
ငလျင်လှုပ်ခတ်ပြီးနောက် မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်း ငလျင်ကြီး မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့ပါတယ်။ DVB သတင်းဌာနအနေနဲ့ ငလျင်လှုပ်ခတ်ပြီးကာလအတွင်း မြေပြင်အခြေအနေတွေကိုသာမက စစ်တပ်က ကျူးလွန်နေဆဲဖြစ်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုလည်း မှတ်တမ်းပြုစုလျက်ရှိပါတယ်။ "Aerial Attacks by the Military Regime Since the Earthquake" (ငလျင်လှုပ်ခတ်ပြီးနောက် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများ) ခေါင်းစဉ်နဲ့ ပြုလုပ်ထားတဲ့ အခုဒက်ရှ်ဘုတ်ဟာ DVB Data Team က Tableau ဆော့ဖ်ဝဲလ် အသုံးပြုပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တဲ့ ဖြစ်စဉ်တွေကို လွတ်လပ်တဲ့ သတင်းဌာနတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကို စိစစ်ပြီး မှတ်တမ်းပြုစု တည်ဆောက်ထားတာ ဖြစ်ပါတယ်။
အခုဒက်ရှ်ဘုတ်မှာ စစ်တပ်သုံး လေယာဉ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ၊ မောင်းသူမဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုတွေအပြင် စက်တပ်လေထီးနဲ့ ဂျိုင်ရိုကော်ပတာ အသုံးပြုပြီး တိုက်ခိုက်မှုတွေ ပါဝင်ကာ အရပ်သား သေဆုံးထိခိုက်မှုနဲ့ အခြေခံအဆောက်အအုံတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေကိုလည်း ဖော်ပြထားပါတယ်။
အခုဒက်ရှ်ဘုတ်ကို သတင်းသမားများ၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူများ၊ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မှတ်တမ်းပြုစုနေသူများနဲ့ ပြည်သူတွေအတွက် သတင်းအချက်အလက်တွေ ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ရရှိနိုင်သမျှ သတင်းအချက်အလက်တွေကို အခြေခံပြီး ပြုစုထားပေမဲ့ ဖြစ်စဉ်အားလုံးကို မှတ်တမ်းတင်နိုင်ဖို့ အခက်အခဲရှိတာကို ဂရုပြုသင့်ပါတယ်။ အခုဒက်ရှ်ဘုတ်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေဟာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တဲ့ အကြိမ်ရေကို ရေတွက်ထားတာမဟုတ်ဘဲ ဖြစ်စဉ်ကိုသာ ရေတွက်ထားတာ ဖြစ်ပါတယ်။
အခုဒက်ရှ်ဘုတ်ရဲ့ ပထဝီဝင်ဆိုင်ရာ အချက်အလက်တွေကို မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ် (MIMU) ထံကနေ အသုံးပြုထားပါတယ်။

