Home
မြန်မာသတင်း
အိပ်ခ်ျအိုင်ဗွီနှင့်ပတ်သက်ပြီး အသိပညာပေးသည့် လုပ်ငန်းများ နည်းလာ
ပိုင်စိုး
·
September 30, 2015
p6
p5
p4
p3
p2
p1
p
နှစ်ကာလရှည်ကြာလုပ်လာတာကြောင့် ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဒီနှစ်ပိုင်းမှာ အိပ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်ပြီး အသိပညာပေးတာကို လျှော့လာကြတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ အိပ်ခ်ျအိုင်ဗွီကူးစက်ခံရနှုန်းကတော့ သိသိသာသာ လျော့သွားတယ်လို့ ပြောမရသေးပါဘူး။ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံက အရွယ်ရောက်ပြီးသူတွေထဲမှာ အိပ်ခ်ျအိုင်ဗွီ အသစ်တိုး ကူးစက်ခံရသူ ၉၀၀၀ ၀န်းကျင် ရှိတယ်လို့ ကုလသမဂ္ဂ စာရင်းတွေ ကဆိုပါတယ်။ “ဆေးတွေတော့ပေးတယ်။ ကာကွယ်ရေးပိုင်းမှာ နည်းလာတယ်။ အစိုးရကလည်းနည်းတယ်။ INGO တွေကတော့ မပါမဖြစ် ခေါင်းစဉ်တစ်ခုအနေနဲပပဲ ထည့်တော့တယ်။ အရင်ကလောက် မလုပ်ကြ တော့ဘူး။ ၁၉၉၇ လောက်ကလို လှုပ်ရှားတာမျိုးမရှိတော့ဘူး။ ဒီကိစ္စကို လုပ်တာ ကြာလာတာကြောင့် မျိုးဆက်ပွားကျန်းမာရေးတို့လို ကိစ္စတွေဘက်ရွှေ့သွားတယ်”လို့ Myanmar Positive Group ရဲ့အကြံပေးပုဂ္ဂိုလ် ကိုဗညားဦးက ဒီဗွီဘီကို ပြောပါတယ်။ အိပ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်ပြီး ပညာပေးတာ၊ ကူညီတာတွေ အားကောင်းတဲ့ မန္တလေးမှာတောင် တစ်နှစ်မှ နှစ်ကြိမ်၊ သုံးကြိမ်လောက်ပဲ လှုပ်ရှားပညာပေးတာရှိတော့တယ်လို့ သူက ဆက်ပြော ပါတယ်။ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရခြေများတဲ့သူတွေကတော့ ဆေးထိုးအပ်နဲ့ မူးယစ်ဆေးသွင်းသူတွေ၊ အမျိုးသမီးလိင်လုပ်သားတွေနဲ့ အမျိုးသားချင်း လိင်ဆက်ဆံသူတွေပါ။ သူတို့အတွက် ခဏ နားခိုရာစခန်းတွေလုပ်ပေးဖို့ခက်ခဲတာနဲ့ ဒဏ်ခတ်တဲ့ ဥပဒေတွေက သူတို့ရဲ့ ပတ်ဝန်းကျင်မှာ အသိပညာပေးဖို့ခက်ခဲစေတယ်လို့ ကူညီနေသူတွေက ဆိုပါတယ်။ Myanmar Positive Group က ဒုတိယဥက္ကဋ္ဌ စိုင်းဟတ်ခေးက “ဦးတည်အုပ်စုတွေ တူရာတူရာတော့ အလုပ်လုပ်ကြတယ်။ ဒါပေမယ့် ထိရောက်မှုတော့ နည်းတယ်။ ဘယ်လိုဖြစ်နေလဲဆိုတော့ အရင်ကလည်း ဒီလိုပုံစံပဲ ပညာပေးတယ်။ ခုလည်း ဒီလိုပဲ။ ဆန်းသစ်ဖို့တော့ လိုမယ်။ အဲဆိုရင် လူတွေ စိတ်ဝင်စားလာပြီး အမူအကျင့်တွေ ပြောင်းလာမယ်။ အမူအကျင့်တွေ ပြောင်းလာရင် ကူးစက်နှုန်းလျော့သွားမယ်” လို့ ပြောပါတယ်။ ကုလသမဂ္ဂစာရင်းတွေအရ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီနဲ့ နေထိုင်သူ နှစ်သိန်း တစ်သောင်းကျော်ရှိပြီး တစ်ရက်ကို ၂၃ ယောက်နှုန်း အသစ်တိုး ကူးစက်ခံနေရတာဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024