အတိုင်းအတာ အကန့်အသတ်ဖြင့် ပေးပြီး၊ အကန့်အသတ် ကျော်သည်ထင်လျှင် ရရာနည်းဖြင့် ပြန်လည် ထိန်းချုပ်ခြင်းတို့ကိုလည်း မြင်ခဲ့ရ၏။ မည်သို့ဖြစ်စေ၊ ၂၀၁၀ တွင် တဦးတည်း (လိုလို) ပြိုင်ဆိုင် အနိုင်ရခဲ့သော လက်ရှိ အစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံပါ ရွေးကောက်ပွဲဖြင့် တင်မြှောက်သော အစိုးရစနစ်ကို ဆက်လက် ကျင့်သုံးရန် စီမံခဲ့သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့်အခါတွင် အတိုက်အခံ အန်အယ်လ်ဒီပါတီကိုပါ (ထောက်ခံအင်အား စမ်းသပ်သည့် သဘောလား၊ မိမိတို့၏ ဒီမိုကရေစီ ကူးပြောင်းမှု အစီအစဉ်ကို အများယုံကြည် လက်ခံစေလိုသော သဘောကြောင့်လား မသိ) ယခင် ဟန့်တားထားသည့် စည်းမျဉ်းများကို ဖယ်ရှားကာ ရွေးကောက်ပွဲ ၀င်ခွင့်ပေးခဲ့သည်။ ကြားဖြတ်တွင် ၎င်းတို့ အပြတ်အသတ် ရှုံးသောအခါ၊ သည်အတိုင်းဆိုလျှင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း ၎င်းတို့ အလားတူပင် ရှုံးနိမ့်လိမ့်မည်ဟု အများက ရှုမြင်ခဲ့သည်။ ဤတွင် နိုင်ငံရေး သုတေသီအချို့က အကယ်၍ အန်အယ်လ်ဒီ အပြတ်အသတ် နိုင်ခဲ့သော် အာဏာလွှဲပြောင်းရေးတွင် ပြဿနာရှိလိမ့်မည်၊ ထို့ကြောင့် ရွေးကောက်ပွဲမတိုင်မီ စောစီးစွာကပင် နှစ်ဘက် ညှိနှိုင်း သဘောတူညီမှုများ (political pact) ရယူထားသင့်သည်ဟု ဆိုခဲ့ကြသည်။ ရွေးကောက်ပွဲ အကြိုကာလက အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၄ ပွင့်ဆိုင် တွေ့ဆုံပွဲ တောင်းဆိုခဲ့ခြင်းသည် ထိုအတွက် ဖြစ်မည်ဟု မှတ်ယူရသည်။ သို့သော် အာဏာလက်ရှိ ပုဂ်္ဂိုလ်တို့က ငြင်းဆန်ခဲ့သည်။ ဤတွင် အဓိက အချက်သည် အာဏာလက်ရှိတို့ အနေဖြင့် အန်အယ်လ်ဒီသည် ၂၀၁၅ ၌ ကြားဖြတ်တုန်းကလောက် အနိုင်မရနိုင်၊ မိမိတို့ပင် ဆက်၍ အစိုးရဖွဲ့နိုင်ခြေရှိသည်ဟု ယုံကြည် (သို့မဟုတ် မျှော်လင့်ချက်ထားသေး) သောကြောင့် ဖြစ်လိမ့်မည်ဟု ယူဆသည်။ ရွေးကောက်ပွဲကျင်းပ၍ အပြတ်အသတ် ရှုံးပြန်သောအခါ အာဏာ အလွှဲအပြောင်းအတွက် မလွဲမသွေ ညှိနှိုင်းရမည့် အနေအထား ရောက်လာသည်။ ထို့ကြောင့် ယခုလပိုင်းအတွင်း တွေ့ဆုံမှုတွေ ဆက်တိုက် ပြုလုပ်လာရခြင်း ဖြစ်သည်။ သည်တွေ့ဆုံမှုများမှ ဘာသဘောတူညီချက်တွေ ရခဲ့သနည်း။ သို့မဟုတ် ဘာတွေ ညှိနှိုင်း သဘောတူညီခဲ့ကြသနည်း။ ယခု သေသေချာချာ မြင်ရတာ တခုကတော့ အစိုးရသစ်သို့ အာဏာလွှဲပြောင်းမှုပြုမည်၊ အဲဒါကို နောင်အတွက် ထုံးစံဖြစ်အောင်ပင် စနစ်တကျ သေသေချာချာ လုပ်မည်ဆိုတာ ဖြစ်သည်။ အဲသည်အတွက် အန်အယ်လ်ဒီဘက်က ဘာတွေလိုက်လျော သဘောတူခဲ့သလဲဆိုတာ ပီပီသသ မသိရသေး။ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေးကို အလေးပေး ပြောဆိုထားသဖြင့် အစိုးရဖွဲ့လျှင် အာဏာလက်ရှိအုပ်စုမှ ပုဂ်္ဂိုလ်တချို့လည်း ပါဝင်နိုင်သည် ဆိုတာမျိုး ပြောဆိုနေကြတာသာ ကြားရသေးသည်။ သို့သော် သည်ကြားထဲ ထွက်ပေါ်လာသည့် သတင်းတခုက ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် မရှိအောင် တားဆီးထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့ပေးထားမည်ဟူသော အချက်ဖြစ်သည်။ အဲဒါသည် pact ထဲတွင် ပါလာမည်လား။ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်ကို ဆိုင်းငံ့၍ ရမရ ဆိုတာနှင့် စပ်လျဉ်း၍ ရှုထောင့်အမျိုးမျိုးမှ ပြောဆိုနေကြတာတွေ ရှိသည်။ တချို့က ဖြစ်နိုင် မဖြစ်နိုင် ငြင်းခုံကြသည်။ အချို့က ဖြစ်သင့် မဖြစ်သင့် သုံးသပ် ဝေဖန်ကြသည်။ အကူးအပြောင်း ဗေဒသုတေသီတို့ကတော့ အကူးအပြောင်းကာလဟူသည် နိုင်ငံရေး အနေအထား ပြောင်းသလို စည်းကမ်းကလနား သတ်မှတ်ချက်များလည်း ပြောင်းလဲသွားတတ်သော ကာလမျိုး ဖြစ်သည်၊ တည်ဆဲ နိုင်ငံရေး အဆောက်အအုံ၏ သတ်မှတ်ချက်များက ပကတိ နိုင်ငံရေးဘ၀နှင့် မညီမညွတ်ဖြစ်လာလျှင် ယင်းကို ညှိနှိုင်းပြင်ဆင်ဖို့ လိုလာမည်၊ ထို့ပြင် ယာယီညှိနှိုင်း ဖြေရှင်းမှုတခုသည်လည်း နောင်တွင် ပုံမှန် ထုံး-စံ တခု ဖြစ်သွားနိုင်သည်၊ စသဖြင့် ဆိုကြသည်။ သည်သဘောအရမူ ၅၉(စ) သည်လည်း သက်ဆိုင်သူတို့ ညှိနှိုင်းပြေလည်ကာ ယခု ဆိုင်းငံ့၍ နောင် ပြင်ဆင်ရန် သဘောတူသော အချက်တချက် ဖြစ်ကောင်း ဖြစ်လာနိုင်သည်။ အဲဒါဆိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံဖြင့် စတင်သည်ဟု ဆိုပြီး ၂၀၁၁ တွင် တက်လာသော အစိုးရက တရားဝင် ကြေညာခဲ့သည့် ဒီမိုကရေစီ အကူးအပြောင်းသည် ၂၀၁၆ မှာပင် အတော် ရုပ်လုံးပေါ်အောင် ခရီးပေါက်သွားသည်ဟု ဆိုရလိမ့်မည်။ ခရီးပေါက်သည်ဆိုရာ၌ ၂၀၀၈ ဖွဲ့စည်းပုံ၏ အရေးကြီးသော အကန့်အသတ်ဘောင် တခုကို ကျော်လွှားနိုင်သော အတိုင်းအတာအထိ ရောက်ရှိသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သည့်ထက် ရှေ့သို့ တိုးတက်ကာ ဒီမိုကရေစီ ပြည့်ဝသော အနေအထားသို့ ရောက်ရှိရန်မူ လွှတ်တော်များ၌ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များချည်း တည်ရှိရန်အတွက် တပ်မတော်နှင့် ညှိနှိုင်း ဆွေးနွေးအဖြေရှာသွားဖို့ လိုအပ်မည်။ သည်ကိစ္စတွင် ဆက်စပ်နေသည့် အရေးကြီးသော ပြဿနာတခု ရှိသည်။ အဲဒါက ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း စတင်ဆောင်ရွက်ခဲ့ကြသည့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများနှင့် မကြာမီ စတင်မည်ဆိုသည့် နိုင်ငံရေးဆွေးနွေးပွဲများ ချောမွေ့အောင်မြင် ပြီးမြောက်ပြီးနောက်တွင်သာ ကျနော်တို့တိုင်းပြည်သည် ဒီမိုကရေစီ ပြည့်ဝသော နိုင်ငံအဖြစ်သို့ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။ ဖေမြင့် (ပြည်သူ့အရေးဂျာနယ်၊ အတွဲ - ၂၊ အမှတ် - ၆၆၊ ဖေမြင့် ဆောင်းပါးကို ခွင့်ပြုချက်ဖြင့် ဖော်ပြသည်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024